Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, October 28, 2008

တက်စ်လီမာ နက်စ်ရင်းနဲ့ သူမကဗျာ


တက်စ်လီမာ နက်စ်ရင်း(Taslima Nasreen) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးရေးလှုပ်ရှားသူ ကဗျာဆရာမပါ။ သူမဟာ ဆေးပညာကို လေ့လာပြီး ဒက္ကာဆေးရုံက သားဖွားမီးယပ်ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆေးပညာကို လေ့လာသင်ယူနေစဉ်မှာ သူမဟာ အမျိုးသမီးရေးဝါဒရေးရာ ဆောင်းပါးတွေ ရေးသားခဲ့သလို ကဗျာနဲ့ ၀တ္တုတွေကိုလည်း ရေးသားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ အရှက်တရား (Shame) ဆိုတဲ့ စာအုပ်ပါ စကားရပ်တွေက မွတ်စလင်နဲ့ ဟိန္ဒူတွေကြားမှာ တင်းမာမှုတွေ ဖြစ်စေခဲ့တာကြောင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဥရောပပါလီမန်က လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ ဆခါရော့ဗ်ဆုကို အပ်နှင်းခဲ့ပါတယ်။


သူမရဲ့ စကားလုံးတွေကြောင့် ရှေးရိုးစွဲဝါဒီတွေက သေဒဏ်ပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။ နက်စ်ရင်းဟာ ဘင်္ဂလားဒေ့ရှ်ကနေ တိတ်တဆိတ်ထွက်ခွာပြီး ဆွီဒင်နိုင်ငံမှာ ခိုလှုံနေရပါတယ်။ ၂၀၀၄ ခုနှစ်မှ ယူနက်စ်ကိုက အပ်နှင်းတဲ့ သည်းခံစိတ်ရှည်မှုနဲ့ အကြမ်းမဖက်မှုအတွက် အပ်နှင်းတဲ့ မန်ဒါဂျစ်ဆင်း ပညာသင်ဆုကို ရရှိပြီး အမေရိကန်နိုင်ငံမှာ သုတေသနလုပ်နေပါတယ်။

အခု သူမရဲ့ `ဒေါင်ရီ´ဆိုတဲ့ ကဗျာလေးကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ ဒေါင်ရီဆိုတာက တောင်အာရှနိုင်ငံတွေမှာ လက်ထပ်မင်္ဂလာပွဲကျင်းပရင် သတို့သမီးဖက်က သတို့သားကို တင်တောင်းရတဲ့ ငွေကြေးဖြစ်ပါတယ်။ ဒီကဗျာဟာ အမျိုးသမီးရေးဝါဒ၊ အမျိုးသမီးအခွင့်အရေး၊ ဘာသာရေးအယူသည်းမှုတွေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖော်ပြထားတဲ့ အမျိုးသမီးတို့ရဲ့အကြောင်း (All about Women) ဆိုတဲ့ ကဗျာစာအုပ်ထဲက ဖြစ်ပါတယ်။

ဒေါင်ရီ


သမီးငယ်ရဲ့ လက်ထပ်မင်္ဂလာကြေးရရှိဖို့
ဆာမီရမ် မန်ဒဲလ်ဟာ သူရဲ့ လယ်ယာသီးနှံတွေကို ရောင်းချခဲ့တယ်။
ဒါပေမယ့် မလောက်ငပါဘူး။
နောက် အိမ်ကို ရောင်းလိုက်တယ်။
မလောက်သေးပါဘူး။
`ကျန်တဲ့ငွေတွေကို နောက်တော့ပေးပါမယ်´ဆိုတဲ့ ကတိနဲ့
သူဟာ သူ့သမီးကို ယောက်ျားပေးစားလိုက်တယ်။

သတို့သမီးငယ်ဟာ နေ့စဉ် ကျိန်ဆဲခံရတယ်။
ပါးကိုရိုက်တယ်၊ ကန်ကျောက်ခံရတယ်။
နောက် ကြိမ်နဲ့လည်း ရိုက်ခံရတယ်။
သူမ ဥယျာဉ်ထဲက ပန်းပွင်းလေးတွေဟာ ညှိုးနွမ်းကြွေကျခဲ့ပြီး
ဆူးတွေပဲ ပွင့်လာခဲ့ရတယ်။

ဒီလိုနဲ့ တနှစ်ကျော်လာခဲ့တယ်။
`ကျန်တဲ့ ဒေါင်ရီငွေကို ဘာကြောင့် မပေးသေးတာလဲ ဆာမီရမ်´။
`စုထားတဲ့ ငွေပြည့်ခါနီးပါပြီ။ ခဏလေးစောင့်ပါ။ ကျနော့်ကို အချိန်နည်းနည်းပေးပါ´။

ဒါပေမယ့် အချိန်က နှောင်းသွားပြီ။
ဒေါင်ရီငွေနောက်ကျတာကြောင့်
သတို့သားက သတို့သမီးကို ဓားနဲ့ ခုတ်သတ်လိုက်တယ်။
ဆာမီရမ်ဟာ စကားတခွန်းမှ မဟနိုင်ဘူး။
ရှက်ရွံ့ စိတ်နဲ့ ခေါင်းငုံ့နေရတယ်......။

တက်စ်လီမာ နက်စ်ရင်း


(ချိုးလင်းပြာအမျီုးသမီးစာစောင်မှ)

ဆက်ရန်...

အမေ့သားလေး အရှင်ဂမ္ဘီရသို့


သားရှိနေတဲ့ အင်းစိန်ထောင်ကို
အမေတို့ ရောက်လာခဲ့တယ် သားရေ....။
သားကို အမေ သိပ်တွေ့ချင်ပါတယ်။
တွေ့ခွင့်မရခဲ့ဘူးကွယ်။
အမေ ထောင်အုတ်တံတိုင်းကြီးတွေကို ကြည့်ပြီး
သားတို့နဲ့ အမေ့ကို ဒီထောင်အုတ်တ့တိုင်းကြီးတွေက
ခြားထားတာပဲ ဆိုပြီး
အုတ်တံတိုင်းကြီးတွေနဲ့ အမေစကားပြောခဲ့တယ်။


`အမေ့ကို ဘာဖြစ်လို့ အမေ့သားလေးတွေနဲ့ ခြားထားတာလဲ။
သားတွေနဲ့ တွေ့ပါရစေ။ အဝေးကြီးကနေ လာရတာမို့ပါ။
ခဏလေးဖြစ်ဖြစ် တွေ့ပါစေ´ဆိုတော့
သူတို့က ဘာမှ ပြန်မပြောဘူးသားရယ်။

သားရယ်၊ သားအဖေရယ်၊ သားအစ်ကိုကြီးရယ်
အမေနဲ့ နီးနီးလေးမှာ ရှိနေရက်နဲ့
အမေ သားတို့ကို မတွေ့ခဲ့ရဘူး။

အမေလေ အဲဒီအချိန်လေးမှာ
ဒေးဗစ်ကော်ပါဖီး ဖြစ်ချင်တယ်။
သူက မီးရထားကြီးတွေ၊ ကားကြီးတွေတောင်
ဖျောက်နိုင်တယ်ဆိုတော့
ထောင်အုတ်တံတိုင်းကြီးတွေကိုလည်း
ဖျောက်နိုင်မှာပဲနော်။

အမေလေ အဲဒီအချိန်မှာ
စူပါမင်းလည်း ဖြစ်ချင်တယ်။
အမေသာ စူပါမင်းရဲ့ စွမ်းအားတွေ ရမယ်ဆိုရင်ဖြင့်
ထောင်အုတ်တံတိုင်းကြီးတွေကို ကျော်ပြီး
တိတ်တိတ်လေး သားတို့ကို လာပြီးတော့ တွေ့နိုင်မှာ။

အမေလေ သိကြားမင်းကြီးလည်း ဖြစ်ချင်တယ်။
အမေသာ သိကြားမင်းကြီးဖြစ်ခဲ့ရင်
သိကြားမင်းရဲ့ တန်ခိုးက္ကုဒ္ဓိပါဒ်တွေနဲ့
သားတို့ကို လာပြီးတွေ့မယ်။
ပြီးတော့ ကယ်ထုတ်မယ်လေ။

အခုတော့ အမေဟာ
ဒေးဗစ်ကော်ပါဖီးလည်း မဟုတ်..
စူပါမင်းလည်း မဟုတ်...
သိကြားမင်းကြီးလည်း မဟုတ်တဲ့အတွက်
အမေ သားတို့ကို တွေ့ချင်ရက်နဲ့ မတွေ့နိုင်ခဲ့ဘူး။
ထောင်အုတ်တံတိုင်းကြီးတွေကို ကြည့်ပြီး
အမေ ငိုခဲ့ရပါတယ်။

သားရယ်၊ သားအစ်ကိုကြီးရယ်၊ သားအဖေရယ်ကို
အမေ တွေ့ချင်လွန်းလို့ လာခဲ့ရပေမယ့်
သားတို့မျက်နှာလေးတွေကို အမေ မမြင်ခဲ့ရဘဲ
ပြန်ခဲ့ရပါတယ် သားရယ်။
ထောင်အုတ်တံတိုင်းကြီးတွေကို ပြောခဲ့သေးတယ်။
`နောက်တခါ ကျမလာရင်တော့
ကျမသားလေးတွေကို ကျမ တွေ့ပါရစေနော်၊
အခုတော့ ကျမ ပြန်လိုက်ပါဦးမယ်´......။

စက်တင်ဘာရွှေဝါရောင်တွေလှန်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသော အရှင်ဂမ္ဘီရအတွက် မိခင် ဒေါ်ရေးမှ ရေးဖွဲ့ထားသော ကဗျာဖြစ်ပါသည်။ ကဗျာကို ဒီဗွီဘီ အင်တာနက်စာမျက်နှာမှ ပြန်လည်ဖော်ပြထားပါသည်။

ဆက်ရန်...

Tuesday, October 21, 2008

ပန်းတပွင့်ရဲ့ အံတုမှု



မိန်းမတယောက်မှာရှိတဲ့ လက်နှစ်ဖက်
ဘ၀ရဲ့ အဓိက အနှစ်သာရကို
မြဲမြံတင်းကြပ်စွာ
ဆုပ်ကိုင်ထားဖို့ဖြစ်တယ်။

သူမရဲ့ ခေါက်တုံ့ခေါက်ပြန်ပြေးနေတဲ့
အကြောအချဉ်တွေဟာ
ခန္ဓာကိုယ်ရဲ့ အဓိကတာဝန်ကို ယူတယ်။
နှစ်ဖက်လှ ပိုးထည်စတွေကိုပဲ
အာသာငမ်းငမ်း မက်မောနေဖို့ မဟုတ်ဘူး။

မိန်းမတယောက်မှာရှိတဲ့ ခြေထောက်နှစ်ချောင်း
ရည်မှန်းချက်ရှိရာ
လှေကားထစ်တွေပေါ် တက်လှမ်းဖို့ဖြစ်တယ်။
အခိုင်အမာ ခြေစုံမတ်မတ် ရပ်ဖို့ဖြစ်တယ်။
တခြားသူကို မှီထားဖို့မဟုတ်ဘူး။

မိန်းမတယောက်မှာရှိတဲ့ မျက်လုံးများ
ဘ၀သစ်ကို ရှာဖွေဖို့ဖြစ်တယ်။
ကမ္ဘာကြီးထဲ
ဝေးဝေးနဲ့ ကျယ်ကျယ်ကြည့်ဖို့ဖြစ်တယ်။
ယောက်ျားတွေကို
ဖြားယောာင်းဖို့၊ မြူဆွယ်ဖို့ မဟုတ်ဘူး။

မိန်းမတယောက်မှာရှိတဲ့ နှလုံးသား
မပြောင်းမလဲ အမြဲတောက်ပ၀ံ့ကြွား
ခွန်အားဟူသမျှ သိုမှီးထား
ပြီးပြည့်စုံတဲ့လူသား။

မိန်းမတယောက်ရဲ့ဘဝ
အမှားအယွင်းတွေကို
အကြောင်းအကျိုးနဲ့ ချေဖျက်
လွတ်လပ်တဲ့ လူပုဂ္ဂိုလ်ရဲ့ တန်ဖိုးဆိုတာ
တခြားသူတွေကို တဏှာရာဂ တိုက်ကျွေးဖို့မဟုတ်ဘူး။

ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေရှိတယ်။
ပန်းပွင့်ရုံသက်သက်နဲ့
ချစ်ကြိုက်ပိုးပန်းမယ့်သူကို
စောင့်မျှော်ရုံသက်သက်မဟုတ်ဘူး။
ဒါပေမယ့်
ကမ္ဘာမြေဖွံ့ဖြိုးရေး
ပန်းတွေပွင့်စေရေး
ရင်းနှီးမှုဟူသမျှ
ကြိုဆိုကြရမှာပဲ ဖြစ်ပေတယ်......

(ချီရာန် ပစ်ပရီချား)

ထိုင်းကဗျာဆရာမ ချီရာနန် ပစ်ပရီချား


ထိုင်းအမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူဖြစ်ပါတယ်။ အမျိုးသမီးရေးဆိုင်ရာ ရှေ့ နေတဦးလည်း ဖြစ်ပါတယ်။ ၁၉၅၅-ခု၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရွန်ပြည်နယ်မျာ မွေးဖွားခဲ့ပြီး အသက် (၁၃) နှစ်မှာ ကဗျာတွေ စတင်ရေးခဲ့ပါတယ်၊

ကြီးပြင်းတဲ့အခါ ဘန်ကောက်မြို့ ၊ `ချူလာလောင်ကွန်းတက္ကသိုလ်´မှာ သိပ္ပံကျောင်းသူတဦးအဖြစ် ကျောင်းတက်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၇၃-ခု၊ အောက်တိုဘာ (၁၄) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းမှာ တက်ကြွတဲ့ ကျောင်းသူတဦးအဖြစ်၊ ကျောင်းသားထုရဲ့ အရေးပါတဲ့ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၇၆-ခု၊ အောက်တိုဘာလ၊ နိုင်ငံရေး ဗရုတ်ဗရက်ကာလအတွင်း တောတွင်းတနေရာကို ရှောင်တိမ်းခဲ့ရပါတယ်။ ၁၉၇၈-၁၉၇၉-ခု၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးမှ ၁၉၈၁-ခု၊ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံ `ကော်နဲတက္ကသိုလ်´မှာ သမိုင်းဘာသာဘွဲ့ ရဖို့ ကျောင်းဆက်တက်ပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာပြီးတဲ့နောက်ပိုင်း ကဗျာတွေရေးရင်း ဒေါက်တာဘွဲ့ ရဖို့ ကျမ်းပြုစုခဲ့ပါတယ်။

၁၉၈၉-ခုနှစ်မှာ `ပျောက်ဆုံးနေတဲ့သစ်ရွက်´ ကဗျာစာအုပ်နဲ့ အရှေ့ တောင်အာရှ စာပေဆုရခဲ့ပါတယ်။ ထိုင်းကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ `ဆက်စန် ပရာဆပ်ကူ´နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။

အခု ချီရာနန် ပစ်ပရီချားရဲ့ (The Defiance of A Flower) ကဗျာကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။

ကဗျာဆရာမ `ချီရာနန် ပစ်ပရီချား´ ဟာ `ပန်းတပွင့်ရဲ့ အံတုမှု´ ကဗျာကို ထိုင်းဘာသာနဲ့ပဲ ရေးခဲ့တာပါ။ ဒါကို `ဆူချစ်ဘင်ယိုယင်း´ က အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး ဒီအင်္ဂလိပ်ဘာသာပြန်ကိုမှ ထပ်ဆင့်ပြီး မြန်မာဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။ ဒီကဗျာဟာ `ထိုင်းက္ကုတ္တိဝါဒ ကြေညာစာတမ်း´တခုအဖြစ် တင်စားပြောဆိုခြင်း ခံခဲ့ရတဲ့ ကဗျာလည်းဖြစ်ပါတယ်။

ငြိမ်းဝေ
ကိုးကား။ ။ Thai Short Stories and Poems

(၂၀၀၇ စက်တင်ဘာလထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ)

ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP