Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Thursday, November 27, 2008

မဆုံးတဲ့အလွမ်း

မိုးချိုသင်း
မဟေသီ။ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ

တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။

ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေး

နွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။

ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။

အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။

ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။

သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။


ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။

ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။

ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။

သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။

သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။
နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။

ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။

အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။

သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။

ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။

အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။

သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။

သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။

သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။

အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။

သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။

တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။

သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။

ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။

သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။

ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။

မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……

ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။

နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။

(“ဗမိုး” ဘာသာပြန်)

ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။

သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။

ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။

အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။

အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။

ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။

သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။

သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။

သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။

ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။

အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။

အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။

အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။

ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။

သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။

ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။

အဲဒါကတော့ …..

“နှလုံးသားထဲက ဒဏ်ရာ” တဲ့။

ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဆက်ရန်...

Tuesday, October 28, 2008

သား (ဒုတိယပိုင်း)


ခင်မမမျိုး

အိမ်သို့ရောက်ရောက်ချင်း အမောတကောမေးမိသည်။ အခုဆိုသားလေးလဲ အသက်နှစ်ဆယ် ကျော် ရှိနေလောက်ပြီ။ အိမ်ထောင်ရက်သားများ ကျနေပြီလား။ ကလေးငယ်လေးသာ ရှိနေရင် တော့ မြေးလေးကိုပါ တွေ့ရချည်ရဲ့ဟုပင် စိတ်ကူးယဉ်လိုက်မိသည်။ တချိန်က အမာခံဖြစ်ခဲ့သူ တယောက်လက်တွင် ကြီးပြင်းလာသော သူမ၏သားထံတွင် တော်လှန်ရေးအသိနှင့် စိတ်ဓာတ် တို့ ရှိနေမည်မလွဲ။ သားကို အခြေစိုက်ဒေသသို့ ခေါ်သွားရမည်။ တော်လှန်ရေး၏ မျိုးဆက်သစ် တယောက်အဖြစ် လမ်းညွှန်ပျိုးထောင်ပေးရမည်။

သူမ၏ လတ်တလောစိတ်ကူးယဉ် အိပ်မက်တို့သည် ခေါင်းကိုတွင်တွင် ငုံ့ထားသော ထိုသူ၏ အပြုအမူတို့ကြောင့် ရုတ်ချည်းပျောက်ကွယ်သွားရသည်။

“သားလေး၊ သားလေး ဘာဖြစ်လို့လဲဟင်။ သက်ဆိုးမရှည်ဘူးလား"

ဦးခွန်သိန်းက ခေါင်းကို ရမ်းသည်။


“ဦးခွန်သိန်း။ ကျွန်မကို အဖြစ်မှန်ပြောပြပါ။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မ ရင်ဆိုင်နိုင်ပါတယ်။ တော်လှန်ရေးသမားတယောက်ရဲ့ ဘဝဟာ ခါးသီးနာကျည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေစမြဲ ဆိုတာကို ကျွန်မ နားလည်တယ်“

“သက်ဆိုးမရှည်ရင်တောင် ကောင်းဦးမယ်ဗျာ။ အခုတော့ --- "

ဦးခွန်သိန်း၏ တောက်ခေါက်သံကို ကျယ်လောင်စွာ ကြားရသည်။ ဘာမှန်းမသိ၍ သူမမှာ အသက်ပင်မရှူမိ။

“နေဦး။ ကျုပ်ပြမယ်"

ဦးခွန်သိန်းက အိပ်ခန်းထဲသို့ဝင်၍ ပတ်စ်ပို့ဒ်ဓာတ်ပုံလေးတပုံအား ယူလာပြသည်။ ဓာတ်ပုံထဲမှ ကြေးစား စစ်ယူဖောင်း၊ ပခုံးတွင် ကြယ်နှစ်ပွင့်နှင့် လူငယ်သည် ဝင့်ထည်စွာ ပြုံးနေလေသည်။ အရာရာကို ရင်ဆိုင်ရဲသည်ဟု မှတ်ယူထားသော သူမသည် ထိုပုံကို တွေ့လိုက်ရသောအခါတွင် တော့ ရင်ထဲတွင် နင့်ကနဲနေအောင် ခံစားလိုက်ရသည်။ ဖအေတူသား။ သို့ပေမယ့် ဖအေ လျှောက်ခဲ့သည့် သစ္စာတရားလမ်းမပေါ်တွင် ရောက်နေသူမဟုတ်ဘဲ ဖအေကိုသတ်ခဲ့သည့် ကြေးစားစစ်တပ်၏ အမိုက်မှောင် လမ်းပေါ်တွင် ရောက်နေလေပြီ။

“ကျုပ်အပြစ်ပါဗျာ။ ကျုပ်ကို ကြိုက်တဲ့အပြစ်ပေးပါ“

ဦးခွန်သိန်း၏ ဆို့နင့်နေသော စကားသံကိုကြားရတော့မှ ဓာတ်ပုံကို စိုက်ကြည့်ပြီး အသေကောင် တယောက်လို ငြိမ်နေသော သူမ သတိဝင်လာသည်။

“ဘယ်လိုဖြစ်ရတာလဲရှင်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးပါ“

“ဖက်ဆစ်နေဝင်းတပ်တွေ ရွာထဲဝင်လာတော့ ကျုပ်တို့ ကလေးကို လုံခြုံတဲ့နေရာမှာ ဖွက်ထား ခဲ့တယ်။ ဒီကောင်တွေ သိပ်ယုတ်မာတယ်။ တရွာလုံးကို ရိုက်နှက်၊ မီးတင်ရှို့ပြီး ပြန်မထွက်ခင်မှာ ကြိမ်းသွားတာက သူပုန့်သွေးကို အရှင်မထားဘူး။ တွေ့တာနဲ့ မီးပုံထဲ ပစ်ချမယ်တဲ့။ ကျုပ်တို့လဲ လန့်ပြီး ပြေးခဲ့ကြတာ။ ကလေးလေးကို မသေစေချင်ဘူးလေ။ ကံဆိုးချင်တော့ ဒီနယ်ရောက်ပြီး မကြာခင်မှာပင် ကျုပ်မိန်းမက ကောက်ခါငင်ခါ ဆုံးတယ်။ ကျုပ်က ပန်းနာရင်ကြပ်ဖြစ်တယ်။ နောက်ဆုံး ပင်းတယဆေးရုံကို ရောက်လာတဲ့ ဆရာလေး ဒေါက်တာခင်မောင်အေးက ကလေး ကို မွေးစားမယ်ဆိုတာနဲ့ ကလေးအနာဂတ်အတွက် သူနဲ့ ထည့်ပေးလိုက်တာ။ သူ တောင်ကြီး ပြောင်းတော့ တပါတည်းပါသွားတယ်။ ကျုပ်ပြန်တွေ့ရတဲ့အခါကျတော့ သူက စစ်ကျောင်းဆင်း ပြီးနေပြီ။ ကျုပ်ကို လာကန်တော့သွားတယ်။ ကျုပ်လေ - ကျုပ် အားလုံးကောင်းဖို့ စေတနာနဲ့ လုပ်ခဲ့တာပါ။ အခုတော့ ကျုပ်စေတနာက အဆိပ်ပင်ကို ရေလောင်းလိုက်သလို ဖြစ်သွားပြီ“

ယောင်္ကျားရင့်မာကြီးတယောက်၏ ယူကြုံးမရ ငိုကြွေးနေသံကို စိတ်မကောင်းစွာ ကြားရသည်။ သူမ စိတ်တို့သည်လည်း ချုံးချုံးကျသွားသလို ခံစားလိုက်ရသည်။ တိုင်းပြည်အတွက် အဖိုးတန် သော လူငယ်လေးတွေသည် ကြေးစားစစ်တပ်၏ အစေအပါး၊ လူသတ်သမားများ ဘဝသို့ သက်ဆင်းနေရသည်ကို တွေးမိတိုင်း နှမြောတသဖြစ်ခဲ့ရသူ၊ သူမသည် ယခုတော့ ဝမ်းနှင့်လွယ် မွေးခဲ့ရသော ကြေးစားစစ်ဗိုလ်လေး၏ မိခင်ဘဝ ရောက်နေရပါပကောလား။

“သူ့နာမည်ဘယ်လိုခေါ်လဲ"
“စစ်အောင်၊ ဗိုလ်စစ်အောင်တဲ့"
“ကျွန်မ ဒီဓာတ်ပုံလေး ယူသွားမယ်နော်၊ ခွင့်ပြုပေးပါ"
“ယူသွားပါ၊ ကျုပ် ဒါပဲပေးလိုက်နိုင်တော့တာကို စိတ်မကောင်းဘူး၊ ကျုပ်ကို ခွင့်လွှတ်ပါ"
“ရပါတယ်၊ ခေတ်စနစ်ဆိုးရဲ့အောက်မှာ ဒီလိုတွေဖြစ်တတ်တာ အများကြီးပါ၊ ကျွန်မသွားမယ်"
ခံစားချက်ကို တာဝန်ဆိုသောအသိနှင့် ထိန်းရင်း သူမဆက်လျှောက်ရမည့် လမ်းပေါ်သို့ ပြန်ခဲ့ ရလေသည်။

(၄)

အချိန်ကား (၁၉၈၃) ခု။
နေရာကား နန့်လန်နယ်။

အလုပ်ကိစ္စတခုဖြင့် နန့်လန်နယ်အတွင်းမှ ရွာငယ်တခုသို့ ရောက်ရှိနေသည်။ နန့်လန်မြို့အခြေ စိုက် စစ်တပ်၏ စစ်ကြောင်းများ နယ်မြေတွင်းရှိနေပေမယ့် အနီးအနားမှ ရွာတရွာတွင် မိမိတို့ တပ်စုတစုရှိနေသည်မို့ စိတ်ချလက်ချပင် တယောက်တည်းထွက်လာဖြစ်ခဲ့သည်။ ပြန်ခါနီး ရွာလူကြီးမိသားစုမှ ထမင်းစားအတင်းခေါ်နေသဖြင့် ခေတ္တ ဝင်ထိုင်ဖြစ်သည်။ ပြောက်ကျား စစ်ဒေသ၊ လှုပ်ရှားနယ်မြေတွင် လူထုများနှင့် ရင်းနှီးခင်မင်မှုသည် တော်လှန်ရေးအတွက် အရေးပါလှသည်။

အချိန်အားဖြင့် သိပ်မကြာလိုက်။ အိမ်ဝိုင်းထဲမှ မသင်္ကာဖွယ်ရာ အသံတချို့ကြားရသည်မို့ ပါလာ သည့် သေနတ်ကို ဆွဲထုတ်ရသည်။ အခြေအနေကို လေ့လာကြည့်တော့ ရန်သူများ ဝိုင်းထား သည်ကို တွေ့ရသည်။ ခုခံပြီး ခုန်ချထွက်ပြေးလျှင်တော့ လွတ်ချင်လွတ်နိုင်မည်။ သေနတ်သံ ကြားသည်နှင့် ---- ရွာအနီး တောင်ယာတဲများတွင် အခြေစိုက်ထားသော တပ်စုက ချက်ချင်း လိုက်လာလိမ့်မည်။

ထိုရည်ရွယ်ချက်ဖြင့် သေနတ်ကို မောင်းတင်စဉ်ခဏ။ အလို --- ဘာသံပါလိမ့်။ ငိုသံ။ ကလေး ငယ်တယောက်၏ ငိုရှိုက်သံ။ ရွာလူကြီး ဇနီးက ကလေးငယ်၏ ပါးစပ်ကို အတင်းပိတ်ထား သည်မို့ ဝူးဝူးဝါးဝါး ဖြစ်နေသည်။ သူမ သေနတ်ပြောင်းက အောက်သို့ ငိုက်သွားသည်။ ကြေးစား စစ်တပ်သည် လူစိတ်ကင်းမဲ့နေသော တပ်ဖြစ်သည်။ အိမ်ပေါ်တွင် ကလေးငယ်တယောက်ရှိနေ သည်ကို ဂရုစိုက်မည်မဟုတ်။ သူမ စပစ်သည်နှင့် ကျည်ဆံများက တဲထဲသို့ တရဟော ဝင်လာ လိမ့်မည်။ သူမလွတ်အောင် ရှောင်နိုင်ပေမယ့် သနားစဖွယ် ကလေးငယ်နှင့် မိသားစုတခု အသက်ဆုံးရလိမ့်မည်။ ထိုရွာလူကြီးမိသားစုသည် တော်လှန်ရေးကာလတလျှောက်တွင် သူမ တို့အား ကူညီအားပေးခဲ့သည့် သူရဲကောင်း ပြည်သူများဖြစ်သည်။

သေနတ်တချက်မှမဖောက်ဘဲ အသာတကြည်ပင် သူမ အဖမ်းခံလိုက်ပါသည်။ ရွာတွင်းတွင် စစ်တပ် သတင်းပေးတယောက်ယောက်ရှိနိုင်သည်ဆိုသော အချက်ကို သူမ ပေါ့လျော့စွာ သတိ မပြုခဲ့မိခြင်းသာ ဖြစ်သည်။

အဖမ်းခံခြင်းသာဖြစ်သည်။ လက်နက်ချခြင်းမဟုတ်။ ဒါကို သူတို့သိအောင် သူမ ပြောရသည်။ ရွာသားများရှေ့တွင် လူမဆန်အောင် ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်ခြင်းကို ခံရသည်။ အသား နာသည်ထက် ရင်ထဲတွင် ပိုနာရသည်က သူမအား ဖမ်းဆီးနှိပ်စက်ကာ ခွဲရုံးအခြေစိုက်နေရာကို မေးနေသော စစ်ကြောင်းမှ အရာရှိသည် လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်ကျော်က သူမမွေးဖွား ထားခဲ့သော သူမ၏ သားရတနာ ဖြစ်နေခဲ့ခြင်းပင်။

"ဗိုလ်ကြီး၊ ကွန်မြူနစ်တွေ အလုံးအရင်းနဲ့ ဒီဘက်ကို ဆင်းလာတယ် သတင်းရတယ်"
“ရွာထဲမှာ ကြာလို့မဖြစ်ဘူး၊ ဒါ သူတို့နယ်မြေ၊ နန့်လန်တပ်ကို ချက်ချင်းသတင်းပို့၊ စစ်ကူတောင်း၊ ဆုတ်ဖို့ပြင်တော့"
“သူ့ကို ဘယ်လိုလုပ်မလဲ"
“ကွန်မြူနစ်မ၊ ခေါင်း သိပ်မာတယ်၊ ရှင်းပစ်လိုက်၊ နေဦး၊ ငါပစ်မယ်"

သွေးအိုင်များကြားတွင် လဲနေသော သူမ ရှိသမျှအားကို စုစည်း၍ ခေါင်းထောင်ရသည်။ သားလေး မည်မျှရက်စက်ယုတ်မာနေသည်ပဲဖြစ်ဖြစ်၊ အမေသတ်သော သားအဖြစ် ဘဝသံသရာ အဆက်ဆက် ငရဲခံရမည်ကို သူမ မလိုလား။

“သားမပစ်နဲ့၊ မှားမယ်၊ မပစ်နဲ့"
သားလေး၏ ပြောင်းဝကို ရှောင်ရင်း အနီးမှ စစ်သည်တယောက်၏ ပြောင်းဝသို့ ပြေးအဝင်၊ ထိုစစ်သည်ကလဲ အလန့်တကြား သေနတ်မောင်းခလုတ်ကို ဆွဲအဖြုတ်။

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ သူမ ခွေကျသွားသည်။ အမှောင်အတိ ဖုံးသွားသည်က သူမ၏ နောက်ဆုံးအသိ။

x x x x x x x x x

နောက်ဆက်တွဲ -

အကယ်၍များ သူ့ကိုသားဟုခေါ်ကာ နီးရာသေနတ်ပြောင်းဝသို့ တိုးဝင်အသေခံသွားသော၊ သူ့အခေါ် ကွန်မြူနစ်မတယောက်၏ အတွင်းခံအင်္ကျီထဲမှ ဓာတ်ပုံတပုံကိုသာ ဗိုလ်စစ်အောင် တွေ့မြင်ခဲ့မည်ဆိုပါက ---------- ။


(မှတ်ချက်။ ။သမိုင်းနောက်ခံအချက်အလက်များအား ရဲဘော်ခင်ညို၏ “၄၉-တော်လှန်ရေး မျိုးဆက် တဦး၏ ဘ၀၏ဝဒိုင်ယာရီ" နှင့် ဗိုလ်သန်းတင်၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေး“ စာအုပ်များအား ရည်ညွှန်း ကိုးကားပါသည်။ မွေးရပ်ဌာနေ၊ ရှမ်းမောမြေမှ၊ ယမ်းငွေ့ကျည်ဆံ၊ သေနတ်သံများကြားတွင် သူရဲကောင်း ပီသစွာ ကျဆုံးသွားကြသော တော်လှန်ရေးသမားများအားလုံးအား ဂုဏ်ယူစွာ ဦးညွှတ်ပါ၏။)

(ရိုးမအင်တာနက်စာမျက်နှာမှ)

ဆက်ရန်...

သား (ပထမပိုင်း)



ခင်မမမျိုး


အချိန်ကား ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော် ကွန်မြူနစ်ချေမှုန်းရေး ကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည် အိမ်စောင့်အစိုးရ၏ (ပ) ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး ကြီးငယ်များက မြန်မာပြည်၏နေရာအနှံ့တွင် ရှိနေသည်။

နေရာကား ရှမ်းပြည်နယ်နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့် ပေါင်းလောင်း နန့်ဖာ ဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက်ထား သည်။ ပေါင်းလောင်း နန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး(PHQ) ရှိနေသော ပဲခိုးရိုးမနှင့် ဆက်သွယ်ရေးကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊ အင်တော၊ ကျောက်ကူ၊ မိုးကုတ်၊ မိုးမိတ်ဒေသများမှ တဆင့် တရုတ်ပြည်နယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက် တပ်မမှူး ဗိုလ်မှူးကြီးသိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေ သည့် နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲ ဖြစ်နေသည့် အချိန် လည်း ဖြစ်သည်။

“မွေးပြီတော့ .. မွေးပြီ။ ယောက်ျားလေး"


ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး မြောက်တက်သွားသလို ခံစားရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။ အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ဝင်ရောက်လာ ခဲ့သည်။ ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လားမသိ။ မျိုးဆက်သစ်ဆိုသော အသိက ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊ တိုက်ပွဲများကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေးမျိုးဆက်။ ပါတီ၏မျိုးဆက်။

လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့် မနီးမဝေးတွင် ရဲဘော်တချို့နှင့်အတူ လုံခြုံရေးကင်းစောင့်နေသည့် ခင်ပွန်းသည်ကို သတိရလာသည်။ သူသိ လျှင် မည်မျှဝမ်းသာမည်မသိ။

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့် တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနားစစ်မျက်နှာတွင် ဆုံတွေ့ခဲ့ကြသည်။ ၁၉၅၀၊ စက်တင်ဘာ (၁) ရက်တွင် ဖွဲ့စည်းသော ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး ဒီရေ အတက်အကျတလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင်ဆင်နွှဲခဲ့ကြသည်။ နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေခံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသည်။

“ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“

မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ်လုံခြုံရေးကိုက ပိုဦးစားပေးရသည်။ ရန်သူ့စစ်ကြောင်းရှောင်ရင်း တောထဲတွင် ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ဝင်၍ ကလေးမီးဖွား ရခြင်းဖြစ်သည်။ ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က ရွာပြင်တွင် ကျန်ခဲ့ပြီး သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က ရွာတွင်းဝင်လာခဲ့ကြ ခြင်းဖြစ်သည်။

(၂)

တဲထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို စတင်ကြားရသည်မို့ သူမတို့ နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။ ရွာပြင်မှာ တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲရောက်လာသည့် ကလေးငယ်လေး ရှိနေသည်။ ဘာလုပ်ရမည်နည်း။

အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို တွေ့ရ သည်။

"ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ ရွာထဲမရောက်ခင် အမြန် ပြေးပြီး၊ ------ ရွာမှာ စောင့်နေပါတဲ့။ အချိန်မရှိဘူး။ ကျွန်တော်တို့ရွာထဲက ချက်ချင်းထွက်မှ ဖြစ်မယ်"

ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊ စောဒကမတက်မိတော့။ သူမ၏ ခင်ပွန်းသည်သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့် တပ်မှူးကောင်းတယောက်။ စစ်မြေ ပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။ ချိန်းထားသည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့ ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာမကျန် ရွာဖုန်းဆိုးများကိုပါ ပိုက်စိပ် တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ ပူးပေါင်းရန်လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူ မိသားစုထံတွင် သားလေးအား ခဏအပ်နှံ၍ ရှေ့ခရီးဆက်ရသည်။

သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။ အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်း ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ လက်နက်ချခိုင်းသည့် ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံးအချိန်ထိ လက်နက်ကို စွဲကိုင်ကာ တိုက်ပွဲဝင်သွား ခဲ့ကြသည်။ တိုက်ရဲ၊ သေရဲခဲ့ကြသည်။

လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့် ---- ရွာသို့ သူမ ပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော တော်လှန်ရေးသား ကောင်းတယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။ မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ ရောက်စဉ်မှာပင် အလာကောင်းပေမယ့် အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေဝင်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်။ မည်သူမျှဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော နေရာတွင် ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေးအရှိန်ကို ရိုက်ချိုးနိုင် မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို နာကျည်းဖွယ် တွေ့မြင်ရ သည်။

ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို စိတ်မချသည်နှင့် သူမကလေး အား စောင့်ရှောက်ထားသော မိသားစုသည် ပင်းတယဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။ ကြေးစားတပ်အန္တရာယ်ကို ကြောက်၍ ရွာအမည်အား ပြောမထားခဲ့။ ကလေးအား လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင် သူမထံသို့ ဖြစ်သည့်နည်းဖြင့် ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ ကြားလိုက်ရတော့ သူမ ရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင် မိတ်ဆွေများ၏စေတနာကိုလဲ သူမ သဘောပေါက်ပါသည်။ သို့ပေမယ့် ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏ မေတ္တာပင် မဟုတ်ပါလား။ နို့အုံတွေ တင်းလာသည့်အခါတိုင်း မိခင်နို့ချို တစက်မှ မစို့လိုက်ရ သည့် သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။



(၃)

လ အချိန်ကား (၁၉၈၂)။
နေရာကား ပွေးလှမြို့။

ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု နေထိုင်သည့် မြို့ဖြစ် သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊ ငါးရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ (၁၉၇၉) ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော အလယ်ပိုင်းဗဟိုဌာနခွဲ နယ်မြေတွင် ပါဝင်သည်။

ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရေရှည်ပူဆွေး ဖို့ သူမမှာ အချိန်မရခဲ့။ နေဝင်းကြေးစားတပ်၏ စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲ ခဲ့ရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်သန်းတင်၏ မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠုန်စစ်ဆင်ရေးများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။ (၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ ၏ လူထုစည်းရုံးရေးများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုမှတဖန် (၁၀၈)စစ်ဒေသ နှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့် ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင်လည်း ပါတီမှပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍ ကျေပွန် အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍ နာကျင်ခဲ့ရသော ရင်ထဲမှ ဒဏ်ရာ များက အကင်းသေစ ပြုနေခဲ့ပါပြီ။ ထိုဒဏ်ရာများကို အသစ်တဖန်တူးဆွစေခဲ့သည်ကား --- ။

ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့် စည်ကားလို့နေသည်။ ငါးရက် တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့် ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။ ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသောသူကို သူမ တွေ့လိုက်ရသည်။

“ဦးခွန်သိန်း၊ ဦးခွန်သိန်း၊ ဟုတ်ပါတယ်နော်"

ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။

“ကျွန်မ မမြကြည်ပါ။ ဟို ... ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့ စောင့်ရှောက်ပေးတာ"

ထိုသူက ဘေးဘီဝဲယာကိုကြည့်သည်။

“ဒီမှာပြောလို့မကောင်းဘူး။ အိမ်ခဏလိုက်ခဲ့ပါလား"

သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့ တကောက်ကောက် လိုက်ဖြစ် သွားသည်။


“သား၊ သားလေးကောဟင် .... "

(ဒုတိယပိုင်းဆက်ရန်)

(ရိုးမအင်တာနက်စာမျက်နှာမှ)

ဆက်ရန်...

ဤခရီး… နီးသလား


ရွှေအိမ်စည်
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008 15:33 - မြန်မာစံတော်ချိန်
(Mizzima)


မဲဆောက်မှ အုန်းဖန်သို့ ထွက်သည့် ခရီးသည်တင်ကားများက နေ့စဉ်နံနက် ၇-နာရီခွဲတွင် မဲဆောက်မှစ၍ ထွက်သည်။ တနာရီခြားတစီး ပုံမှန်ထွက်၏။ မွန်းလွှဲပိုင်း သုံးနာရီခွဲအထိ ရှိသည်။ လိုင်းကားများက `တိုယိုတာ ဟိုင်လက် ၅-ချိပ်`ကားငယ်လေးများ ဖြစ်သည်။ လမ်းက ….အတက်၊ အဆင်း၊ အကွေ့၊ အကောက်များ၏။ …..လှိုင်းလုံးကြီးများသဖွယ် …..။ စွေ့ခနဲ မြောက်၍ တက်သွားသည်လည်း ရှိ၏။ ပြီးလျှင် ….. ငြိမ့်ခနဲ ပြန်၍ ဆင်းပြန်၏။ တက်ရင်းနှင့် ကွေ့သည်။ ကွေ့ရင်းနှင့် ဆင်းပြန်၏။ မလွယ်…..။

မဲဆောက်မှ ၄၈-ကီလိုအထိမူ လမ်းက မြေပြင်ညီလမ်းဖြစ်သည်။ လမ်းကောင်း၏။ ၄၈-ကီလိုလွန်လျှင် လမ်းသည် တောင်ပေါ်သို့ တက်ပြီ။ အကွေ့အကောက် အဆင်းအတက်များအား ဖြတ်ရပြီ။


ယခင်ကမူ ဤလမ်းကြောင်း၌ ခရီးသည် အသွားအလာ မများလှ…..။ ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် မဲဆောက် UNHCR ရုံး၌ အမည်စာရင်း တင်သွင်းထားကြသည့် မြန်မာနိုင်ငံသားများအား အုန်းဖျန် ဒုက္ခသည်စခန်းနှင့် နို့ဖိုး ဒုက္ခသည်စခန်းများသို့ PAB နှင့် UNHCR မှ ပို့ဆောင်ခဲ့သည့် နောက်ပိုင်းတွင်မူ ဤလမ်း၊ ဤခရီးသည် အသွားအလာ များလာခဲ့တော့သည်။ နောက်ပိုင်း PAB နှင့် UNHCR ၏ အစီအစဉ်နှင့် မဟုတ်ဘဲ မိမိဘာသာမိမိ ၀င်ရောက် နေထိုင်ကြသည့် သူများနှင့် …..ဤခရီးလမ်းက `သာ` ၍နေတော့သည်။

ကားဘေးသို့ `စံမလော့` နှစ်စီး ဆိုက်လာသည်။ `စံမလော့` ပေါ်မှ ပစ္စည်းများ ကားပေါ်သို့ တင်ကြသည်။ ပစ္စည်းများက များ၏။ အိမ်ထောင် ပြောင်းသကဲ့သို့ …..။ လူကလည်း များသည်။ ခလေးငယ်များက လေးယောက်၊ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် မိန်းမငယ်များက သုံးယောက် ….။ ပြီးလျှင် ….အသက်လေးဆယ်ခန့် အမျိုးသမီးက နှစ်ယောက် …..။ ကားငယ်လေးအတွင်း လူပြည့်သွား၏။ သူတို့ကား …. အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား အစ္စလမ် ဘာသာဝင်များ ဖြစ်သည်။

လူပြည့်ပြီဖြစ်၍ ကားသည်ဂိတ်မှ စ၍ ထွက်သည်။ မိုးမရွာသဖြင့် ကားဘေးမိုးကာများအား လိပ်တင်ထားသဖြင့် လေ၀င်လေထွက် ကောင်း၏။ အ၀ိုင်းတခုအား ပတ်၍ ကားသည် အာရှလမ်းမပေါ်သို့ တက်သည်။ မြို့ပြ၏ လမ်းမများပေါ်မှ ဆင်ခြေဖုံး…..။ ကတ်ပိဘန်းရွာလေးအား ကျော်ခဲ့ပြီ။ ကတ်ပိဘန်းရွာက မဲဆောက်၏ အ၀င်အ၀ရွာငယ်လေး….။ မြို့နှင့်တဆက်တည်း ထိစပ်နေသည့်ရွာ….။ ကတ်ပိဘန်းလွန်လျှင်….မယ်ကု….။

ကားငယ်လေးအတွင်း၌ ထိုင်းလူမျိုး ခရီးသည်တဦးမျှမပါ။ အားလုံး မြန်မာပြည်သားများ….။ အုန်းဖျန် ဒုက္ခသည်သို့ သွားမည့်သူနှင့် နို့ဖိုးဒုက္ခသည် စခန်းသို့ သွားကြမည့်သူများသာ …..။ ကားပေါ်၌… နောက်ဆုံး တက်လာခဲ့ကြသည့် ခလေးတွေ အများကြီးနှင့် သူတို့ မိသားစုက စိတ်ဝင်စားစရာ။ သူတို့ အချင်းချင်းပြောနေသည့် စကားသံများအား နားစွင့်၍ နေမိတော့သည်။

`ညက ငါတို့အိပ်တဲ့အိမ်နဲ့ ကားဂိတ်… နီးနီးလေးကို စံမလော့သမားက လိုက်ပတ်နင်းနေပြီး နှစ်ရာတောင် တောင်းတယ်`

`အဒေါ်က ပေးလိုက်တာကိုး`

`ဟဲ….. မပေးလို့ ရမလား။ စံပလော့သမားက မပေးရင် ….ရဲကို အကြောင်းကြားလိုက်မယ်လို့ ပြောတာကိုး…..`

သူတို့အထဲမှ ၁၂-နှစ်အရွယ် ကောင်လေးနှင့် အသက်လေးဆယ်ခန့်ရှိ ခပ်၀၀ သားသည် မိခင်တို့ ပြောနေကြသည့်အား ကြားရ၏။

`နင်တို့က ဘယ်သွားကြမလိုလဲ….`

ကားပေါ်မှ အသက်ခြောက်ဆယ်ခန့်ရှိ အမျိုးသမီးကြီးတဦးက သူတို့အား စပ်စုလိုက်သည်။ ဤအမျိုးသမီးကြီးက နို့ဖိုး ဒုက္ခသည်မှ ဖြစ်သည်။ စခန်းသစ်ကျပြီး နို့ဖိုး ဒုက္ခသည်စခန်း စတည်ကတည်းက နို့ဖိုးတွင်ပင် နေလာခဲ့သည့်သူ….။ သူမသည်လည်း အိန္ဒိယနွယ်ဖွား မြန်မာပြည်သား အစ္စလမ် ဘာသာဝင်တဦးပင် ….။ နို့ဖိုးတွင် ဈေးဆိုင် တည်ထား၏။ သူ့ဆိုင်က …. ရေဒီယို၊ ကက်စက်၊ နာရီမှအစ အိုးခွက် ပုဂံအထိ ရောင်းသည်။ သူမသည်လည်း UNHCR အစီအစဉ်နှင့် တတိယနိုင်ငံ တခုသို့ ပြောင်းရွှေ့ အခြေချရန် စီစဉ်ထား၏။ အမေရိကန်က ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျသို့ ခိုလှုံခွင့်ရရန် အဆိုပြုထားသည်။

`ကျမတို့က မုဒုံကပါ…. မနေ့ညကမှ မဲဆောက်ကို ရောက်တယ်။ မောင်က ဖုန်းဆက်ပြီး လှမ်းခေါ်လို့လေ…. မောင်နဲ့ အဆက်အသွယ် ပျက်နေတာကြာပြီ၊ ဆယ့်ငါးနှစ်လောက်တောင် ရှိပြီ။ သူတို့လည်း နိုင်ငံခြား သွားတော့မယ်။ နင်တို့လည်း သွားချင်ရင်လာ ဆိုတာနဲ့ လာခဲ့တာ …..။ သူက ကျမနဲ့ အတူတူ မုဒုံမှာ ဈေးရောင်းနေကြတဲ့ သူငယ်ချင်းတွေ ….။ သူကလည်း နင်တို့သွားရင် ငါလည်းလိုက်မယ် ဆိုတာနဲ့ နှစ်ယောက်သား ခလေးတွေခေါ်ပြီး ထွက်လာခဲ့တာ….`

ခပ်၀၀နှင့်အမျိုးသမီးက သူမ၏ဘေးတွင် ထိုင်နေသည့် ပိန်ပိန်နှင့် အမျိုးသမီးအား လက်နှင့်ပုတ်ရင်း ပြောသည်။ ပိန်ပိန်နှင့် အမျိုးသမီးက ခလေးငယ်အား ရင်ခွင်အတွင်း ပွေ့ချီထားရင်း …. ပြုံး၍ ခေါင်းညိတ်ပြသည်။

`ဒါ အားလုံးက ကျမ ကလေးတွေပဲ….သူ့ခလေးက ဒီနို့စို့တယောက်ပဲ….။ သူ့ယောက်ျားလည်း မရှိတော့ဘူး….. ကျမယောက်ျားလည်း ဘန်ကောက်တက်မယ် ဆိုပြီး ထွက်သွားတာ လေးငါးနှစ်ရှိပြီး ပြန်လည်း မဆက်သွယ်ဘူး…. ကျမတို့ဘာသာ လုပ်စားနေကြရတာ….`

`မုဒုံ…. ကားဂိတ်မှာ အကြော်ကြော်တယ်။ သူတို့တွေက ရောင်းပေါ့….`

ဝဝနှင့် အမျိုးသမီးက အပျိုဖော်ဝင်စ သမီး ၃-ယောက်ကို လက်ညိုးထိုးပြရင်း ပြော၏။ မုဒုံကားဂိတ်က စည်ကားသည့် ကားဂိတ်တခု ဖြစ်သည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ထားဝယ်လမ်းကြောင်းပေါ်၌ ရှိသည်။ ပြီးလျှင် ….တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး လမ်းပိုင်းသို့ ထွက်သည့် ကားများလည်း ဂိတ်ထိုးရာ ဖြစ်သည်။ ဤကားဂိတ်၌ သူတို့သည် အကြော်ကြော်၊ အကြော်ဗန်း ခေါင်းပေါ်တင်၍ လှည့်ရောင်းကြ၏။ ဤနည်းနှင့် …. ဤမုဆိုးမ၊ ဤတခုလပ်တို့သည် သားသမီး ခုနှစ်ယောက်၊ ရှစ်ယောက်အား ရှာဖွေ ကျွေးမွေးနေခဲ့ကြ၏။ ယခုမူ …. အားလုံးကို ထားရစ်ပြီး မောင်ခေါ်ရာ အရပ်ဆီသို့ ထွက်ခဲ့ကြပြီ…..။ မည်သည့်အရပ်ဟူ၍ မသိ….။ မည်သို့ သွားရမည်နည်း….။ နေရာသစ်တွင် မည်သို့ အခြေချနေရမည်နည်း….။ မသိ….။ မောင်ခေါ်ရာသို့ လိုက်လာခြင်းမျှသာ ….။ သူတို့တွေအား မဲဆောက်တွင် လာရောက်ကြိုသည်က ဆယ်နှစ် နှစ်အရွယ် မောင်၏သား….။ သူမ၏တူ ….။

`ဘာလက်မှတ်ပါလဲ ….`

တယောက်က မေးသည်။ သူတို့က …. မနေ့က မြ၀တီမှ မဲဆောက်သို့ ဖြတ်ကူးခဲ့သည်။ နယ်စပ်ဖြတ်ကူးခွင့် လက်မှတ် အပြာရောင်ကဒ်လေးအား ထုတ်ပြသည်။ ဤကဒ်ပြားက မနေ့ကပင် သက်တမ်း ကုန်ဆုံး၍ သွားပြီ။ သုံး၍မရတော့….။ ဤလက်မှတ်နှင့်လည်း ဤလမ်းခရီးအား သွား၍မရ….။ သူတို့ ဘာမျှမသိကြ….။ ဤလမ်းခရီးတွင် ထိုင်းပုလိပ် ဂိတ်ပေါင်းများစွာ ရှိသည်။ ထိုင်းအာဏာပိုင် တယောက်ယောက်၏ ခရီးသွားခွင့် လက်မှတ် မပါလျှင် သွား၍ မရ…။ ဆွဲချထားလိမ့်မည်။ အချုပ်သို့ ပို့မည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုနှင့် ရုံးတင်မည်။ အနည်းဆုံးတော့ ၁၂-ရက် ထောင်ချခြင်း ခံရမည်။ ပြီးလျှင်မူ …. မြ၀တီသို့ ပြန်ပို့မည်။ ဤသည်တို့အား သူတို့ သိပုံမရ….။ကြောက်ကြောက်ရွှံရွှံတော့ ဖြစ်နေပုံရသည်။ မျက်ဝန်းများအတွင်း စိုးရွှံမှုများအား တွေ့ရ၏။ အရှေ့တွင် …. မယ်ကုရွာအ၀င်ရှိ ပုလိပ်ဂိတ်အား ဖြတ်ရမည်။ ကားသည် `ဘွန်ချိုင်း` အထည်ချုပ်စက်ရုံအား ကျော်ဖြတ်ခဲ့ပြီ။ `ဘွန်ချိုင်း` စက်ရုံလွန်လျှင် …..`မယ်ကု`….ဂိတ်။ မယ်ကုဂိတ်က လမ်း၏ လက်ယာဖက်တွင် ရှိသည်။ ယာဉ်ကြော၏ လက်ယာယာဉ်ကြော၌…..။ ကားက လက်ဝဲဖက်ယာဉ်ကြောမှ မောင်းလာ၏။ လက်ဝဲဖက်ယာဉ်ကြောမှ ကားများအား စစ်လျှင်မူ ပုလိပ်နှစ်ယောက်၊ သုံးယောက်သည် ပုလိပ်ဂိတ်၏ မျက်နှာချင်းဆိုင်ရှိ ဗံဒါပင်အောက်၌​ ခုံများနှင့် ထိုင်စောင့်၍ စစ်ကြ၏။ မိုးရွာလျှင်မူ သူတို့မထွက် ….။

ကားသည် အရှိန်အား လျော့လိုက်၏။ ဂိတ်အရှေ့ ယာဉ်ကြောတွင် ချထားသည့် သံဆူးကြိုး တံတိုင်းငယ်များအတွင်း ကွေ့၍ ကောက်၍ မောင်းဝင်နေသည်။ ကောင်းကင်သည် ချက်ချင်းပင် ရေအိုးအား သွန်ချလိုက်သကဲ့သို့ ….. မိုးရွာချလိုက်သည်။ ဗံဒါပင်အောက်၌ ပုလိပ်များမရှိ….။ သံဆူးကြိုး တံတိုင်းငယ်များအား လွန်လေပြီ….ကားအရှိန်အား မြှင့်လိုက်၏။

သူတို့အားလုံး သက်ပြင်းရှည်အား ချလိုက်ကြသည်။ မယ်ကုဂိတ်တော့ လွန်ပြီ…..။

`တဂိတ်တော့ လွန်သွားပြီ၊ အုန်းဖျန်အထိဆိုရင် အရှေ့မှ ပုလိပ်ဂိတ် ၃-ဂိတ် ကျန်သေးတယ်….`

ကားအတွင်း စကားသံများ ပြန်၍ ထွက်လာသည်။ အသက်ရှုသံတို့ ပြန်၍ မှန်လာကြပြီ။ မယ်ကုဂိတ် အနားဖြတ်ခါနီးချိန်၌ ရေအိုးမှောက်ရွာချခဲ့သော မိုးသည် ချက်ချင်းပင် တိတ်၍ သွားပြန်သည်။

`အရှေ့မှာ `ကြာလေခို့` ပုလိပ်ဂိတ်ရှိတယ်။ အရမ်းဆိုးတယ်။ …. လက်မှတ်မပါလို့ကတော့ အတင်းဆွဲချတာပဲ …။ ... ပိုက်ဆံများများ မတွေ့စေနဲ့ ``

အသက်ကြီးကြီး အစ္စလမ် အမျိုးသမီးကြီးက သူတို့တတွေအား ပြောနေသည်။

`မုဒုံမှာရှိတဲ့ အိမ်လေးရောင်းလာတာ…. သုံးသိန်းလောက် ရတယ်။ အဲ့ဒါ အကြွေးလေးဘာလေး ဆပ်ပြီး နှစ်သိန်းလောက်တော့ ပါလာတယ်။ ကားခနဲ့…..ပြီးတော့ ….မှတ်ပုံတင်မရှိတော့ တလမ်းလုံးကားတခါရပ်၊ တယောက်ကို တထောင်ပေးလိုက်နဲ့ မြ၀တီရောက်တော့ …..တသိန်းနဲ့ သုံးသောင်းပဲ ကျန်တော့တယ်။ အဲ့ဒါလေးကို ဘတ်ငွေလဲပြီး လာခဲ့တာ….``

ပြောရင်း ….. ခပ်၀၀ အမျိုးသမီးသည် ဘတ်ငွေတထောင်တန်လေး နှစ်ရွက်အား ချွေးခံအင်ကျီအတွင်းလိပ့်၍ ထိုးထဲ့နေ၏။

ကားသည် `ဖုတ်ဖမြို့`လမ်းခွဲသို့ လွန်ခဲ့လေပြီ။ ဖုတ်ဖလမ်းခွဲအား လွန်လျှင် …..နာမည်ကြီးသည့် `ကြာလေးခို့`ပုလိပ်ဂိတ်…..။ မိုးကမသည်း…..ဖွဲဖွဲနှင့်သာ စွေနေသည်။ ကားဘေးရှိ မိုးကာများ ချထားသဖြင့် ပတ်ဝန်းကျင်အား မမြင်ရ….။ ကား၏ အနောက်ပိုင်း…. မှတဆင့် ကျော်ဖြတ်ခဲ့ပြီးသည့် ပတ်ဝန်းကျင်ကိုသာ တွေ့ရ၏။ အရှေ့ကိုမူ မတွေ့ရ….။ `ကြာလေးခို့` ဂိတ်က လမ်း၏ လက်ဝဲဖက်တွင် ရှိသည်။ လမ်းမကြီးက အသွားလမ်း၊ အပြန်လမ်း…. နှစ်လမ်းမောင်း လမ်းမကြီး ဖြစ်သည်။ ယခုသွားနေသော ယာဉ်ကြောလမ်းက လက်ဝဲဘက် ယာဉ်ကြောမှ ဖြစ်သည်။ ပုလိတ်ဂိတ်နှင့် တဖက်တည်း….။ မိုးက ထင်သလောက်မသည်း….။ ပြိုပါတော့လား မိုးရယ်….။ ကားသည် တဖြည်းဖြည်း`ကြာလေးခို့`ဂိတ်နှင့် နီးလာပြီ။ သုံးမိစ်…. နှစ်မိနစ်… တမိနစ်…. စက္ကန့် ၆၀… စက္ကန့် ၅၀….။ ကားအရှိန်က လျော့ချလိုက်ပြီ….။ စက္ကန့် ၃၀….။ စက္ကန့် ၂၀….။ ဘရိတ်နင်းလိုက်သဖြင့် ကားသည် တန့်ခနဲ ရပ်သွား၏။ ဇက်ကြိုးအား သတ်လိုက်သကဲ့သို့ ….။ သူတို့သည် တခုခုအား တတွက်တွက်နှင့် ရွတ်နေကြ၏။ `သံဗုဒ္ဒေ`ဂါထာကဲ့သို့ ကိုရမ်ကျမ်းလာ…. အန္တရာယ်ကင်း ကျမ်းစာ တပုဒ်ပုဒ် ဖြစ်ပါလိမ့်မည်။

ပုလိပ်များ….နှစ်ယောက် သို့မဟုတ် သုံးယောက် ထီးဆောင်း၍ ကားဆီသို့ လာကြလိမ့်မည်။ ပြီးလျှင် …. ကားပေါ်တတ်၍ ထိုင်ပြီး ခရီးသွားလက်မှတ်များအား စစ်ဆေးကြမည်။ လက်မှတ် မပါသည့်သူများအား ဆွဲချမည်….။ ဖမ်းမည်။ ငွေတောင်းမည်။ ငွေပေးနိုင်လျှင်မူ….။

စက္ကန့်ငယ်တို့၏ ရွှေ့လျာမှုသည် နှေးကွေးလှပေစွ….။ ခဏငယ်တို့ကား ကြာရှည်လှပေစွ….။ ကားအနောက်၌ အရိပ်တစ်ခု ၀င်လာ၏။ သွားပြီ….။ သံလွင်ရောင် ဂျာကင်ထားသည့် ထိုင်းအမျိုးသားတယောက်။ ဘောင်းဘီ၏ အရောင်ကမူ ပုလိပ်တို့ ၀တ်သည့် ယူနီဖောင်းအရောင်မဟုတ် ….။ အဖြူရောင် ပျောက်ကျားဘောင်းဘီ….။ ထီးကိုပိတ်ပြီး ကားပေါ်သို့ တက်သည်။ သူတို့တွေထဲမှ ဆယ်သုံးလေးနှစ်အရွယ် အပျိုမငယ်လေးတဦးအား ထိုင်းလို ပြောနေ၏။ လက်မှတ်တောင်းတာ နေမှာပါ။ အားလုံးပြူးကြောင်ကြောင်နှင့် ကြောင်နေကြသည်။ ထိုင်းလို ထပ်ပြောပြီး လက်ဟန်ခြေဟန်နှင့် နေရာနည်းနည်း ဖယ်ပေးဖို့ ပြသည်။ သိလိုက်ရပြီ။ သူထိုင်ဖို့နေရာ ရွှေ့ခိုင်းခြင်း ….။ သူလည်း ခရီးသည်….။

ကားသည် …. ဂီယာထိုးပြီ `ကြာလေးခို့` ဂိတ်အရှေ့မှ ထွက်သည်….။ လွတ်ပြန်ပြီ…. တဂိတ်။ ကြာလေးခို့လွန်လျှင် အရှေ့၌ ကီလို-၄၈ တဂိတ်သာ ကျန်တော့၏။ ထိုဂိတ်က သိပ်ပြီး အစစ်အဆေးမရှိ….။ ဤသို့ သိထားခဲ့ကြ၏။ ကားငယ်လေးအတွင်း စကားသံများပြန်၍ ဝေစီလာသည်။

`နင်တို့ တတွေ ကံကောင်းတယ်။ ဘာလက်မှတ်မှ မပါဘဲနဲ့ လာကြတာ….ဒီဂိတ်က မစစ်လို့ ….စစ်လို့ကတော့ နင်တို့အားလုံး ဆွဲချခံထိမှာပဲ …..နင်တို့ကို စိတ်ပူပြီး ငါလည်း နင်တို့အတွက် တချိန်လုံး စိတ်ထဲကနေပြီး စာဖတ်နေရတယ်``

နို့ဖိုးသို့ သွားမည့် အသက်ကြီးကြီး အမျိုးသမီးကြီးက ဆိုသည်။ သူမသည်လည်း အစ္စလမ်ဘာသာဝင် တဦးဖြစ်သည်။ သူမပြောသည့် စိတ်ထဲကနေပြီး စာဖတ်နေတယ် ဟူသည်မှာ ကိုရမ်ကျမ်း စာတပုဒ်ပုဒ်အား ရွက်ဖတ်နေခြင်းအား ပြောတာဖြစ်မည်။

ခပ်၀၀နှင့် သားသည်အမေက …``ကျမတို့လည်း ဒီမလာခင် ….မုဒုံမှာကတည်းက ဒီခရီး…ဒီခရီးသွားမယ်။ အလ္လာခွင့်ပြုပါဆိုပြီး အလ္လာဆီမှာ ခွင့်တောင်းလာတာ….``

သူတို့ အားလုံး၏ မျက်နှာများက ပျော်ရွှင်၍ နေကြသည်။ ပေါ့ပေါ့ပါးပါး….။ သားရဲတွင်း အတွင်းမှ လွတ်လာသည့် ယုန်သူငယ်များလို….။ တောင်တန်းများနှင့် နီးလာ၍လား မသိ…..။ ရာသီသည် ပြောင်းလဲ၍လာသည်။ မိုးစဲသွားသော်လည်း ကောင်းကင်သည် လင်းလင်းထင်ထင်မရှိ….။ အေးစိမ့်မှုက ချည်းနှင်း၍ ၀င်လာပြီ။ ယူကလစ်ပင်များက ကားလမ်း၏ ၀ဲယာတွင် အုပ်အုပ်ဆိုင်းဆိုင်း….။ အဝေးမှ တောင်တန်းကြီးများက မြင့်မြင့်မားမား….။ အထပ်လိုက်….အထပ်လိုက်….။ ညို့ညို့မှိုင်းမှိုင်း….။ မှုန်မှုန်ဝါးဝါး….။ မြေသားအရောင်သည် ပတ္တမြားသွေးလည်းမကျ….သံချေးရောင်….။ မိုင်တိုင်များအား တခုပြီး၊ တခု ဖြတ်ကျော်၍သွားသည်။ ကီလို ၄၀….။ ကီလို ၄၂……. ၄၅….. ၄၆…. ၄၇ …။ ၄၈ ကီလို ပုလိပ်ဂိတ်နှင့် နီးလာသော်လည်း ….သူတို့တတွေ၏ စိုးရိမ်မှုက `ကြာလေးခို့`ဂိတ်လောက် မပူလောင်…..။ အရင်ကလည်း ဤဂိတ်က သိပ်၍ စစ်ဆေးသည့် ဂိတ်မဟုတ်….။ အပေါ့အလေး ဆင်းသွား၍ ရသည်။ တောင်ပေါ်သို့ မတက်မှီ နောက်ဆုံးဂိတ်….။ တခါတလေတွင်မူ ပုလိပ်တယောက်တလေ ထွက်လာပြီး ကားအား လှည့်၍သာ ကြည့်သည်။ မေးမြန်း စစ်ဆေးသည်မျိုးက မရှိ….။

ကားသည် ၄၈-ကီလို ပုလိပ်ဂိတ် အရှေ့၌​ ထိုးရပ်လိုက်သည်။ ၄၈-ကီလို ပုလိပ်ဂိတ်က ယူကလစ်ပင်များ အောက်၌ အရိပ်ခို၍ နေသည်။ အချို့က ကားပေါ်မှဆင်း၍ အပေါ့အပါး သွားကြသည်။ ခလေးများနှင့်သူတို့ မိသားစုသာ ကားပေါ်၌ ကျန်ခဲ့ကြ၏။ ပုလိပ်တယောက်သည် ဂိတ်တဲလေးအတွင်းမှ ထွက်လာပြီး ကားအား လှည့်ပတ်ကြည့်၏။ ပြီးလျှင် ….. ဆယ့်သုံးလေးနှစ်အရွယ် မိန်းမငယ်လေးများအား လက်မှတ် တောင်းကြည့်၏။ မိန်းမငယ်များက ထိုင်းလို ပြောသည်အား နားမလည်….။ ကျီးကြည့် ကြောင်ကြည့်…. ကြည့်နေကြသည်။ ပုလိပ်က သူတို့အား ကားပေါ်မှ ဆင်းခိုင်းသည်။ ခလေးငယ်များကိုလည်း မေး၏။ လက်မှတ်က မရှိ….။ ခလေးများအား ဆင်းခိုင်းပြန်သည်။ ပိန်ပိန်နှင့် သားသည် အမေသည်လည်း နို့စို့အရွယ် ကလေးငယ်အား ရင်တွင်ပွေ့ချီရင်း …. ကားအောက်သို့ ဆင်းပြန်သည်။ တယောက်ကိုမေးလည်း ထိုင်းစကား နားမလည်…..။ လက်မှတ်တောင်းလျှင်လည်း လက်မှတ်ကမရှိ….။ တယောက်တလေလည်းမဟုတ်….။ အားလုံးပေါင်း ၉-ယောက်….။

သွေးဆုတ်၍ ဖြူရော်ရော် ဖြစ်နေသော ထိုင်းပုလိပ်၏ မျက်နှာသည် အရောင်တမျိုး ပြောင်းလာသည်။ နောက်ဆုံး ကျန်နေသည့် ခပ်၀၀နှင့် အမျိုးသမီးအား ကားပေါ်မှ ဆင်းခိုင်းသည်။ အမျိုးသမီး၏ ၀ဖိုင့်သော ခန္ဓာနှင့် ကားမူး၍ သူမ၏ ရင်ခွင်တွင် လဲနေသော ခလေးကြောင့် ချက်ချင်း ကားပေါ်မှ မဆင်းနိုင်….။ ထိုင်းပုလိပ်သည် ဒေါသ ထွက်လာ၏။ အမျိုးသမီး၏ေ ကျာကုန်းအား တဘုန်းဘုန်း ရိုက်နှက်ပြီး ဆင်းခိုင်းနေ၏။

ကျန်ခရီးသည်များက မျက်နှာ လွှဲထားလိုက်ကြ၏။ မြင်နေရသည့် မြင်ကွင်းက စိတ်မသက်သာစရာ…။ မတတ်နိုင်….။ သူတို့အားလုံးအား ၄၈ ကီလိုဂိတ်ရှိ အချုပ်ခန်းအတွင်း ထည့်လိုက်ကြသည်။ သူတို့၏ ပစ္စည်းများအား ကားပေါ်မှချ၍ ယူကလစ် ပင်ရင်း၌ပင် စုပုံထား၏။ ကျန်ခရီးသည်များ ကားပေါ်သို့ ပြန်၍ တက်ကြသည်။ ယူကလစ်ပင် အရိပ်မှ ကားငယ်သည် တဖြည်းဖြည်း လှိမ့်၍ ထွက်လာသည်။ ၄၈-ကီလို ရဲကင်းစခန်းက ယူကလစ်ပင် အရိပ်အောက်၌ ပုန်းခိုရင်း ကျန်ရစ်လေပြီ….။ ဤ ရဲကင်းစခန်း၏ အချုပ်ခန်းငယ်လေးအတွင်း၌ကား ….. သူတို့ မိသားစုများ…..။

ကားသည် တောင်တန်းကြီးများဆီသို့ အရှိန်နှင့် တိုးဝင်သွားနေ၏။ မြင့်မားသော တောင်တန်းကြီးများအား ကွေ့၍ … ၀ိုက်၍… ချိုး၍… တက်ရပေလိမ့်မည်။


ဆက်ရန်...

Thursday, October 23, 2008

ကျမ၏အကြောင်း



ဇူးလူး
ဇန်န၀ါရီ ၁၂၊ ၂၀၀၈


၂၀၀၇၊ သြဂုတ်လတွင် ကျမအသက်၃၆နှစ်ပြည့်ပြီိ။ ကျမတွင် အမေ၊ အကိုတယောက်၊ မောင်တယောက်၊ ခင်ပွန်းသည်၊ သားနှစ်ယောက်တို့ ရှိသည်။ ကျမအသက်၃၆နှစ်တွင် ကျမ၌ သူငယ်ချင်း ၃၆ယောက်မက ရှိနေပြီး မိတ်ဆွေဟု ထင်ရသူလည်း ၃၆ယောက်မက ရှိနေကာ၊ ရန်သူဟုထင်ရသူ ၃၆ယောက်နီးပါးခန့် ရှိသည်။ (ထိုအချက်မှာ ကျမ၏ အထင်သာဖြစ်၏)။


တချို့သောသူငယ်ချင်းများမှာ ကျမကခင်၍ ကျမကိုမခင်သောသူများ ဖြစ်ကြပြီး အချို့မှာ ကျမကို သူတို့ကခင်၍ ကျမက ပြန်ခင်ချင်ယောင်ဆောင်သောသူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့ ခင်ချင်ယောင်ဆောင်ရခြင်းမှာ ထိုသူတို့ စိတ်မကောင်းမှာ စိုးသောကြောင့် ဖြစ်၏။ ထို့အတွက် ကျမ အနည်းငယ် လိမ်လည်ရပါသည်။ ကျမသည် အသက် ၃၆နှစ်အရွယ်တွင် ပိပိရိရိ လိမ်ညာပြောဆိုနေတတ်ပြီဖြစ်သည်။ ယခုအချိန်ထိ ကျမ အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးပြီ ဖြစ်သည်။

တချို့သောသူများမှာ အမှန်တရားကို ပြောဆို၍ မရသောကြောင့် လိမ်ညာရခြင်းသာဖြစ်ရာ ထို့အတွက် ကျမ အနည်းငယ် စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ကျမနှုတ်ဖျားမှ လိမ်လည်သည့် စကားများကို ကျွမ်းကျင် ပိုင်နိုင်စွာ ပြောဆိုနေတတ်ပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရပါသည်။ ကျမ အသက်၃၅နှစ် အရွယ်တွင် ကျမ၌ သားတယောက်သာ ရှိသေးပြီး ထိုကာလက ကျမအတွက် တစုံတရာ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါ။ ထူးထူးခြားခြား မဖြစ်ဆိုသော ကိစ္စရပ်များတွင် လိမ်ညာသည့် ကိစ္စရပ်များလည်း ပါပါသည်။ လိမ်ညာသည့် အလုပ်မှာ ကျမအတွက် ဘာမှ မထူးခြားသော အလုပ်ဖြစ်ပါသည်။

ကျမအသက် ၃၄နှစ်တုန်းက ကျမ၏ အကို အနည်းငယ် နေမကောင်းဖြစ်သည်။ ထိုနှစ်က ကျမ၏ ယောက္ခမကြီး အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သည်။ ထို့အတွက် ကျမ စိတ်မကောင်း(အမှန်တကယ်) ဖြစ်ရသည်။ သူမနှင့်ကျမက ချွေးမနှင့် ယောက္ခမ ဆက်ဆံရေးထက် ပိုသောကြောင့်ဖြစ်၏။ ကျမက သူမကို သူငယ်ချင်းတယောက်လိုပါ ခင်သည်။ ကျမ၏အသက် ၃၃နှစ်၊ ၃၂နှစ်၊ ၃၁နှစ်၊ ၃၀ ပုံမှန် ရုန်းကန်လှုပ်ရှားမှုများဖြင့် ထူးခြားမှု တစုံတရာမရှိလှပါ။ ထိုအချိန်ကလည်း လိမ်ညာမှုများ ရံဖန်ရံခါ ပြုလုပ်နေပြီိး သိပ်မထူးခြားသော ကိစ္စရပ်များထဲတွင် ထိုလိမ်ညာမှုကို ထည့်သွင်း၍ ရနေပြီဖြစ်သည်။

ကျမ၏အသက်၂၉နှစ်တွင် သားကြီးကို မွေးသည်။ ထိုကိစ္စရပ်ကတော့ ကျမအတွက် အလွန်ထူးခြားသည့် ဖြစ်ရပ် တခုဟု ဆိုနိုင်သည်။ သားဦိးဖြစ်သောကြောင့် ကျမတို့လင်မယား အရူးအမူးဖြစ်ကာ ကလေးနှင့်သက်ဆိုင်သည့် အဆိုအမိန့်များကို အိမ်အနှံ့ လိုက်လံ ချိတ်ဆွဲကြသည်။ ထိုအထဲတွင် ပါးရှန်းကဗျာဆရာတယောက်၏ အဆိုအမိန့်တခုလည်း ပါလာသည်။ ထိုအဆိုအမိန့်က “လိမ်တာမကြိုက်ရင် အမှန်တရားကို လက်ခံလိုက်ပါ” ဟူ၍ဖြစ်၏။ ကျမ ထိုစာတန်းကို အလွန်သဘောကျသည်။ သားနှင့် ပတ်သက်၍ ထိုစကားအတိုင်း လိုက်နာကျင့်သုံးကြရန် ကျမတို့ လင်မယား ကတိပြုခဲ့ကြသည်။ သို့သော် ကျမတို့နှစ်ယောက်စလုံး ထိုကတိကို မတည်ခဲ့ကြပါ။ တဦးကိုတဦးလိမ်ညာ၍ ကတိပေးခဲ့ကြခြင်းသာဖြစ်သည်။

အသက်၂၈နှစ်အရွယ်တွင် ကျမ စာပေလောကသို့ စတင်ခြေချမိသည်။ ကျမကချစ်သော၊ ကျမကိုချစ်သောသူနှင့် လက်ထပ်သည်။ (ထိုအချက်မှာ ကျမ၏ထင်မြင်ချက်သာ ဖြစ်သောကြောင့် မှားချင်လည်း မှားနိုင်ပါသည်။ သို့သော် အသက်၃၆နှစ်အရွယ်၊ အိမ်ထောင်သက်ရှစ်နှစ်တွင် ကျမ ထိုစကားကို အနည်းငယ် ရဲရဲဝံ့ဝံ့ ပြောနိုင်နေပြီဖြစ်၏။) ထိုကာလများတွင်လည်း လိမ်လည်ပြောဆိုမှုတချို့ ရှိခဲ့ပါသည်။ သို့သော် မကောင်းသည့် ရည်ရွယ်ချက် တစုံတရာမပါပါ။

အသက်၂၇နှစ်တွင် ကျမကိုချစ်သောသူတယောက်ကို ကျမကမချစ်ဘဲနှင့် ချစ်ပါသည်ဟု ပြောမိခဲ့သည့်အတွက် အမှန်တရား ပေါ်ပေါက်ခဲ့ရသည်။ ထိုဖြစ်ရပ်မှာ ကျမ၏လိမ်လည်မှု မတတ်ကျွမ်းခဲ့သောကြောင့်ဟု ထင်ပါသည်။ သို့သော် ထိုသူက ကျမကို ဆက်လိမ်စေချင်ခဲ့သည်။ ကျမက ကြာကြာ မလိမ်နိုင်ခဲ့ပါ။

ကျမအသက်၂၆ နှစ်တွင်တော့ ငါးနှစ် တိတိ ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့သည့် ဖြစ်ရပ်တခုကို ဖြေရှင်းခဲ့သည်။ ကျမသည် တပါးသူများကို မလိမ်ခင်ကပင် ကိုယ့်ကိုယ်ကိုယ် ငါးနှစ်လိမ်ခဲ့သည်။ ထို့အတွက်ပဲ လိမ်ခြင်းအတတ်ပညာ၌ တဖက်ကမ်းခတ်ခဲ့သည်လားမသိ၊ ငါးနှစ်တိတိ လူတယောက်ကိုချစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့ပြီးမှ ကံကောင်းထောက်မစွာ ထိုဖြစ်ရပ်ပေါ်ပေါက်၍ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျမ၏ အသက် ၂၆ မှ ၂၁နှစ်အချိန်များကို ကျမကိုယ်ကျမ ပြန်လည်လှည့်ဖျားကာ မေ့ထားလိုက်ပါမည်။

၂၁နှစ်အရွယ်တွင် ကျမ၏ဘ၀၌ ကြီးမားသောအပြောင်းအလဲကြီးတခု ဖြစ်ပေါ်ခဲ့သည်။ ကံကြမ္မာ၏လှည့်ဖျားမှုကို အကြီးအကျယ်ခံခဲ့ရသည်။ ထိုနှစ်က ကျမ၏အဖေ ကွယ်လွန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်မှာ ကျမအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတရပ်လည်း ဖြစ်၏။

ထို ရှေ့နှစ်ပိုင်းများတွင်မူ ကျမ၏ဘ၀မှာ သာသာယာယာ၊ အပူအပင် ကင်းမဲ့လှသည်။ ချမ်းချမ်းသာသာဖြင့် မနေရသော်လည်း မိခင်၊ ဖခင်တို့၏ အရိပ်အောက်တွင် စိတ်ချမ်းမြေ့ခဲ့ရသည်။ ထိုကာလများက ကျမတွင် အသေးစား လိမ်ညာမှုလေးများ ရှိခဲ့သော်လည်း ကျမ၏ မပိရိမှုကြောင့် ပေါ်ပေါက်ခဲ့ရသည်က များသည်။ မပြောပလောက်သဖြင့် မဖော်ပြလိုတော့ပါ။

ခုအချိန်တွင် ကျမသည် လိမ်ခြင်းအတတ်ပညာကို တဖက်ကမ်းခတ် တတ်မြောက်ခဲ့သလို၊ လိမ်ရသည့်အလုပ်ကိုလည်း အတော်ပင် ၀ါသနာပါခဲ့ပြီဖြစ်သည်။ ကျမ၏နှုတ်ဖျားမှ အလိမ်အညာများ ရှောရှောရှူရှူ ထွက်သွားတတ်ပြီး တခါတရံ ထိုအလိမ်အညာတို့ကို အမှန်တရားဟုပင် ထင်နေမိသေးသည်။ ၀တ္ထုရေးရသည်ကို ၀ါသနာပါလှသော ကျမအနေဖြင့် လိမ်လည်ခြင်းက တော်တော်လေး အထောက်အကူ ဖြစ်ပါသည်။

ကျမတွင် အမှန်တရားကြောင့် ပြဿနာဖြစ်ရသည်က လိမ်လည်ခြင်းကြောင့် ပြဿနာ ဖြစ်ရသည်ထက် အကြိမ် ပိုများနေသည်မှာ ထူးခြားလှသည်။ သူငယ်ချင်းတယောက်၏ အကြောင်းကို အမှန်အတိုင်း နောက်ပြောင်၍ စာထဲ ထည့်ရေးလိုက်မိသောကြောင့် ခြောက်လလောက် မခေါ်မပြောဘဲနေသည်ကို ခံရဖူးသည်။ ထို သူငယ်ချင်းကို ချော့သည့်အနေဖြင့်မဟုတ်ဘဲ မြှောက်ပင့်ရေးပေးလိုက်ရာ သူက ပြန်ခေါ်သည့်အပြင် သူ့သူငယ်ချင်းများထဲတွင် ကျမကိုအခင်ဆုံးဟုပင် ဆိုလိုက်သေးသည်။ ထို့ကြောင့် တခါတရံ မလိမ်ချင်ပါဘဲ မဖြစ်မနေ လိမ်လိုက်ရသည်များလည်း ရှိနေပြန်သည်။ စိတ်မကောင်းပါ။

ကျမကလိမ်သလောက် ကျမကိုလိမ်မှာကိုတော့ အလွန်ကြောက်ပါသည်။ ကျမ၏ခင်ပွန်း၊ ကျမ၏သားတို့က ကျမကို အသေးစားလိမ်ညာမှုကလေးများ ပြုလာလျင်ပင် ကျမ ခွင့်မလွတ်ပါ။ ကျမကို လိမ်လို့မရအောင် ဘက်ပေါင်းစုံက ထောင့်စေ့စေ့ အကာအကွယ်များ ယူထားပါသည်။ သို့သော် တချို့သော လိမ်ညာမှုများကိုမူ အရှုံးပေးရသည်။ ကျမအရှုံးပေးရသော လိမ်ညာမှုများတွင် ဗြောင်လိမ်ခြင်းများ ပါဝင်သည်။ လိမ်နေသည်ကို သိသိကြီးနှင့် ခံရခက်စွာ ငြိမ်နေရသည့် အခါမှာတော့ ကျမအနေဖြင့် ၀ဋ်လည်သည်ဟုသာ ခံယူနိုင်တော့သည်။

ကျမအသက် ၃၆ နှစ်တွင် အကြိမ်ပေါင်း ၃၆၀၀ မက လိမ်ညာပြီးသောအခါ ရှေ့ဆက် ကျမ ဘယ်လောက် လိမ်ရဦးမလဲ ကျမသိချင်လာသည်။ သေချာတာကတော့ ကျမအသက်ရှင်နေသ၍ ဆက်လိမ်နေရဦိးမည်။ ကျမက မလိမ်ချင်တာတောင် အလိမ်ခံချင်သူများ ရှိနေသဖြင့် လိမ်ကိုလိမ်ရမည်ဖြစ်သည်။ ကျမ၏ဘ၀စာစီစာကုံးထဲတွင် “လိမ်” ဟူသောစကားကို ဖယ်ထုတ်လိုက်ပါက ဘာမှ ကျန်တော့မည်မဟုတ်ကြောင်းကို ၀မ်းနည်းစွာ သိလိုက်ရချိန်တွင် ကျမအသက် ၃၆နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် ဤစာကို ကျမရေးဖြစ်ပါသည်။

မှတ်ချက်။ ။ စာဖတ်သူကို ၀န်ခံစရာတခု ရှိသေးသည်၊ ထိုအရာမှာ ကျမရေးခဲ့သော အထက်ပါစာစုတခုလုံး အမှန်များချည်းဟု မယူဆစေလိုခြင်းပင်။

(အသက်၃၆နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကိုယ် အလိမ်ပါရဂူဘွဲ့ အပ်နှင်းလိုက်သော ဇူးလူး ကိုယ်တိုင် ရေးသားသည်။)

(မိုးမခစာမျက်နှာမှ ပြန်လည်ဖော်ပြပါသည်)

ဆက်ရန်...

ဆင်ခြေဖုံးဆက်တင်



ကြည်မွေ့အိမ်
အောက်တိုဘာ ၂၁၊ ၂၀၀၈

အိမ်မွေးဘဲငန်းတစ်အုပ်၏ ဂူးဂူးဂဲဂဲ အော်မြည်သံကြောင့် စိတ်အနှောင့်အယှက်ဖြစ်လှစွာ အိပ်ယာမှ နိုးထခဲ့ရသော နံနက်ခင်းပေါင်းများစွာကို သူမ ပိုင်ဆိုင်ရလေ့ရှိပါသည်။ မကျေမနပ် ဖြစ်ရတတ်သော်လည်း ဘယ်သူ့ဘယ်သူကို အပြစ်ရှာလက်ညှိုးထိုး၍ ရမယ်ရှာရမည် မသိတတ်နိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ္တုချတရားပြပြီး စကားလုံးများစွာကို ပြန်မျိုချခဲ့ရသော နေ့ရက်ပေါင်းလည်း များခဲ့ပေပြီ။


သူမတို့ရပ်ကွက်သည် လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက် ဖြစ်သဖြင့် ဆိုက္ကားနင်းစားသူများ၊ ဆိတ်၊ ဝက်မွေးသူများ၊ ဘဲငန်းမွေးသူများ၊ စက်ရုံအလုပ်သမားများ၊ အထမ်းသမားများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် နေ့စားလိုက်သော အလုပ်သမားများ၊ ကြုံရာကျဘမ်း အိမ်သာကျင်းတူး အလုပ်သမားများ၊ သစ်ပင်ခုတ်၊ အုန်းပင်တက်သည့် အလုပ်သမားများ ပေါများသော ရပ်ကွက်ဖြစ်ပေရာ စာတတ်ပေတတ် စာရေးစာချီဝန်ထမ်းများ နည်းပါးလှပါသည်။

ကလေးများနှင့် ခွေးလေခွေးလွင့်များ ပေါများလှ၏။ မိုးလင်းတာနှင့် ကလေးငိုသံ၊ ဆူသံ၊ ဆဲသံ၊ ခွေးအူသံ၊ ခွေးဟောင်သံ၊ ဘဲငန်းအော်သံ အစရှိသဖြင့် အသံမျိုးစုံတို့က နံနက်ခင်းနေထွက်တာနှင့်အပြိုင် အလုအယက် တိုးထွက်လာတတ်ကြ၏။ သူမတို့အိမ်နှင့် မျက်နှာချင်းဆိုင် အိမ်သားစုများကတော့ ပထွေးနှင့် မယားပါသားနှစ်ယောက်က အငှားဆိုက္ကားနင်းစားကြသူများဖြစ်ပြီး မိခင်ဖြစ်သူက အမဲသားတုတ်ထိုး ရောင်းပါသည်။ ပထွေးနှင့် နောက်ထပ်ရသော ကလေးလေးယောက်အပါအဝင်၊ မယားပါ သားအကြီးဖြစ်သူက တလောကပင် လူပျိုဘော်ဝင်ကာ ဟိုတလောဆီကပင် မိန်းမ ခိုးလာပြီး စုစုပေါင်း လူဦးရေ ကိုးယောက်တို့သည် ထို တဲသာသာ အိမ်ပုတ်အိမ်စုတ်ကလေး၌ စုပြုံတိုးဝှေ့ နေထိုင်ကြသည်ဖြစ်ရာ နေ့နေ့ညည အသံဗလံများက စဲသွားသည်ဟူ၍မရှိချေ။ ကလေးငိုသံ၊ အရက်မူးပြီးလင်မယား အချင်းများသံ၊ မယားပါသားများနှင့် ပထွေးဖြစ်သူတို့၏ အပြန်အလှန် စော်ကားပုတ်ခတ် အော်ဟစ်သံ၊ ကန်ကျောက်ထုရိုက်ကာ ငိုယိုအော်ဟစ်သံများဖြင့် သူမ၏ နံနက်ခင်းအိပ်ယာထချိန်ကို မသာမယာဖြစ်အောင် ပထမဦးဆုံး ဖျက်ဆီးပစ်သော မိသားစု စာရင်းဝင်များလည်းဖြစ်ကြပေသေး၏။

မျက်စောင်းထိုးအိမ်ဆီကတော့ မူဆလင် ကုလားမိသားစုများ နေထိုင်ကြပါသည်။ သူတို့အလုပ်ကား စက်ဘီးပြင်၊ ဆိုင်ကယ်ပြင်သောအလုပ်ဖြစ်လေသည်။ အိမ်ထောင်စုသုံးစု စုပေါင်းနေထိုင်ကြသော အနှီတဲကုပ်ကုပ်ကို အိမ်ရှေ့ခြံစည်းရိုးထိပ်အရောက် အဖီချထားကာ တစ်အိမ်ထဲတွင် လူ ဆယ့်ငါးခြောက်ဦး နေထိုင်ကြသည့်အပြင်၊ တစ်နေ့တစ်နေ့ နားကွဲလုမတတ် ဆိုင်ကယ်စက်နှိုးသံ တဝူးဝူး၊ တူထုသံ၊ ပလာယာဖြင့် တဗျန်းဗျန်းရိုက်နေသံ၊ လမ်းမပေါ်ထွက်ပြီး ကြွားဝါသံ၊ အချင်းများသံ၊ ကလေးတပြုံတမ အော်ခေါ်သံ၊ သူတို့ကုလားလို တရစပ် တဗျိဗျိနှင့် ဖလူးဖလူး ပြောသံ၊ အရပ်ကို ရေဝေသဖြင့် နေ့နေ့ညည မီးစက်သံ တထုန်းထုန်းသံများကလည်း စိတ်နောက်ကျုဖွယ် နံနက်ခင်းကို ပုံဖော်ဆောင်သူများအဖြစ် ပါဝင်ပတ်သက်လျက် ရှိပေသေး၏။

ခေါင်းရင်းတစ်အိမ်ကျော်ဆီကတော့ ဘဲငန်းမွေးသော မိသားတစ်စု နေထိုင်ကြပါသည်။ လင်ဖြစ်သူက အသက်ငါးဆယ်ကျော်၊ မယားဖြစ်သူက ခုနှစ်ဆယ်နား ကပ်နေပြီဖြစ်သည့် ဆံဖြူအဖွားကြီးဖြစ်ပါ၏။ လင်ဖြစ်သူက ယခင်က လယ်သမား ဖြစ်သော်လည်း ယခုမူဆိုက္ကားသမား အဖြစ် နေ့တွက်ကိုက်လျက် နေပေပေသည်။ မယားဖြစ်သူ အဖွားကြီးက နေ့စဉ်လိုလို ခမောက်စုတ်တစ်လုံးဆောင်းကာ လည်တံရှည် ဘဲငန်းတစ်အုပ်ကိုတုတ်ရှည်တစ်ချောင်းဖြင့် တို့ကာယမ်းကာ ရပ်ကွက်အစွန် ကွင်းပြင်အစပ် ရေကန်ရှိရာသို့ ထိန်းကျောင်းမောင်းနှင်ကာ ဘဲကျောင်း ထွက်ရသူတည်း။ သူ့ဘဲငန်းတစ်အုပ်၏ ဆူသံကား တစ်ရပ်ကွက်လုံး နားမခံသာအောင် ဆိုးဝါးလွန်းလှပေ၏။ သားတစ်ယောက် သမီးတစ်ယောက် မွေးထားကာ သမီးဖြစ်သူမှာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖော်ရလေသေး၏။ သားဖြစ်သူ ခြေသလုံးအိမ်တိုင်သမားကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ် ဖြစ်ရင်းကနေ မိန်းမလိုချင်လှချည်ရဲ့ ဆိုလို့ မိဘနှစ်ပါးမှာ ဘာကြာသေးလ၊ဲ တစ်လလား ရှိသေးတာ၊ အကြွေးတင်ခံပြီး အိုးနင်းခွက်နင်း မင်္ဂလာဆောင်ပေးလိုက်ရသေးသည်လေ။

လက်ကြောခြေကြော မတင်းသည့်ကောင်က ဘယ်လိုမိန်းမပျင်းမျိုးကို ရွေးယူခဲ့သည်တော့ မသိ။ ဖခင်ဖြစ်သူ ဆိုက္ကားနင်းရာမှ မောမောပမ်းပမ်း ပြန်လာ၊ ရေထမ်းဖြည့်၊ ထိုထမ်းဖြည့်ထားသောရေကို လင်မယားနှစ်ယောက် အခန့်သားချိုးပြီး အလှပြင်ကာ လက်ဖက်ရည်ဆိုင်ထွက်ထိုင် မအေက ဘဲကျောင်းရာမှပြန်လာ၊ နေမြင့်မှ ချက်ပြုတ်ပြင်ဆင် ခူးခပ်သောထမင်းကို အရံသင့်စားကာ အေးအေးလူလူ ဇိမ်ယူနေကြသဖြင့် အစ်မဖြစ်သူ အထည်ချုပ် အလုပ်သမက မခံနိုင်ရာမှ အော်ကြဟစ်ကြ၊ ဆဲကြဆိုကြ၊ ဆူကြပွက်ကြ၊ ရိုက်ကြပုတ်ကြနှင့် လူတွေကလည်း တပြူးပြူးတပြဲပြဲ၊ ဘဲငန်းတွေကလည်း တဂူးဂူး တဂဲဂဲနှင့် ရပ်ကွက်ထဲ နောက်ထပ် စည်ပင်ဝပြောစရာ ဇာတ်ဝင်ခန်းတစ်ခုလည်း ဖြစ်ပေသေးသည်။

သူမတို့ ခြေရင်းအိမ်ဆီကတော့ သားဖြစ်သူခမျာ နည်းနည်းလည်လည်ဝယ်ဝယ်ဆိုတော့ အိမ်မှာ ဘက်ထရီအားသွင်းခြင်း၊ မီးစက်တစ်လုံးဝယ်၊ ရေခဲသေတ္တာ ဝယ်ပြီး ရေခဲထုပ် ထုပ်ရောင်းကာ ဆိုင်ကယ်တဖုတ်ဖုတ်နှင့် ရပ်ကွက်ထဲမှာ မီးအလင်းနိုင်ဆုံးအိမ်အဖြစ် စာရင်းပေါက်နေပြီး နေ့ရောညပါ တဟီးဟီး တဟားဟား ဗီဒီယိုတဝါးဝါးနှင့် ကြွားကြွားရွားရွား နေနိုင်သူများ ဖြစ်ကြ၏။

ဒီဘက်မျက်စောင်းထိုးယွန်းယွန်းအိမ်ဆီကတော့ ကုန်စိမ်းသည်လင်မယား၊ ကုလားဗုဒ္ဓဘာသာဝင် မိသားစု နေထိုင်ကြသည်။ အဖွားအိုတစ်ယောက်၊ သမီးကလေးတစ်ယောက်ရှိပြီး ဈေးကြီးထဲမှာ ကုန်စိမ်းဘန်းနှင့် ပျံကျရောင်းကြပြီး သူတို့ဘာသာ အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ် နေကြလေ၏။ ပတ်ဝန်းကျင်ကို တယ်ပြီး ဒုက္ခမပေးလှပေ။ ဒီဘက် အရှေ့အိမ်က ကောင်မလေးကတော့ ကိုယ်လေးလက်ဝန်နှင့် တရှောင်ရှောင် ဖြစ်လို့နေ၏။ သူထမင်းစားမကောင်းတာကိုပင် မကျေမနပ်ဖြစ်ကာ တစ်ရပ်ကွက်လုံးကြားအောင် အာပြဲကြီးနှင့် စားမကောင်းဘူးဗျို့၊ နေမကောင်းဘူးဗျို့၊ လုပ်ကြပါဦးဗျို့နှင့် တစ်ချိန်လုံး ဗျို့ဟစ်နေတတ်သည့် ကလေးမ ဖြစ်ပေသည်။ သူ့ယောက်ျားလေးကတော့ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ သန်လျက်ကိုင်အဆင့် ပန်းရံဆရာဆိုလား ပြောဖူးသည်။ မိုးစုပ်စုပ်ချုပ်မှ ပြန်လာရသော လင်ဖြစ်သူခမျာမှာ မမောပမ်းအားဘဲ တစ်ချိန်လုံး သူ့အပြစ်ချည်း လက်ညှိုးထိုးရန်ရှာနေသော ကောင်မလေးကို ချော့ချည်တစ်လှည့် ခြောက်ချည်တစ်ခါ နေရသူဖြစ်၏။

ဒီဘက် အနောက်အစွန်ဆုံး အိမ်ကတော့ တော်တော့်ကိုဆိုးသည်။ ရပ်ကွက်ထဲမှာတော့ အမိုက်စားအပျံစားပင်။ လင်ဖြစ်သူနှင့်မောင်ဖြစ်သူက ရေနံမှာ ဒရဝမ်ဆိုလား ညစောင့်ဆိုလား မသိ။ ထောတယ်လို့ လူပြောသူပြောကြားရ၏။ ဟုတ်နိုင်လောက်ပေ၏။ ဘယ်လိုပုံ ဘယ်လိုနည်းနှင့် ထောတယ်တော့လည်း မဆိုနိုင်။ ညဘက်ဆိုလျှင် တစ်ညလုံးလိုလို အငြိမ့်ဖွင့် ကာရာအိုကေဆို၊ အသံသေးအသံကြောင်နှင့် ဝက်သားတုံးကြီး အဆီပြန်၊ ကြက်သားတုံးကြီး အဆီပြန် ဟေးလား မောင်ရို့ဝါးလုပ်ကာ ပတ်ဝန်းကျင်ကို အဖကမ် တန်သလိုလို၊ ဖုတ်လေသည့်ငပိ ရှိလေသည်လို့ မထင် သလိုလို ထီမထင် ဂရုမစိုက်ဘဲ နေကြသူများ ဖြစ်လေ၏။ ရပ်ကွက်ကွဲမတတ် ကျယ်လောင်ဆူညံစွာ သီချင်းဆူဆူဖွင့်ထားပေရာ တစ်ခါတစ်ခါ ဆောင့်ဆောင့်ဝင်လာသည့် နားအူဆူသံကြောင့် ဘယ်သူ့ခေါ်တာလဲ၊ဘာပြောတာလဲနှင့် အော်မကြား ခေါ်မကြား စကားမေးမရ သတင်းမေးမရနှင့် ဦးခေါင်းတို့ မူးဝေလောက်အောင် နောက်ကျုစရာကောင်းလှချေ၏။

အဲဒီနောက်ဘက်နည်းနည်းထပ်လျှောက်လိုက်မယ်ဆိုလျှင်တော့ အချိုလေး၊ အချဉ်လေး၊ မုန့်ပဲသားရေစာလေး ရောင်းတဲ့ ဈေးဆိုင်ငယ်လေးတစ်ဆိုင် ရှိသည်။ကြံလေး၊ ဇီးထုပ်လေး၊ ပဲလှော်လေး၊ နှမ်းပျစ်ယိုလေး၊ ကြက်သွန်ဥ အသေးထုပ်လေးတွေ၊ အချိုမှုန့်အထုပ်ငယ်လေးတွေ ထုပ်ပြီး ရောင်းတဲ့ဆိုင်လေးဖြစ်သည်။ တစ်ခါတရံ ဖယောင်းတိုင်လေး ဘာလေးတောင် ရနိုင်သေးသည်။ ခေတ်ဟောင်းပင်စင်စား လင်မယားနှစ်ဦးဖြစ်ပြီး အလွန့်အလွန် ကုပ်ကပ်စေးနှဲကာ ချေးထူလှသော ရုံးဝန်ထမ်းအပျိုဟိုင်းကြီး သမီးတစ်ဦးလည်း ရှိသေးလေ၏။ ငါးရာတန်တို့ နှစ်ရာတန်တို့နှင့် ချိုချဉ်မုန့်ပဲသရေစာ ဝယ်စားလို့ မရ။ ငွေအကြွေပြန်အမ်းလျှင် တမေ့တမောကြီး ကြာမြင့်တတ်လွန်းလှသဖြင့် တော်တန်ရုံ ဈေးဝယ်ကြသူများ၊ အထူးသဖြင့် ကလေးများမှာ စိတ်မရှည်နိုင်ဘဲ ရှိကြရာ သူအော် ကိုယ်အော်နှင့် တော်တော် အလုပ်ဖြစ်လျှက်နေသည်။

အဘွားကြီးကတော့ ဟိုအိမ် ဒီအိမ် စပ်စပ်စုစု ဖျစ်ဖျစ်တောက်တောက် လုပ်တတ်၏။ သူနှင့် အလွန်တည့်သူများ၊ အပေးအယူမျှသူများ၊ သူ့ကိုမြှောက်ထိုး ပင့်ကော်လုပ်နိုင်သူများ သူ့ဆိုင်ဈေးလာဝယ်မိပြီဆိုလို့က တော်တော်နှင့် အိမ်မပြန်ရတတ်တော့ပေ။ ထိုလူ၏ လက်ကို မလွှတ်တမ်းဆွဲထားပြီး စိတ်ပျက်စရာကောင်းလောက်အောင် ကရားရေလွှတ်၊ ဟိုလူ၊ ဒီလူ့အကြောင်း မဲ့ကာရွဲ့ကာ စောင်းကာချိတ်ကာ မနားတမ်းပြောလေတော့၏။ သမီး ဖြစ်သူ အပျိုဟိုင်းကြီးမူကား လမ်းလျှောက်လျှင် ဦးခေါင်းကို ခပ်မော့မော့ ထားတတ်ပြီး တစ်ရပ်ကွက်လုံး ဘယ်တစ်ယောက်မှ သူနှင့် မတူမတန် သွေးနားထင်ရောက်ကာ ဘယ်သူ့မှလဲ အဖက်လုပ်ပြီး အရေးတယူ မရှိတတ်လှချေ။

''အလကားလူတွေ၊ တစ်ရပ်ကွက်လုံးပေါင်းမှ လေးတန်းတောင်မရတဲ့ လူဖျင်းလူညံ့တွေ၊ လူအ၊ လူနတွေ''ဟု အမြဲပင် ရေရွတ်နေတတ်လေ့ရှိသူဖြစ်လေသည်။

နောက်ဖေးအိမ်ကျတော့ တစ်မျိုးတစ်ဘာသာ။ သူများတကာရဲ့ အိမ်နောက်ဖေးခြံဝိုင်းအဖီလေးထဲမှာ ငှားနေရလို့သာ တော်ပေတော့သည်။ စကားပြောလျှင် မိုးထိလုမတတ်၊ ခေါင်တက်ခိုက်နေတတ် ပြန်သေး။

''ကြက်သားပဲ ဝယ်လာလိုက်တယ်လေ၊ အမလေး … သူများတို့ကတော့ မရှိရင်သာနေမယ်၊ မကောင်းလို့ကတော့ မစားသေးဘူးမှတ်၊ သူများတကာလို သေရင် ဘယ်သူ ခံစားစံစားမယ် မသိတဲ့ နှပ်ချေး ငပိလုပ်စားတတ်တဲ့ သူမျိုးကို သိပ်သောက်မြင်ကတ်တာ၊ ဝယ်မှာစားမှာပဲ၊ ကိုယ်သေတော့ ကိုယ့်နောက် ဘာပါသွားမှာလဲ၊ ဝတ်ကောင်း စားလှလည်း တစ်စုံရှိဆိုရတာပေါ့။ ဘုန်းကြီးကျောင်း အလှူတို့၊ ပွဲလမ်းသဘင်တို့ ဆိုတာလည်း တစ်နှစ်တစ်ခါ လာတာ၊ အလကား ရပ်ကွက်ကြီး၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာ၊ အလှူအတန်းများမသွားတာမှ ခပ်ကောင်းကောင်း၊ သမီးရေ… ရော့ အဲဒါ ပေါင်သားချည်းသက်သက် ဝယ်လာတာ၊ ငါးဆယ်သား၊ ချက်စမ်း…''

''ဟင်းချက်ဖို့ ဆီမရှိဘူးအမေ၊ ငရုပ်သီးမှုန့်လည်း ကုန်နေတယ်''

''မဝမ်တို့ဆိုင်မှာ နှစ်ဆယ်သားလောက် အကြွေးသွားယူထားလိုက်။''

''အမေကလည်း…ဟိုနေ့ကပဲ…''

''လျှာမရှည်စမ်းနဲ့ ချိနဲ့မရေ၊ ငါက သွားဆိုသွားစမ်း… အမေကပြောတယ်လို့ပြော၊ နောက်နေ့ နင့်အဖေ လစာရလာတော့ ပေးမယ်ပြောလိုက်…'' အစရှိသဖြင့်ပေါ့လေ။ တစ်ခါတလေ သူမ အိမ်ပြေးလာတတ်သည်။

''ဘယ်ရှိမလဲ အနုရယ်၊ အိမ်မှာက ဝန်ထမ်းနှစ်ယောက်ရဲ့ လစာလေးနဲ့ မှီပြီး စားနေရတာ၊ အဒေါ်တို့မှာ ဘာလုပ်ငန်းမှ ရှိတာမှမဟုတ်ဘဲ အပိုအလျှံ မရှိပါဘူးကွယ်'' အမေက သို့ကလိုပြောလျှင် အလွန်အမင်း မကျေမနပ်သော မျက်နှာပေးဖြင့် ''အဒေါ်ကလည်း တစ်နေ့ကပဲ လစာထုတ်တာ၊ အခုကုန်ပြီလား…၊ ကုန် ကုန်နိုင်လွန်း''

သူမမှာ ငိုရအခက်၊ ရယ်ရအခက် ပါးစပ်ဟောင်းလောင်းပွင့်ကာ အကြောင်သား ငေးမော နားထောင်နေရ၏။ ရေထမ်း ရောင်း တဲ့ တစ်ခုလပ် တစ်လင်ကွာ ကလေးနှစ်ယောက်အမေ မိန်းမရွယ်ကလည်းတစ်မျိုး။ ရပ်ကွက်ထဲက အိမ်တွေဆီ ရေထမ်းပြီး လိုက်ရောင်းမယ့် ကိစ္စကို အများသုံး ရေတွင်းမှာ သွားမခပ်ဘဲ သူမတို့ တုံကင်မှာ တစ်နေကုန် တဂျိဂျိ လာနှိပ်နေသည်။ အိမ်မှာက လူအိုတွေနဲ့ မိန်းမသားတွေချည်းရှိလို့ ရေမနှိပ်နိုင်တာနဲ့ မီးနဲ့မောင်းတဲ့ မော်တာစက်သေးသေးတစ်လုံး ဝယ်ပြီး ရေမောင်းတော့လည်း သုံးရတယ်လို့ကိုမရှိ။ သူချည်း ဒိုင်ခံရေလာလာသယ်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ရေထမ်းကာ စီး ပွားရှာနေ၏။ ရေတစ်ထမ်း တစ်ရာတဲ့။ ကောင်းရော။ အိမ်က သောက်ရေလေး တစ်စည်လောက် ထမ်းဖြည့်ပေးစမ်းပါဆိုတော့ သောက်ရေဆိုရင် တစ်ထမ်း နှစ်ရာပဲတဲ့။ မလျှော့နိုင်ဘူးတဲ့။ ဖနောင့်နဲ့ထပြီး ပေါက်ဖို့ ကောင်းတဲ့ဟာတွေ။ ကြာတော့ သူမမှာ သည်းမခံနိုင်တော့။

''နင့်ဘာသာ ရေတွင်းက သွားခပ်ပြီး ထမ်းရောင်းပါ၊ နင်စီးပွားရှာဖို့ ငါတို့ ရေမောင်းနေတာမဟုတ်ဘူး။ ဒါ ငါတို့တစ်အိမ်သုံးဖို့ မဖြစ်မနေ လုပ်ထားရတာ'' လို့ပြောတော့ ဘာပြန်ပြောတယ် မှတ်သလဲ။ သူမတို့ ကွယ်ရာမှာလေ။ ''လူမှုရေး တော်တော်ခေါင်းပါးတဲ့အိမ်၊ ရေအကျိုးဆယ်ပါး ဆိုတာကို မကြားဖူးဘူးလား မသိဘူးတဲ့။ ဟုတ်… ဟုတ်သေးတော့။ တရားကျရပါ၏။ ပြီးတော့ ဒီရပ်ကွက်၊ ဒီလမ်းထဲမှာ တစ်အိမ်တည်းသော သင်္ဘောသားဟောင်းတစ်အိမ်မှာ အိမ်သုံး လက်ကိုင်ကြိုးဖုန်းလေးရှိသည်။ အရေးအကြောင်းမို့ ဖုန်းသွား မဆက်မိလေနဲ့။ ရှိရှိသမျှ တစ်အိမ်သားစုလုံး ဖုန်းနံဘေးစုပြုံပြီး ဝိုင်းကြီးပတ်ပတ်နေကြတော့တာ။ ဖုန်းနံပါတ်ကို စာရွက်ပေါ်ရေးပြီးပြထား ပေးရသည်။ ကိုယ့်ဘာသာ ယူနှိပ် လို့မရ။ ဖုန်းကို မကိုင်ရ။ မထိရ။

''မကိုင်နဲ့…မကိုင်နဲ့ လက်အစိုတွေ၊ အပေတွေနဲ့ဖုန်းက တစ်လက်ကိုင်ပဲကောင်းတာ၊ ရပ်ကွက်ထဲမို့ အားနာလွန်းလို့သာနော်၊ မဟုတ်ရင် ရှုတ်ရှုတ်ယှက်ယှက်နိုင်လို့ ခေါ်မပေးပါဘူး။ အလကား အလုပ်ပျက်အကိုင်ပျက်နဲ့ ရတာနဲ့မှ မကာမိဘူး''

''အပြင်ဖုန်းလည်း ဒီလောက် မပေးရပါဘူးဗျာ။ကျုပ်တို့ ကုမ္ပဏီဝန်ထမ်းတွေပါ၊ ဒီလောက်လည်းမဟုတ်ပါဘူး သိပါသေးတယ်။

''ဟဲလို … ဟဲလား … ဘယ်သူ … ဟဲ့လို … ကျယ်ကျယ်ပြောပါ… ဘယ်သူ့ကိုခေါ်ပေးရမှာလဲ၊ မကြားရဘူး… ပြန်ပြောပါဦး… ဟဲလို…ဟဲလို''

''ပေးစမ်းပါဗျာ… ခင်ဗျား ဟဲလိုး ဟဲလား လုပ်နေတာနဲ့ ဖုန်းဖိုးကုန်ပြီး ဖုန်းက ကျသွားရော့မယ်။ တစ်ဖက်လူက စိတ်မရှည်ဖြစ်ပြီး ဖုန်းချသွားရုံပဲရှိမှာ၊ ပေးပါ ဖုန်းက နိုင်ငံခြားဖုန်းမို့ သည်းခံ ခေါ်နေရတာ၊ ပိုက်ဆံလည်း မငြိုမငြင်နဲ့ တောင်းသလောက် ပေးတာဗျ။ တစ်မြို့လုံးမှာ ဖုန်းတွေ ဗွက်ပေါက်နေတာ၊ အချိန်မပေးနိုင်လွန်းလို့ အိမ်နီးတယ်ဆိုပြီး အောင့်နေရတာ ခင်ဗျား ဘာမှ နားလည်းမကြားဘဲနဲ့ စွတ်စွတ်အော်နေ၊ ဟိုက လိပ်ခေါင်းထွက်အောင် အော်လည်း ကြားမှာမဟုတ်ဘူး။ ကျုပ်ဒီအချိန် ကြိုချိန်းထားတာ မလွဲဘူး။ ပေးပါဗျ ဖုန်းကို ခင်ဗျားနဲ့ ပြောမှာလား ကျုပ်နဲ့ ပြောရမှာလား''

''ဖြည်းဖြည်းလုပ်ပါဟဲ့၊ ကျကွဲတော့ လျော်မှာလဲ မဟုတ်ပဲနဲ့'' အဲသလိုပါပဲ။ သူမတို့ရဲ့ တဲစုစု အိမ်တန်းတွေ စီနေတဲ့ ရပ်ကွက်ထဲမှာတော့ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ အဟုတ်အမှန် ဇာတ်လမ်း၊ ဇာတ်ကြမ်းနဲ့ ဇာတ်ဝင်ခန်းမျိုးစုံရှိသည်။ ကြမ်းမလား…ရမ်းမလား။ လွမ်းမလား… ဆွေးမလား။ ဖိုက်မလား… မိုက်မလား။ ပျော့မလား… မာမလား။ မွှေးမလား… နံမလား။ ချဲမလားကျဲမလား။ အားလုံးရသည်။ ဒါတွေတင် ရတာလားဆိုတော့ မဟုတ်သေး။

ကလေးတွေ၊ ခွေးတွေ၊ ဆိတ်တွေ၊ ဝက်တွေ၊ ဘဲငန်းတွေ အရူးအနှမ်းတွေ၊ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေကလည်း ဘာမဆို အားလုံးရသည်။ နုမလား… ပြုမလား။ ညဆယ်နာရီကျော် ဆယ့်တစ်နာရီထိုးအထိ အသံဗလံတွေ မငြိမ်တတ်သေး။ ဟေးဟေးဝါးဝါး ဖြစ်တုန်း။ နင်လားကွ… ငါလားကွနှင့် ပညာပြိုင်တုန်း။ အဖေကယ်ပါ အမေကယ်ပါနှင့် တ,တုန်း။

ဒီလိုနှင့် ထုံးတမ်းအစဉ်အလာ လာနေကျ လာရိုးလာစဉ် နောက်ထပ် နံနက်ခင်းအသစ်တစ်ခုမှာ ဖြစ်သည်။''ဆရာမရေ… ဗျို့… ဆရာမရေ… နိုးပြီလားဗျို့'' အိမ်ရှေ့ ခြံတံခါးပေါက်ဆီမှ ဆင့်ကဲဆင့်ကဲ အော်ခေါ်နေသံကြောင့် သူမ အိပ်ယာမှ လူးလဲထကာ နားစွင့်လိုက်ပြီး ကပျာကသီ အိမ်ရှေ့ပြေးထွက်ကာ ဘယ်သူလဲ ဘာကိစ္စလဲနှင့် မေးရမြန်းရသည်။

''ရေခဲချောင်းရောင်းတဲ့ အဘိုးကြီး ဦးသံချောင်းလေ၊ အဲဒါညက ဆုံးသွားရှာပြီ ဆရာမရဲ့ ဆွေမျိုးသားချင်းလည်း မရှိတော့ ရပ်ကွက်ကပဲ စီစဉ်ပြီး ချပေးရမှာ။ ရက်လည်ကိုလည်း ရပ်ကွက်ကပဲ ကြည့်ကျက် လုပ်ပေးကြတာပေါ့။ အဲဒါ ဆရာမ အလုပ်ကအပြန် ရက်လည်ဖိတ်စာလေး ရိုက်လာပေးပါလားဗျာ။ ရန်ကုန်မြို့ထဲဆိုတော့ ဈေးချိုမှာပေါ့။ ပြီးတော့ ဆရာမမျက်နှာနဲ့ ဆိုတော့လေ…''

သူမမှာ ကိုယ့်မျက်နှာကိုယ်ရောင်ရမ်းပြီး စမ်းမိမလို ဖြစ်သွားသည်။

''ဖိတ်စာရဲ့ ကုန်ကျစရိတ်ကိုလည်း ဆရာမပဲ စိုက်လာခဲ့ပါတော့နော်။ ရက်လည်ပြီးမှ ရှင်းကြ လင်းကြတာပေါ့။ မကောင်းဘူးလားဗျာ။ ထို့နောက်မှာတော့ သူမတို့ အိမ်ရှေ့တစ်ဝိုက်ဆီသို့ အိပ်မှုံစုံမွှားရပ်ကွက်သားများ ရောက်လာကြပြီး ရုံးစု ရုံးစု ဖြစ်သွားကြပါသည်။ မကြာချေ။ ကလေးများ၊ ခွေးများလည်း အာပုပ်စီးကြောင်းနှပ်ချေးတွဲလောင်း၊ ပြာနံ့တထောင်းထောင်းတို့ဖြင့် တစ်ယောက်တစ်ပေါက်ဆိုသလို ပေါက်ပေါက်ဖောက်ကြလေတော့၏။ ''အေးလေ… မုန့်ဟင်းခါးလေးပဲ အချိန်နှစ်ဆယ် သုံးဆယ်လောက် ဖြစ်အောင် လုပ်ပေးရတော့မှာပေါ့။ ဒါပဲ ကောင်းပါတယ်။ နိုင်နိုင်နင်းနင်း…''

''ဟေး… ဘိုးဘိုးကြီး ဦးသံချောင်းသေသွားပြီတဲ့ကွ၊ မုန့်ဟင်းခါးစားရတော့မယ်ဟေ့… ပျော်လိုက်တာ… ဝေးဟေးဟေး'' မြူးတူးအော်ဟစ်ကာ ခုန်ပေါက်နေကြသော ကလေးတစ်သိုက်ကို ကြည့်၍ သူမမှာ အိမ်ပေါ်သို့ ခပ်သုတ်သုတ် ပြန်တက်လာခဲ့မိပါသည်။ အိမ်ပေါ်ရောက်မှ ရင်ဘတ်ကို လက်နဲ့ အသာဖိကာ သက်ပြင်းကျိတ်ရှိုက်ရလေ၏။ အော်… ဒုက္ခ… ဒုက္ခ။

ဒီလို… ဒီအကြောင်းတွေကြောင့်ပဲများ သူမဟာ ဒီရပ်ကွက်ထဲမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာအောင် နေနိုင်ခဲ့တာ ဖြစ်ပေမည်လေ။

(မိုးမခစာမျက်နာမှ ပြန်လည်ဖော်ပြသည်)

ဆက်ရန်...

Tuesday, October 21, 2008

မျက်ဝန်းညိုမ



ညက ပိုမိုတိတ်ဆိတ်လာသည်။ ဆိုင်တွင်းမှာလဲ လူရှင်းစ ပြုလာသည်။ ငွေသိမ်းကောင်တာမှ အရောင်းစာရေးမလေးများက အိမ်ပြန်ရင် ပြင်စပြုနေပြီ။ သူမရှိနေသည့် ဆိုင်၏နောက်ဆုံးတန်းမှာတော့ လူရှင်းနေသည်။ သူမ ပတ်ဝန်းကျင်ကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ဆံပင်ဆာမူရိုင်းနှင့် ကျောပိုးအိတ်လွယ်ထားသော ကောင်မလေးကို သူမ မျက်စောင်းထိုးကြည့်နေမိသည်။


“ကြည့်တော့သာ လူကောင်က သေးသေးလေး ဟွန်း ငါ့ကို ပုခုံးချင်းယှဉ်ချင်သေးတယ်”
စိတ်ထဲမှ မကျေမနပ်နှင့် ကြိတ်ပြီး ရည်ရွတ်လိုက်မိသည်။
ကောင်မလေးကတော့ မျက်လုံးညိုကြီးများရွဲလျှက် လက်မှ နာရီကို ငုံ့ကြည့်နေသည်။
သူမရောက်ပြီး သိပ်မကြာခင်မှာ မျက်ဝန်းညိုမလဲ ဒီဆိုင်ကိုရောက်ရှိလာသည်။
မျက်ဝန်းညိုမ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဆိုင်ထဲမှာ ထင်တိုင်းကြဲနေသော သူမ၏ သြဇာက ကျလာသည်။ သူမသည် ရုပ်ရည်ချောမောလှပသည်၊ ချမ်းသာသည်၊ ၀ါကြီးသည်၊ ငွေရှိသည်၊ အဆက်အသွယ်ကောင်းသည်။ မွေးစားမိဘတွေကလဲ လူဂုဏ်ထံ အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသည့်အတွက် သူမထံမှာ အလှမွေး တိရစ္ဆာန်တွေဆိုတာ အမျိုးလေးဆယ်ခန့်ရှိသည်။ ခွေး၊ကြောင်၊မြင်း မပြောနှင့် သူမထံမှာ အလှမွေး ခြင်္သေ့တစ်ကောင်တောင် ရှိလိုက်သေးသည်။ သူမထံမှာ ကားတွေကလဲ အမျိုးမျိုး၊ ဂျစ်ကားတစ်မျိုး အမိုးပွင့်ကားတစ်ဖုံ မရိုးနိုင်အောင် ပိုင်ဆိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေ။ ဒီဆိုင်ကလဲ သူမမွေးစားမိဘတွေ ပိုင်သည့်ဆိုင်။ အရင်ကဆို သူမထင်တိုင်းကြဲနေကျ။ အခုတော့…။
ဟင်း.. ။ သူမသက်ပြင်းချမိသည်။

မျက်နှာချင်းဆိုင်က ကိုယ်လုံးပေါ်မှန်ထဲမှာ သူမကိုယ်သူမ ပြန်မြင်နေရသည်။ မို့မောက်တဲ့ ရင်အုံ၊ သေးသွယ်သောခါး၊ ပြေလျောကျသွားတဲ့ တင်ပါးနှင့် လှချင်တိုင်းလှနေသောသူမ။ ရှည်လျားကော့ပြန်နေတဲ့ မျက်တောင်ရှည်များနှင့် ၀န်းရံထားသည့် မျက်လုံးများကလဲ လှပနက်ရှိုင်းလွန်းနေသည်။ ရွှေအိုရောင်ဆံပင်ပျော့ပျော့လေးတွေ ၀ဲပျံနေတာက တမျိုးချစ်စရာ။ နှုတ်ခမ်းတွေကလဲ မွေးရာပါ စိုရဲဖူးမွတ်နေသည်။ မိန်းကလေး အချင်းချင်းတောင် သူမကိုမြင်လျှင် အိမ်ခေါ်ချင်စရာဟု သူငယ်ချင်းများက ပုခုံးချင်းတိုက် စဖူးသေးသည်။

သူမရဲ့ အရပ်က ငါးပေနဲ့ ကိုးလက်မ၊ ပေါင်ချိန် ၁၁၀ ဆိုတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပေါ့။ ရင် ၃၆၊ ခါး ၁၈၊ တင် ၃၃။ သူမကို ဆရာဝန်ကတော့ သိပ်ပိန်လွန်းနေသည်ဟု ပြောပေမယ့် မကြားချင်ဟန်ဆောင်နေလိုက်သည်။ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အဆီပြင်ထက် ၁ရ ရာခိုင်နှုန်းလျော့နေတယ်ဟု သူမ ဆရာဝန်က လျာရှည်တော်မူလိုက်သေးသည်။ သူမ ဆံပင်ကို ခါပြီး ခေါင်းမော့ထားလိုက်သည်။ ဒီပုံတိုင်းဆိုရင်တော့ ဒီဆရာဝန် အိမ်ကို မလာစေရတော့ဘူးဟု စိတ်ထဲက တေးမှတ်ထားလိုက်သည်။

သူမနဲ့ နီးစပ်နေတဲ့ ပတ်ဝန်းကျင်က မိန်းမတော်တော်များများကလဲ သူမလိုအသားအရည်၊ ကိုယ်လုံးကိုယ်ထည်၊ မျက်နှာအနေအထား၊ ဆံပင်ပုံဆံ တုချင်လွန်းလို့ ကိုယ်လုံးလှအောင်လုပ်၊ အသားအရည်ကိုပြုပြင်၊ အို အမျိုးမျိုးပါပဲ။ နောက်ဆုံး သူမလို ခါးသေးရင်ချီ ကိုယ်လုံးမျိုး လိုချင်လွန်းလို့ ခွဲစိတ်ကုသခံကြသည်တဲ့။ သူမကိုင်တွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် နောက်ဆုံပေါ် လက်ကိုင်အိတ်၊ ဖိနပ်၊ အ၀တ်အစား စသဖြင့်ကိုလဲ လိုက်တုပြီး ၀တ်ကြသည်တဲ့။ ဒီသတင်းတွေ ကြားရတော့ ဆံပင်လေးတွေ လှုပ်ခါအောင် သူမ ရယ်မောလိုက်မိသေးသည်။



“ကြိုးစားလိုက်ကြဦး အမိတို့။ တို့ကိုတော့ ဘယ်သူမှ မမှီစေရဘူး”
စိတ်ထဲမှ ကြုံးဝါးပစ်လိုက်သည်။

အခုတော့လဲကြည့်ကြစမ်းပါဦး။ ဘာမဟုတ်တဲ့ ငချွတ်မလေး ဆိုင်ထဲရောက်လာသည်။ သူမ မိဘတွေကလဲ ဘာစိတ်ကူးနှင့် ဒီကောင်မလေးကို ဆိုင်ထဲ ဆွဲသွင်းခဲ့ပါလိမ့်။ ကောင်မလေးက သနားကမားလေးပါ။ သို့ပေမယ့် ကိုယ့်နေရာကိုယ်သိပုံ မပေါ်။ ဆံပင်ကလဲ အိုးမုတ်ခွက်လိုလိုဘာလိုလို၊ ရှုချင်စရာလုံးဝမရှိ။ ဥစ္စာပစ္စည်းလဲ မယ်မယ်ရရ ရှိပုံမပေါ်။ တစ်ခါကတော့ ဘာစိတ်ကူး ပေါက်သည်မသိ ဆိုင်ထဲကို သူ့ရဲ့ အလှမွေးမျောက်ညိုတစ်ကောင် ခေါ်လာပြီး ကစားနေသေးသည်။ မျှော်လင့်မထားပဲ ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုးမျောက်ကို တွေ့လိုက်ရတော့ လန့်ပြီး တက်ခမန်းချက်ခမန်း သူမ အော်လိုက်မိသည်။ ပတ်ဝန်းကျင်အားလုံးက သူမကို ၀ိုင်းပြီးပြုစုပေးကြသည်။

“သွားသွား.. ဒီမျောက်ကို မမြင်ချင်ဘူး။ ဆိုင်ထဲကထုတ်ပစ်လိုက်ကြစမ်း”

သူမ ပလုံးပထွေး ပြောမိသည်။ သူမပြောတာကို မကြားကြလို့လားမသိ။ မျောက်ညိုကို နောက်နေ့တွေမှာ ဆက်တွေ့နေရသည်။ ဘာမှတော့ ဒုက္ခမပေး။ သူ့ဟာသူ ထိုင်နေသည်။ သူမလဲ ရိုးသွား၍ ဘာမှ ဆက်မပြောဖြစ်တော့။

နောက်ပိုင်းကြာလာတော့ လူတော်တော်များများက မျက်ဝန်းညိုမကို ပြဿနာများကို ဖြေရှင်းနိုင်တဲ့သူ၊ ပေါ့ပါးသွက်လက်သူ၊ ဖြတ်ထိုးဥာဏ်ရှိသူဟု သတ်မှတ်လာကြသည်။ မျက်ဝန်းညိုမကလဲ တော်ပါတယ်ဆိုမှ မန်းတပ်တိုင် တက်ပြနေသေးတော့သည်။ သူများတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စနစ်တကျနဲ့ တစ်ခုခြင်းဆီ တဆင့်ခြင်းစီ ဖြေရှင်းပြသည်။ နောက်ပြီး သူ မဖြေရှင်းနိုင်တဲ့ ပြဿနာများကိုလဲ မဖြေရှင်းနိုင်ကြောင်း ပွင့်လင်းစွာပြောပြီး အကူအညီပေးနိုင်သည့်သူများထံမှ အမြဲ အကြံဥာဏ်တောင်းခံတတ်သေးသည်။ သူမခေါင်းထဲမှာ ဘာတဲ့ သူတို့တွေပြောပြောနေတဲ့ အယ်နာလီတစ်ကယ်လ် လားဘာလား ဒါပဲတွေးနေလားမသိ။ သူမကတော့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်မည်၊ နောက်ဆုံးပေါ် အသုံးအဆောင်တွေ ကိုယ်ပေါ်တင်မည်၊ ဖိနပ်လှလှလေးတွေ ၀တ်မည်။ အမိုးပွင့်ကားပေါ် သူငယ်ချင်းတွေကိုတင်ပြီး လျောက်လည်မည်။ ခါးကို မသေးသေးအောင်၊ ကိုယ်လုံးလှအောင် လေ့ကျင့်ခန်း သင်တန်းတွေ တက်မည်။

သူမ ဘယ်လောက်ကြာကြာတွေးနေမိလဲမသိ။ သူမအနားကို မိသားစုတစ်စု ရောက်လာတော့ မှ အတွေးတွေ ရပ်တန့်သွားသည်။ ကြည့်ရတာ အဖေရယ်၊ အမေရယ်၊ သမီးလေးရယ် ဆိုင်မပိတ်ခင် အချိန်မှီ သမီးမိန်းကလေးလိုချင်သော အရုပ်တစ်ခုခုကို လာဝယ်ပေးပုံရသည်။



“ဖေဖေ သမီး ဒီအရုပ်လေး လိုချင်တယ်”
ကလေးမလေးက အသံစာစာလေးနဲ့ ပြောလိုက်သည်။
“ဘာဘီဒေါလ် လားသမီး၊ မယူရဘူး” အဖေဖြစ်သူက လှမ်းပြောလိုက်သည်။
“ဟွန်း ရဘူး.. လိုချင်တယ်။ ဘာလို့မရတာလဲ”
“တစ်ခြားကောင်းတာ ရှာပေးမယ်နော်” အမေ ဖြစ်သူကလဲ အဖေနဲ့ တလေသံတည်း။
“ကလေးကို တခြား အရုပ်ဝယ်ပေး ခင်လေးရေ့.. ဘာဘီတော့ မ၀ယ်ပေးနဲ့”
“အင်း.. ကိုဦး ၀ယ်ပေးပါဆိုရင်တောင် ၀ယ်မပေးပါဘူး။ တော်ကြာ သမီးလေး သူ့လိုတင်တွေရင်တွေရှိမှ၊ ရွဲနေတဲ့ မျက်လုံးရှိမှ၊ ရွှေရောင်ဆံပင်ရှိမှ မိန်းမစစ်တယ်လို့ ထင်နေပြီး လိုက်လုပ်နေဦးမယ်”
“ပြောသာပြောတာ။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်ပေါင်း ၁၅၀ကျော်မှာ တစက္ကန့်မှာ ဘာဘီ သုံးရုပ်ရောင်းရတယ်ကြားတယ်နော်”
“အင်း.. ကလေးတွေတော့ မလွယ်ဘူး။ ဒီကြားထဲအမေတွေကိုယ်တိုင် ၀ယ်ပြီးသိမ်းထား တာတွေလဲပါတယ်လို့ ပြောကြတယ်ကိုဦးရဲ့။ အသက်လေးဆယ်ကျော်တွေအများစုက ဒီအရုပ်တွေကို ၀ယ်သိမ်းတယ်ပြောတယ်။ သူတို့ငယ်ငယ်က ပေါ်ခဲ့တဲ့ အရုပ်ကိုး”
“သမီးလေးကို ဒိုရာရုပ်လေး ၀ယ်ပေးရင်မကောင်းဘူးလား ခင်လေး”
“အင်း.. ကြိုက်တယ်။ သူက ဥာဏ်သုံးပြီးလဲ ကစားရတဲ့ ဟာတွေပါတယ်။ ကလေးရဲ့ ဥာဏ်ရည်သွေးကို လှုံဆော်ပေးရာလဲရောက်မယ်။ နောက်ဆုံးပေါ် အသုံးအဆောင်တွေဝတ်ပြီး ကားစီးပြီး ရှော့ပင်ပဲထွက်နေတာမဟုတ်ဘူး။ ကလေးက သိပ်လဲ ငယ်သေးတော့ ဒိုရာရုပ်ပဲ ကောင်းတယ် .. ကို”
“ရော့.. သမီးလေး ဒိုရာယူနော်”

သားအမိသားအဖ သုံးရောက် ဆိုင်တန်းထဲမှ ထွက်ခွာသွားကြသည်။ ဆိုင်တန်းတစ်တန်းလုံး တိတ်ဆိတ်သွားသည်။ ကလေးမလေးက ဒိုရာရုပ်ကို ချီပိုးထားသည်။ သူမ ဒိုရာရုပ်ကို ငေးကြည့်နေမိသည်။ မျက်ဝန်းညိုမကလဲ သူမကို ပြန်လည်ငေးကြည့်နေရင်း တရွေ့ရွေ့ ဝေးသွားပါတော့သည်။


အိမ့်ချမ်းမြေ့ (တစ်ပြည်သူ)
(၂၀၀၈ မတ်လထုတ် ချိုးလင်းပြာအမျိုးသမီးစာစောင်မှ)

ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP