Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, November 24, 2008

ကမ္ဘာ့ အရပ်အပုဆုံးနှင့် ခြေထောက်အရှည်ဆုံး



အေပီ။

၂၀၀၉ နှစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း စာအုပ် (Guinness World Records) ကြော်ငြာအတွက် ကမ္ဘာ့အပုဆုံးယောက်ျားနှင့် ခြေထောက်အရှည်ဆုံး မိန်းမ တို့နှစ်ဦးကို လန်ဒန်မြို့လယ်ရှိ ထရာဖဲဂါရင်ပြင် (Trafalgar Square) ၌ ပြသရာ လူအများ၏ စိတ်ဝင်စားမှု ရခဲ့သည်။


တရုတ်ပြည်မှ အသက်၂၀ ရှိ ဟေပင်းပင်း (He Pingping) သည် လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အပုဆုံး လူသားဖြစ်ပြီး အရပ် ၂ ပေ ၅.၃၇ လက်မ သာရှိသည်။ ရုရှားပြည်မှ အသက် ၃၆ ရှိ ပင်ခရာတိုဗာ (Pankratova) သည် ကမ္ဘာ့ ခြေထောက်အရှည်ဆုံး အမျိုးသမီးဖြစ်ပြီး သူမ၏ ခြေထောက်အရှည်မှာ ၄ ပေ ၄ လက်မ ရှိသည်။ သူမ၏ အရပ်မှာ ၆ ပေ ၄ လက်မ ရှိသည်။

ဆက်ရန်...

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိ

ဘုန်းခိုင်။ နိုဝင်ဘာ ၁၈၊ ၂၀၀၇။ ရိုးမ။

စာပေလွတ်လပ်ခွင့်များဆုံးရှုံးနေပြီး မိသားစုဘဝ လုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများ ရှိနေသဖြင့် စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ရန် အကူအညီများပေးနေသည့် ဆရာမ နှင်းပန်းအိမ်ကို စစ်အစိုးရအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် ဖိအားပေး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် မိသားစုဘဝလုံခြုံမရှိတော့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျမခင်ပွန်းက နိုင်ငံရေးကိစ္စတခုနဲ့ ရှောင်တိမ်းနေရတယ်၊ အဲဒီဟာက ကျမတို့အပေါ် ဂယက် ရိုက်တယ်၊ ကျမက ယောင်္ကျားထောင်က လွတ်တဲ့အထိ အခြားထောင်ဝင်စာသမားတွေကို လိုက်တွေ့ပေးတုန်း၊ ဘူးသီးတောင်၊ မိုင်းဆတ်၊ ကလေး၊ မြစ်ကြီးနားထောင်တွေ သွားကူညီပေး တာ၊ အဲဒါ (SB)တွေက ကျမကို မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်၊ အခုယောင်္ကျားက ကိစ္စ တခု ထပ်ဖြစ်နေတော့ ကျမတို့ နေဖို့အခက်အခဲဖြစ်လာတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြော သည်။

ဆရာမနှင်းပန်းအိမ်၏ အမျိုးသားဖြစ်သူမှာ ဒဂုံမြို့သစ် အန်အယ်ဒီလူငယ် အဖွဲ့ချုပ်ဝင်တဦး ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ထောင် (၁၄) နှစ်ချမှတ်ခံရကာ ကလေးထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာဏာပိုင်များနှောင့်ယှက်မှုများနှင့် ပတ်သက်၍ “ကျမမွေးတဲ့မြေ၊ တသက်လုံးနေလာတဲ့ မြေ ကနေ ဘယ်ခွဲချင်ပါ့မလဲ၊ သူတို့က ကျမတို့ကို ဖိအားတွေပေးတယ်၊ ဒီလိုကူညီတာတွေကို စိတ်အနှောင့်အယှက်မျိုးစုံ ပေးတယ်၊ ကားနဲ့သွားရင် ကားနံပါတ်ကအစ စစ်ဆေးတယ်၊ ယောင်္ကျားလွတ်နေပြီ ခင်ဗျားက ဘာကိစ္စနဲ့ လုပ်နေတာလဲ အဲလိုတွေ နည်းမျိုးစုံနဲ့ နှောင့်ယှက် တာ၊ မတွေ့ပြန်ရင်လဲ အိမ်ကိုလာမေးတယ်၊ ဘယ်ကိုသွားတာလဲ၊ ဘာကိစ္စနဲ့လဲ အဲလိုတွေ နေ့စဉ် နဲ့အမျှ ရင်ဆိုင်ရတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။


ထို့အပြင် မြန်မာနိုင်ငံ၏ စာပေလွတ်လပ်မှုနှင့်ပတ်သက်၍ စာပေသမားတိုင်းသည် အနုပညာ မြောက်အောင် ရေးသားနိုင်ဖို့ထက် စာပေစီစစ်ရေးကိုလွတ်အောင် ရေးသားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမတို့ စာပေသမားတွေက ဆင်းရဲတာကို ခံနိုင်တယ်၊ ပြည်သူတွေဖြစ်ပျက်နေတာကို အမှန် တိုင်း ရေးချင်တယ်၊ ကျမရေးခဲ့တဲ့အထဲမှာ စာပေစီစစ်ရေးက ဖျက်တာ (၁၅) ပုဒ်လောက် ခံခဲ့ရ တယ်၊ နောက်တခုက ကျမတို့စာကြောင်းတွေ ဖြုတ်ခံရတာရှိတယ်၊ ကိုယ်ပေးချင်တဲ့အတွေးကို သူတို့ဖြုတ်လိုက်ပြီဆို တပုဒ်လုံးက အဓိပ္ပါယ်မရှိတော့ဘူးလို့ လူထုအမေမာက ပြောခဲ့ဖူးတယ်” ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ဆရာမ နှင်းပန်းအိမ်သည် အမေလူထုဒေါ်အမာ၏ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးများ ဖြင့် ၂၀၀၀ ခုနှစ်မှစတင်ကာ စာပေနယ်ထဲသို့ရောက်ရှိခဲ့ပြီး “တမာပန်းနှင့် ဘဝလမ်း” ဆောင်းပါး ဖြင့် လူသိများလာသူ ဖြစ်သည်။

ယခုအချိန်ထိ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို ၂၀၀ ခန့် ရေးသားခဲ့ပြီး တော်ဘုရားလေးစာပေ ဆု၊ ဂျပန်မှ စာဖတ်သူတဦးပေးသည့် ကျနော်အကြိုက်ဆုံးဆုနှင့် ပြီးခဲ့သည့်လ (၂၆) ရက်နေ့က “ရိုးချောင်းဘေးက ကြာ” ခေါင်းစဉ်ဖြင့် နေမင်းအားမာန်အဖွဲ့မှပေးသည့် ဝတ္ထုတိုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။

ဆက်ရန်...

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌသစ်အဖြစ် ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီးကိုရွေးချယ်

NEJ/ ၆ နိုဝင်ဘာ ၂၀၀၈


ယမန်နေ့က ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ဆရာမနော်လားဖိုးကို ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌအဖြစ် ရွှေးချယ်တင်မြောက်လိုက်သည်။

အောက်တိုဘာ (၃၀)ရက်နေ့မှ နိုဝင်ဘာ (၅)ရက်အထိ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံ ခရိုင်တစ်ခုတွင် ကျင်းပသည့် ညီလာခံမှ ဗဟိုကော်မတီ (၃၅)ဦးကိုလည်း တဆက်ထည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ညီလာခံတွင် မူဝါဒရေးရာ အပြောင်းအလဲမရှိပေ၊ ကရင်အမျိုးသမီးအစည်းအရုံး KWO အနေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ရေးဆွဲချမှတ်ခဲ့သည်ဟု အဖွဲ့ ၏ ဒုဥက္ကဌ နော်ဖောဒေးတိုးက ခေတ်ပြိုင်သို့ ပြောသည်။

ညီလာခံသို့ KWO ဗဟိုနှင့် ဘားအံခရိုင်၊သထုံခရိုင်၊တောင်ငူခရိုင်၊ညောင်လေးပင်ခရိုင်၊ဖါပွန်ခရိုင်၊ဒူးပ လာယာခရိုင်၊ဘိတ်ထားဝယ်ခရိုင်တို့မှညီလာခံကိုယ်စားလှယ်များလေ့လာသူများအပါအ၀င် (၈၇)ဦး တက်ရောက်ခဲ့ကြသည်။



ကရင်အမျိုးသမီးအစည်းအရုံးကို (၁၉၈၅)ခုနှစ်က မာနယ်ပလောဌာနချုပ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညီ လာခံကို (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲ ကျင်းပမှုများလည်း ရှိသည်။

ဆက်ရန်...

Friday, November 14, 2008

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

14 November 2008။ VOA။

မန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေ
ဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း(Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ်အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့ကဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုလည်း အထက်လွှတ်တော်အမတ်
မစ္စ ဖိုင်းစတိုင်းနဲ့ မစ္စ ဟတ်ချီဆန်တို့က တိုက်တွန်းလိုက်ပါတယ်။
မနေ့က မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ် ၂၀ ဦးထက်မနည်းကို
ရန်ကုန်က အထူးတရားရုံးတွေက ထောင်ဒဏ် ၂ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်လိုက်
ပါတယ်။ ထောင်ချခံရသူ အများစုဟာ အန်န်အယ်လ်ဒီပါတီအဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး
တချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုထဲက ဖြစ်ပါတယ်။

ဆက်ရန်...

ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ်

ဖြိုးကြီး။ နိုဝင်ဘာ ၁၃၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း၊ တာမွေအရှေ့ပိုင်းခရိုင်တရားရုံး ခုံ(၁)က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)၊ အသင်းဖွဲ့(၆) ပုဒ်မများဖြင့် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သူ့ရှေ့က နောင်တော်တွေ၊ အမတွေကို ချမှတ် လိုက်တဲ့ နှစ်တွေနဲ့စာရင် ကျနော့်သမီးကို ချမှတ်လိုက်တာကို ဘယ်လိုပြောရမလဲ ကမ္ဘာကြီး မီးလောင်နေချိန်မှာ ဆီမီးခွက် မီးတောက်တာကို ဦးနှောက်ထဲတောင် မထားတော့ပါဘူးလို့ သဘောထားပါတယ်”ဟု မဟန်နီဦး၏ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောသည်။

မဟန်နီဦးအား တရားလိုသက်သေများက သံဃာတော်များစီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ သည်ဟု ထွက်ဆိုခဲ့သော်လည်း အဆိုပါရက်ပိုင်း မဟန်နီဦးမှာ စာမေးပွဲဖြေဆိုနေခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

“အဲဒီရက်တွေမှာက ကျနော့်သမီးက စာမေးပွဲဖြေနေတဲ့ရက်ပါ၊ ကျနော့်သမီး စာမေးပွဲဖြေဆို ကြောင်းရယ်၊ အောင်စာရင်းထုတ်ပြန်တော့ စာမေးပွဲဖြေထားလို့ အောင်မြင်တဲ့ ဘာသာ၊ ကျတဲ့ ဘာသာတွေကို ထုတ်ပြန်ပေးထားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာက ဖြေရင်ဖြေတယ်၊ မဖြေရင်မဖြေဘူးဆိုတာကို စာထုတ်ပေးပါလို့ တရားဝင် သြဂုတ်လ (၂၅) ရက်နေ့မှာ မော်ကွန်း ထိန်းဆီကို စာတင်ပြီးတောင်းတာ အကြောင်းမပြန်ခဲ့ဘူး”ဟု ပြောသည်။

ယခုကဲ့သို့ သမီးဖြစ်သူအား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်၍ “ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန် ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”ဟု ဆက်လက်ပြောသည်။

ထို့အပြင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ကိုမျိုးခင်အား ထောင်ဒဏ် (၆) နှစ်ခွဲနှစ် သစ်စက်အလုပ်သမား ကိုမျိုးခိုင်အား ထောင်ဒဏ် (၄) နှစ်ခွဲစီ အသီးသီးချမှတ်လိုက်သည်။

ဆက်ရန်...

Wednesday, November 12, 2008

နိုင်ငံရေးလှုပ်ရှားသူများ၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက်

၂၀၀၈-၁၁-၁၂။ အာရ်အက်ဖ်အေ။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်ဇော်မင်းဟာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင်တွေထဲမှာ တဦးအပါအ၀င်ဖြစ်ပါတယ်။ ကိုဇော်ဇော်မင်းရဲ့ မိခင် ဒေါ်ခင်စိုးမြင့်ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒေါ်ခင်စိုးမြင့်ရဲ့ ခင်ပွန်းဟာ ၁၉၉၈ ခုနှစ်တုန်းက သာယာဝတီအကျဉ်းထောင်မှာ ဆုံးသွားခဲ့တဲ့ ထီးလင်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းဖြစ်ပါတယ်။ သားတဦးဖြစ်တဲ့ ဦးကျော်ကျော်မင်းက နိုင်ငံရေးလှုပ်ရှားသူဖြစ်ပြီး ထောင် ၇ နှစ် ကျနေခဲ့သူဖြစ်ပါတယ်။

နောက် သားတယောက်ဖြစ်တဲ့ ကိုဆလိုင်းယောအောင်က ၈၈ နောက်ပိုင်း တောခိုသွားခဲ့ပြီး လက်ရှိ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး မြေးဖြစ်သူ ကိုဒီငြိမ်းလင်းက ၂၀၀၇ ခုနှစ် မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ အဖမ်းခံထားရသူဖြစ်ပါတယ်..

ဒါကြောင့် နိုင်ငံရေးသမားရဲ့ ဇနီး၊ နိုင်ငံရေးသမား တော်လှန်ရေးသမားရဲ့ အမေ၊ နိုင်ငံရေးသမားရဲ့ အဖွားတယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲဆိုတာကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်...။



ဆက်သွယ်မေးမြန်းချက်..


အမေ့အနေနဲ့ အမျိုးသားကလည်း ထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ကျပြီးတော့ ဆုံးသွားတယ်.. နောက် သားသမီးတွေလည်း ထောင်ကျတယ်.. တောထဲကိုရောက်သွားတယ်ဆိုတော့ မိခင်တယောက်အနေနဲ့ရော အမျိုးသမီးတယောက်အနေနဲ့ရော ဘယ်လိုခံစားရပါသလဲ။

သားရယ်.. ဒါကတော့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့အချိန်ထဲကို ခြေဆင်းရမှာ အမေတို့တာဝန်ပဲလေ.. နောက် ၈၈ ဒီမိုကရေစီကျောင်းသားခေါင်းဆောင်တွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ သူတို့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရမှာလေ။ အဲဒီလိုထမ်းဆောင်တဲ့အတွက်ဆိုတော့ အမေ့သားတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက သူတို့တာဝန်ကျေပွန်အောင် သူတို့တာဝန်ယူပြီးတော့ ထမ်းဆောင်တယ်။ ဒါပေမယ့် နအဖကလည်း သူတို့က ဒါတွေ တိုက်ဖျက်ရမှာကိုး.. တိုက်ဖျက်ရမယ်ဆိုတော့ သူတို့ကလည်း အမျိုးမျိုးနည်းနဲ့ နှိပ်ကွပ်မယ်.. အမျိုးမျိုးနည်းနဲ့ အနိုင်ကျင့်မှာပဲလေ.. ဒါတွေတော့ အမေတို့ကတော့ ခံနိုင်ရည်ရှိရမှာပေါ့...

အမေ့အမျိုးသား အန်ကယ်ဦးစောဝင်း ထောင်ထဲမှာတုန်းကပေါ့နော်.. ဘယ်လိုကို ကြိုးစားရပ်တည်ခဲ့ပါသလဲ..


အမေ့အနေနဲ့ကတော့ အမေ့အမျိုးသား ထောင်ဝင်စာတွေ သူ့ကို အမျိုးမျိုးအခက်အခဲမတွေ့ အောင်တော့ အမေကြိုးစားပြီးတော့ ပို့ပေးတာပေါ့ကွယ်.. ဒါပေမယ့် သူ နောက်ဆုံးသေသွားတဲ့အချိန်မှာ သေသွားပါပြီဆိုတဲ့ သတင်းလည်း အမေမရလိုက်ဘူး.. နောက်ဆုံး သားငယ်လေးတယောက်ကလည်း ဆုံးသွားတယ်.. .. ဆလိုင်းယောအောင်ရဲ့ညီလေ.. ဆုံးသွားတာကလည်း ပြောရမယ်ဆို နည်းနည်းလေးတော့ ရှည်ပါတယ်.. သားငယ်လေးဟာ ပေါတာဆွဲခံရပြီးတော့ စစ်တပ်ထဲကိုရောက်သွားတယ်။ စစ်တပ်ထဲရောက်သွားတဲ့အချိန်မှာ သားငယ်လေးဟာ ဆေးရုံတက်ရတယ်.. မင်္ဂလာဒုံစစ်ဆေးရုံတက်ရတဲ့အချိန်မှာ သဘောကတော့ သားရယ်.. သူ့ရဲ့ရာဇ၀င်သမိုင်းကို သိလိုက်တဲ့အတွက် လုပ်ကြံခံရတယ်လို့ပဲ အမေယူဆတယ်.. အဲဒီနေရာက သားငယ်လေး.. ၉၈ ဇူလိုင်လ ၃ ရက်နေ့ သောကြာနေ့ပဲလေ.. အဲဒီနေ့ မနက်ကို ၁၀ မှာ အိမ်ကိုရောက်လာတယ်.. ညဘက်ကျတော့ ဆေးရုံမှာ ပြန်သွားပြီးတော့ သားငယ် ဆေးရုံမှာ ဆုံးပါတယ်ဆိုပြီးတော့ အမေ့ဆီမှာ သတင်းရလာတယ်။ အဲဒီအချိန်မှာ အမေတို့ တော်တော်ခံစားရတယ်လေ.. ဒါကြီးတွေက မခံစားဖူးသေးတဲ့အချိန်ကိုး ပထမဦးဆုံးဆိုတော့ ..အဲဒီမှာ ခံစားပြီးတော့ ၁ လပဲကြာတယ်.. တခါ အဖေကြီးက တခါဆုံးရှုံးသွားပြန်တယ်.. ၉၈ သြဂုတ် ၃ ရက်နေ့ဆုံးတယ်.. သောကြာနေ့ ည ၁၀ နာရီ ၅၅.. ဒီအဖေနဲ့သားဆုံးတာ ၁ လပဲခြားတယ်သား... အမေတယောက်အနေနဲ့ရော.. လင်တယောက် ဆုံးရှုံးတဲ့အနေနဲ့ရော အမေဘယ်လောက်ခံစားရမလဲ..

အမေ့အမျိုးသားဆုံးတုန်းကရော သူ့ရဲ့နောက်ဆုံး ရုပ်ကလာပ်ရော ဘာရော တွေ့ လိုက်ရလားခင်ဗျ..

ဘာမှလည်း မတွေ့လိုက်ရဘူး.. သိကို မသိလိုက်ရဘူးသား.. ၆ ရက်နေ့ ထောင်ဝင်စာသွားတွေ့တဲ့အချိန်ကျတော့မှ ဦးစောဝင်းဟာ ဆုံးသွားပြီ.. သင်းဂျိုလ်ပြီးသွားပြီဆိုမှ ဆုံးသွားပြီဆိုတဲ့အကြောင်း သိခဲ့ရတယ်..

ထောင်အာဏာပိုင်တွေကလည်း အကြောင်းမကြားဘူးပေါ့..

ဘယ်သူမှ အကြောင်းမကြားဘူး.. အမေတို့ ဘာမှ မသိလိုက်ရဘူး... အဲဒီတော့ အမေတို့ဟာ အိမ်မှာ သူ့ ရဲ့ အသုဘ ရက်လည်လုပ်တယ်.. ပြီးတော့မှ ထောင်ကို သွားလိုက်တဲ့အခါကျတော့ ထောင်ပိုင်ကြီးက ဓာတ်ပုံကို ပြလိုက်တယ်.. အမေကို.. ဒါဟာ အန်ကယ်ဦးစောဝင်းရဲ့ပုံပါဆိုပြီးတော့ အခေါင်းကြီးမှာ ဦးစောဝင်းဆိုတဲ့ စာတမ်းကပ်ထားတဲ့ပုံပြတယ်.. အမေ့ကို..။ ဟုတ်ပြီ.. အဲဒီတော့ အဲဒီအခေါင်းထဲမှာ အလောင်းဟာ ဦးစောဝင်းရှိမရှိဆိုတာ ကျမ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး.. ကျမ လက်မခံနိုင်ပါဘူးလို့ အမေပြောလိုက်တယ်.. ဒီအခေါင်းကြီးက ခေါင်းကြီးပဲ ပြလို့ရတယ်.. နာမည်က ဦးစောဝင်းတပ်လို့ရတယ်.. ဘယ်သူ့ တပ်တပ်ရတယ်လေ.. အခေါင်းထဲမှာ လူရှိမရှိ အမေမသိပဲနဲ့. လက်မခံနိုင်ဘူး.. နောက်ဆုံး သူ့ ကို သင်းဂျိုလ်လိုက်ပြီဆိုတဲ့အကြောင်းလည်း ကျမတို့ လုံးဝမသိဘူး.. လက်မခံနိုင်ဘူး.. နောက် ဦးစောဝင်းဟာ ဘယ်မှာသေတာလဲ.. ကုတင်ပေါ်မှာ အိပ်ရက်သေတာလား. ဘယ်အခန်းထဲမှာသေတာလဲ.. ရေချိုးခန်းမှာသေတာလား.. အိမ်သာထဲမှာ သေတာလား.. အမေသိချင်တယ်လေ.. ဒါလည်း မရေမရာနဲ့ပဲ.. ပြောလိုက်တယ်.. နောက်ဆုံး အမေပြောတယ်.. ဦးစောဝင်းရဲ့ ပစ္စည်းတွေအားလုံးကို ကျမလိုချင်ပါတယ်.. ကျမရဲ့ အမျိုးသားဟာလည်း သမိုင်းဝင်ပုဂ္ဂိုလ်တယောက်ဖြစ်တယ်.. ကျမမှာ သားစဉ်မြေးဆက် ဒီအဖိုးရဲ့ပစ္စည်း အမွေအနှစ်အဖြစ်နဲ့ ပြချင်ပါတယ်ဆိုပြီးတော့.. အမေတောင်းတဲ့အခါမှာ ဘာပစ္စည်းမှ မရဘူး..... ထောင်ဝင်စတုန်းက အကျီလုံချည် ဟောင်းနွမ်းနေပြီ.. ရိနေတဲ့ဟာလေး နှစ်စုံပဲ အမေရခဲ့တယ်.. ဒီနေ့ထက်ထိ.. အဖေ့ရဲ့ သန်းခေါင်စာရင်းကလည်း လုံးဝ ထုတ်ပယ်ခဲ့ခြင်းမရှိသေးဘူး..


သူတို့ မီးသင်ဂြိုလ်လိုက်တာပေါ့ ဟုတ်လား..


မီးသင်ဂြိုလ်တာမဟုတ်ဘူး.. မြေမြုပ်တယ်လို့ဆိုပြီးတော့ ထောင်ပိုင်ကြီးကနေ ထောင်ဝန်ထမ်းလေးတယောက်က သင်ချိုင်းကို လိုက်ပြတယ်.. မြေပုံကို.. သာယာဝတီထောင်သချိုင်းလေ.. အမေကကြည့်လိုက်တော့... အမေတို့ဟာ ဗုဒ္ဓဘာသာဆိုတာ အရှေ့ ကို ခေါင်းထားပြီးတော့ အနောက်ကိုခြေထားရမယ်.. နော်.. သူတို့လုပ်ထားတာက အရှေ့ ကိုခြေကန်တယ်.. အနောက်ကို ခေါင်းထားတယ်.. မှတ်တိုင်စိုက်ထားတယ်.. သူတို့ ကမန်းကတမ်း လုပ်ချင်သလိုလုပ်.. မြေမြုပ်လိုက်တဲ့ပုံစံလေ..

အဲဒီတော့ အမေ.. သားတွေကျတော့ ဘယ်လိုဖြစ်လဲ့..


အခု အမေ့မှာ ပထမ ၈၈ စပြီး ဖြစ်ပေါ်လာတဲ့အချိန်မှာ နအဖတက်လာတဲ့အချိန်မှာ အမေ့သားတယောက်က နယ်စပ်ကို ထွက်သွားတယ်.. တတိယသားက ၈၉ မေလထဲမှာ ထိန်းသိမ်းခံရတယ်..သာယာဝတီထောင်မှာ ၇ နှစ်ကျခဲ့တယ်..


အဲဒါဘယ်သူလဲအမေ..


ကိုကျော်ကျော်မင်း.. အခု အဲဒီဟာ ၈၈ ကတည်းက နည်းနည်းနားနေပြီလား အောက်မေ့တော့ အခု ၂၀၀၇ မှာ သားအကြီးဆုံး သားအဖပေါ့.. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်း.. ကိုဇော်ဇော်မင်းရဲ့သား ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင် မောင်ဒီငြိမ်းလင်း.. အမေ့ရဲ့ မြေး.. သူတို့သားအဖဟာ ထိန်းသိမ်းခံရတယ်.. အမေ့သမီး ချွေးမကြီးက စက်မှု ၁ က ၀န်ထမ်းလေ.. သူက အလုပ်ပြုတ်တယ်.. နံပါတ်ခြောက် သမီးလေးက စက်မှု ၁ ၀န်ထမ်းပဲ.. သူက အလုပ်က နယ်ပြောင်းခံရတဲ့အတွက် အလုပ်က ထွက်လိုက်ရတယ်.. အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ် အမေတို့ဟာနော် .. .. ၈၈ ကနေစပြီးတော့ ဒီနေ့ ၂၀၀၇ အထိ အမေတို့ရဲ့ ပေးဆပ်ရတဲ့ဟာတွေက များနေပါပြီ.. ဒါပေမယ့် များတယ်လို့လည်း အမေ မအောက်မေ့ဘူး... ဒါပေမယ့် သူတို့ချရမယ့် တာဝန်.. ၆၅ နှစ်ဆိုတာကို နည်းနည်းလေးတော့ စိတ်ထဲမှာ မကောင်းဖြစ်သွားတာပေါ့.. ၆၅ နှစ်ဆိုတာက တကယ်တမ်းတော့ အမေက ပါးပါးလေးပါ.. ခံနိုင်ရည်ရှိရမယ်လေ.. အမေ စဉ်းစားမိတယ်.. အမေ့မြေးကလည်း ဘယ်နေ့ဘယ်ရက်မှာ ထောင်ချမလဲဆိုတာ စောင့်နေတယ်.. မျှော်လင့်နေတယ်..


အမေ့မြေးဟာ အမေနဲ့ တအိမ်တည်းနေခဲ့လား..

မိသားစု အမေတို့ အိုးမကွာအိမ်မကွာ အတူတူ တအိမ်တည်းနေခဲ့တယ်.. မခွဲမခွာနေခဲ့တာသား

အဲဒါ အခုတော့ တကွဲတပြားစီ ဖြစ်ပြီပေါ့နော်..


ဒါက တကွဲတပြားမှာ အစိတ်စိတ်အမွှာမွှာစီပေါ့ သားရယ်.. အဲတော့ အမေ့ရင်ထဲမှာတော့ နေ့ရှိသရွေ့ပေါ့.. ဟုတ်တယ်မဟုတ်လား.. လူဆိုတာ သားသမီး မိသားစု အသိုက်အမြုံလေးနဲ့ နေချင်ကြတာကြီးပဲ.. ဘယ်တိရိစ္ဆာန်မဆို ဘယ်သတ္တ၀ါမဆို.. အမေတို့ ဗမာလူမျိုးပိုဆိုးတာပေါ့.. ဟုတ်တယ်မဟုတ်လား. အမေတို့ ဗမာလူမျိုးက ထမင်းငတ်ရင်လည်း ငတ်သွားပါစေ.. ဒီမိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း အေးအေးချမ်းချမ်းလေး နေချင်ကြတာ.. လူတိုင်းမှာရှိတယ်..


အဲတော့အခု အမေတို့ဟာ တမိသားစုလုံး ပေးဆပ်ထားရပြီးဆိုတော့လေ အမေ့အနေနဲ့ ဘာများပြောချင်ပါသလဲ..

အမေက နောက်ဆုံးမှာချင်တာ အားလုံးကိုပေါ့နော်.. ဒီမိုကရေစီတိုက်ပွဲကြီးကို ဘယ်တော့မှ လက်မလျော့ကြပါနဲ့လို့.. ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးတော့ အောင်မြင်တဲ့နေ့ ဒီမိုကရေစီပန်းတိုင်ကြီးကို အမေတို့ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားတယ်.. အမေကတော့.. အမေလည်း အခု ကျန်းမာရေးကို ဂရုစိုက်တယ်. ဒီမိုကရေစီ မအောင်မြင်ခင်မှာတော့.. အမေလည်း အသေမခံနိုင်ဘူး.. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေ.. မိခင်တွေကိုလည်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါလို့ နော်.. နောက် အထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးလည်း ကျန်းမာအောင်သာ ဂရုစိုက်.. ဘယ်ဟာတွေပဲ.. ဘယ်လိုပဲ.. ဘယ်ပုဒ်မတွေတပ်တပ် ဘယ်နှနှစ်ပဲချချ ဒါတွေကို စိတ် လုံးဝ ၀င်စားခြင်းမရှိပဲနဲ့.. ကိုယ့်ဟာကိုယ် ပုံမှန်လေ့ကျင့်ခန်းလုပ်.. စားချင်တာစား.. ကျန်းမာရေးသာ ဂရုစိုက်ပါလို့..


ဟုတ်ကဲ့အမေ.. ကျေးဇူးပါပဲ.. အမေကျန်းမာပါစေခင်ဗျာ..


သားပေးတဲ့မေတ္တာတွေ ခံယူရပါစေကွယ်..

ဆက်ရန်...

Tuesday, November 11, 2008

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ

ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈။ ခေတ်ပြိုင်။
အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။

မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။


သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။


ဆက်ရန်...

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်

ဗွီအိုအေ။ မိုးဇော်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား
တွေကို ဒီကနေ့ စီရင်ချက်ချမှတ်လိုက်ပြီး အများစုကို ထောင် ၆၅ နှစ်စီ ချမှတ်လိုက်
တယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်း
အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဒီကနေ့ စီရင်ချက်ချခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ကိုမင်းဇေယျ၊
ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင် (ခ)
ကြီးသန်း၊ ကိုဇေယျာ၊ ကိုကျော်ကျော်ထွေး(ခ) မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် (ခ)
ဇောက်ထိုး၊ မနီလာသိန်း၊ မသင်းသင်းအေးခေါ် မမီးမီး၊ မမာမာဦး၊ မစန္ဒာမင်းနဲ့
မသက်သက်အောင်တို့ဖြစ်ပြီး အားလုံး၁၄ ယောက်ဖြစ်ပါတယ်။ ဒီသတင်းကို
ကိုပဏ္ဍိတ်ထွန်းရဲ့မိခင် ဒေါ်ညွန့်ညွန့်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အခုလို
ပြောပါတယ်။

"ကျမလည်း ထောင်ရှေ့မှာနေတဲ့ မိတ်ဆွေတယောက်ပေါ့၊ အဲဒီရပ်ကွက်ထဲက၊
သူလှမ်းပြီးအသိပေးလို့ သိတာပါ။ သူတို့ကတော့ ကျမတို့ကို အိမ်တိုင်ရာရောက်
တရားဝင် စာနဲ့လည်း အကြောင်းကြားတာမဟုတ်ဘူး၊ နှုတ်နဲ့လည်း အကြောင်းကြား
တာမဟုတ်ဘူး။ ကျမတို့လည်း ကြားတာပဲ။ ကိုပဏ္ဍိတ်ထွန်း အပါအ၀င် ၁၄ ယောက်ကို
ထောင်ဒဏ် ၆၅ နှစ်ချလိုက်တယ်လို့ ကျမ ကြားပါတယ်။"

ဒီနေ့ စီရင်ချက်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ
သူတို့လည်း ကြားသိရကြောင်း ပြောပေမယ့် အာဏာပိုင်တွေထံက တိုက်ရိုက်
အကြောင်းကြားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တဲ့သတင်းကို အင်းစိန် အကျဉ်းဦးစီးဌာနကို
ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အတည်ပြုချက် မရခဲ့သလို သတင်းထုတ်ပြန်ရေးမှာ
တာဝန်ရှိတဲ့ ရဲမှူးကြီးဝင်းခေါင်ကို ဆက်သွယ်ပေမယ့်လည်း တယ်လီဖုန်း လက်ခံ
ဖြေကြားတာ မရှိခဲ့ပါဘူး။

ထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး
အကျဉ်းသားဟောင်းတယောက်က သူရရှိထားတဲ့သတင်းကို အခုလိုပြောပြပါတယ်။

"သိရတယ်ဆိုတာ ဒီဟာနဲ့ပတ်သက်ပြီးတော့ မာကီးခေါ် ကျော်ထွေးကို ၆၅ နှစ်၊ ဂျင်မီ
ကို ၆၅ နှစ်၊ မင်းဇေယျကို ၆၅ နှစ်၊ ပဏ္ဍိတ်ထွန်းကို ၆၅ နှစ်၊ အံ့ဘွယ်ကျော်ကို ၆၅ နှစ်၊
မီးမီးကို ၆၅ နှစ်၊ နီလာသိန်းကို ၆၅ နှစ်၊ သက်သက်အောင်ကို ၆၅ နှစ်၊ မာမာဦးကို
၆၅ နှစ်၊ နေမျိုးကျော်က နှစ် ၂၀ နဲ့ ၆ လ၊ စောဝေက ၂ နှစ်၊ နောက် ကြီးသန်းက
၆၅ နှစ်၊ စန္ဒာမြင့်ခေါ် ရွှီးက ၆၅ နှစ် အမိန့်ချလိုက်တယ်ဆိုတဲ့အကြောင်း သိရှိရတယ်။"

သူကတော့ ဒီကနေ့ တာမွေတရားရုံးကို ရုံးထုတ်လာသူတွေဆီက တဆင့် သိရတာ
ဖြစ်တယ်လို့ ပြောပါတယ်။

အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့သူတယောက်ကတော့ ထောင်ဝင်စာသွားတွေ့သူ
တွေကို မမီးမီးက ရုံးထုတ်ပြီးအပြန်မှာ သူတို့တွေကို ထောင် ၆၅ နှစ် ချမှတ်လိုက်တဲ့
အကြောင်း အော်ပြောသွားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ထောင်ဒဏ်
၆၅ နှစ် ချမှတ်ခံရသူတွေဟာ အီလက်ထရောနစ်ဥပဒေအရ ၁၅ နှစ်စီနဲ့ အမှု ၄ မှု
အတွက် နှစ်၆၀၊ တရားမ၀င်အသင်း ဥပဒေအရ ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၆၅ နှစ်
ချမှတ်ကြောင်း ပြောပါတယ်။

အခုလို စီရင်ချက်ချမှတ်လိုက်တဲ့အပေါ်မှာ ကိုပဏ္ဍိတ်ထွန်းရဲ့မိခင်က အခုလိုပြောပါ
တယ်။

"ဒါက နည်းမှန်လမ်းမှန်လည်း မဟုတ်ဘူး၊ တရားသဖြင့်လည်း မဟုတ်တဲ့အတွက်
ကြောင့် ဝေဖန်တဲ့လူအပိုင်းကလည်း ဘာကိုဝေဖန်ရမှန်း မသိဘူး။ တရားဥပဒေအတိုင်း
ဆိုရင် ကျမတို့သားတွေက ခိုးဆိုးလုယက် ဖျက်ဆီးနေတာလည်း မဟုတ်ဘူး။ ဒီလောက်
ကြီး ပြစ်ဒဏ်ကြီးကြီးမားမား ချလိုက်တဲ့အပေါ်မှာ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင်
မသိတဲ့အနေအထား ဖြစ်နေတယ်။"
ဒီကနေ့ စီရင်ချချမှတ်လိုက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို လွန်ခဲ့တဲ့နှစ် သြဂုတ်
လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်
ဆန္ဒပြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက်မှ အမှုစတင်
စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုတော့
တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင် ၆ လချမှတ်ပြီး လွန်ခဲ့တဲ့လအတွင်းက မအူပင်
ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။

ဆက်ရန်...

Monday, November 10, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာစင်သီယာမောင်တို့ကို စပိန်မှ ဆုချီးမြှင့်မည်..



အာရ်အက်ဖ်အေ
၂၀၀၈-၁၁-၁၀

မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို နိုင်ငံတကာက ပိုသိလာအောင်နဲ့ မြန်မာ့အရေးကို ထောက်ခံတဲ့အနေနဲ့ စပိန်နိုင်ငံ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို လူ့အခွင့်အရေးဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

ဒီဆုတွေကို လက်ခံရယူဖို့ ဒေါက်တာစင်သီယာမောင်ဟာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဆုကိုတော့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က တာဝန်ခံတဦးဖြစ်တဲ့ မဇိုယာဖန်းက လက်ခံမယ်လို့ သိရပါတယ်။

ဒီဆုပေးပွဲနဲ့ပတ်သက်ပြီး Burma Campaign UK က ညွှန်းကြားရေးမှူး Mr. Mark Farmaner က ဒီဆုဟာ စပိန်နိုင်ငံ ကတ်တလိုနီးယားပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာ အမြင့်မားဆုံး လူ့အခွင့်အရေးဆုဖြစ်ပြီး ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို ချီးမြှင့်ပါတယ်။ ဒီဆုပေးပွဲကို စပိန်နိုင်ငံတ၀န်းက မီဒီယာတွေမှာ ဖော်ပြမှာဖြစ်လို့ မြန်မာ့အရေးကို စပိန်ပြည်သူတွေ ပိုသိပြီး ထောင်ခံမှုပိုရလာမှာပါလို့ ပြောပါတယ်။

ကတ်တလိုနီးယားပြည်နယ်ဟာ စပိန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာရှိပြီး ပြည်နယ်မြို့ တော်ဘာစီလိုနာအပါအ၀င် လူဦးရေ ၇ သန်းကျော် နေထိုင်တဲ့ ဒေသကြီးဖြစ်ပါတယ်။ မနက်ဖြန်မျာ ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုမှာ ငွေသားဆုလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာစင်သီမောင်နဲ့ မဇိုယာဖန်းတို့ မနက်ဖြန်မှာ ကတ်တာလိုနီးယားပြည်နယ် ဥက္ကဌ မစ္စတာဟိုဆေးမွန်တေးလ်နဲ့လည်း တွေ့ ဆုံဖို့ ရှိသလို သတင်းထောက်တွေနဲ့ တွေ့ ဆုံဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဆက်ရန်...

ဒီမိုကရေစီရေးလှုပ်ရှားသူ စစ်သည်ဟောင်း ဒေါ်နုနုအေး ကွယ်လွန်

ခွန်အောင်မြတ်။ (သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက်စာမျက်နှာမှ)
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှ စတင်ကာ မြန်မာပြည် ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် အစဉ်တစိုက်ပါဝင်ခဲ့သော လေတပ်စစ်သည်ဟောင်း ဒေါ်နုနုအေး (၇၀နှစ်) သည် ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့ မယ်တော် ဆေးခန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။

ဒေါ်နုနုအေးသည် တပ်မတော်(လေ)၊ (၅၀၂) လေတပ်စခန်းမှ တပ်ကြပ်ဟောင်း၊ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) သံလွင်စခန်းကော်မတီ ၀င်ဟောင်း၊ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများအဖွဲ့(နာယက)၊ လက်ရှိသားသုံးသား ပူးပေါင်း လှုပ်ရှားမှု ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူလူထုဖက်သို့ ပထမဆုံး ကူးပြောင်း သွားသည့် တပ်မတော်သားများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်နုနုအေးသည် လေတပ်မှ တပ်မတော်သား ၈ ဦးကို ဦးဆောင်ပြီး ကျောင်းသားတပ်မတော်သို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ABSDF ရဲဘော် တဦးက ပြောသည်။

ABSDF စတင်ဖွဲ့စည်းချိန်တွင် ဒေါ်နုနုအေးသည် အမျိုးသမီးရဲမေများ၏ အဖွဲ့ ခေါင်းဆောင် အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

"ဆရာမကြီးက ဘာလဲဆိုလို့ရှိရင် ဒီမှာ ပါလာတဲ့ အမျိုးသမီးတွေ အားလုံးပေါ့နော်။ တော်လှန်ရေး ရဲမေအားလုံးကို သူ့ကိုအဖွဲ့ခေါင်းဆောင်အနေနဲ့ သူ့ကို လေးလေး စားစားနဲ့ တင်ထားတဲ့အခါမှာ ဆရာမကြီးက အမျိုးသမီးနဲ့ပတ်သက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ပတ်သက်တဲ့ထဲမှာ သူက အမေ လိုပဲပေါ့နော်၊ ခေါင်းဆောင် ဖြစ်သွားတယ်။ သူ့ရဲ့ပထမဦးဆုံး တော်လှန်ရေးမှာ ထိန်းသိမ်းလှုပ်ရှားတဲ့ ဟာပေါ့နော်။ သူ့ကိုလည်း ခင်ကြတယ်။ ကျနော်တို့ကတော့ သူနဲ့ အသက်အရွယ်ချင်းကလည်း ကျနော်နဲ့ ဆယ်နှစ်လောက် ကွာလို့ ကျနော်တို့ကိုတော့ ကိုတွေနဲ့တပ်ခေါ်တာပေါ့နော်။ ကျနော်တို့ ထက်ငယ်တဲ့လူတွေကျတဲ့ အခါတော့ သားသမီးတွေလို့ပဲ သူက ခေါ်တယ်။ သူ့မှာ ဖော်ရွေမှုတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အံ့သြစရာ အကောင်းဆုံးက သူ့မှာရှိတဲ့ ပစ္စည်းတွေပေါ့ဗျာ ဘယ်သူပဲ လာတောင်းတောင်းပေါ့ ရက်ရက်ရောရော ပေးတယ်ဗျ။”

ဒေါ်နုနုအေးသည် ပြည်သူဖက်မှ ရပ်တည်ပေးသည့် စစ်မှန်သည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ထောင်လို သည့် ရည်မှန်းချက်ရှိသည်ဟု ၎င်းနှင့် လက်တွဲခဲ့ဖူးသည့် ရဲဘော်ဟောင်း တဦးက ပြောသည်။

"နောက်ပိုင်းမှာ စက်တင်ဘာ အရေးခင်းဖြစ်တဲ့ အခါကျတော့ သူ့ရဲ့ရည်မှန်းချက်ကို အကောင် အထည် ဖော်နိုင်ဖို့အတွက်ကို သားသုံးသားလှုပ်ရှားမှုကော်မတီမှာ သူက ဥက္ကဌ လုပ်လိုက်တယ်။ သားသုံးသားဆိုတာ ဘာလဲဆိုရင် တစ် ရဟန်း ဘုရားသား၊ နောက် ကျောင်းသား၊ တပ်မတော်သား ဆိုတဲ့ အဲဒါ ဖြစ်တယ်။ သူကျနော်နဲ့ တွေ့တဲ့အချိန်မှာ သူ ကျနော့်ကို တိုင်ပင်တယ်လေ။ တိုင်ပင်တဲ့ အခါမှာ သားတို့ကျောင်းသားတွေလည်း တာဝန် ကျေတယ်။ ရဟန်းသံဃာတော်တွေလည်း တာဝန် ကျေတယ်။ ငါတို့တပ်မတော် သားတွေ လည်း တာဝန်ကျေဖို့လိုတယ်။ အဲဒီအတွက်ကို အမေက အဲဒါ လုပ်ချင်တယ်။ အမေက လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ မင်းတို့နဲ့ပူးပေါင်းပြီးတော့လုပ်ချင်တယ်၊ အဲဒါကြောင့်မို့ လို့ အမြဲတမ်း ငါဒီမှာပဲနေမယ်။ သေတာတောင်မှ ဒီမှာပဲ သေချင်တယ်။"

ဒေါ်နုနုအေးသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ သို့ပြောင်းရွှေ့အခြေစိုက် နေထိုင်ခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လာပြီးနောက်တွင် ယခုလို ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နုနုအေး၏ ဈာပနအား နိုဝင်ဘာလ ၁၁ ရက်နေ့ မဲဆောက် တောရဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပမည် ဖြစ်သည်။

ဆက်ရန်...

၂၀၁၀ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မည်ဟု ကရင်အမျိုးသမီးအဖွဲ့ပြော

နွယ်လေး။ (သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက်စာမျက်နှာမှ)
နိုဝင်ဘာလ ၆ရက် ၊၂၀၀၈ခုနှစ် ။

လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင် ရှုတ်ချပြီး လူထုက ပူးပေါင်းကန့်ကွက်ကြရန် စည်းရုံးလှုံ့ဆော်သွားမည်ဟု ကရင်အမျိုးသမီး အစည်းအရုံးက ၎င်းတို့၏ (၅)ကြိမ် မြောက် ညီလာခံ အပြီးတွင် ကြေညာချက်ထုတ်ပြန် လိုက်သည်။

ညီလာခံတွင် အသစ်တင်မြောက်ခံရသည့် ကရင်အမျိုးသမီးအစည်းရုံး၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန် က- "ကျမတို့ရှေ့လုပ်ငန်းစဉ်ထဲမှာ ၂၀၁၀ ခုနှစ်မှာရှိတဲ့ နအဖစစ်တပ်ရဲ့ မတရားတဲ့ ပြည်သူလူထုကို အနိုင်ကျင့်ပြီး ရွေးကောက်ပွဲလုပ်တာကို ကျမတို့ဒီညီလာခံကိုလာတဲ့ ကိုယ်စားလှယ် အားလုံးက လုံးဝရှုတ်ချတယ်။ မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆို လာတဲ့ ကိုယ်စား လှယ်ထဲက အချို့တွေဆို အတင်းအဓမ္မ မဲပေးဖို့ ခိုင်းစေခံရတယ်။ အဲတော့ ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ဒီလို လူထုဆန္ဒ မပါတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ပြင် ပြည်သူလူထုထဲကို ကန့်ကွက်မဲပေးဖို့ ရှေ့လုပ်ငန်းစဉ်မှာ လူထုရှင်းလင်း ပွဲ၊ လူထုစကားဝိုင်းတို့ လုပ်ဖို့ အစီစဉ်ရှိတယ်" ဟု ပြောသည်။

နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍတွင် ကရင်အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေး အသိအမြင်များ ထပ်မံဖြည့်ဆည်းသွားကြရန်လည်း ညီလာခံ ကိုယ်စားလှယ် များက ဆုံးဖြတ်ခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။

နော်ဘလူးမင်းနိုက်ဇန်က "အမျိုးသမီးများ အမျိုးသားများနဲ့ ရင်ဘောင်တန်း ပြီးတော့ အုပ်ချုပ်နိုင်တဲ့ထိ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ထိ စွမ်းဆောင်ဖို့ ဆောင်ရွက်ပေးတဲ့ နေရာမှာ ဒီနေ့ ကျမတို့ရဲ့ ကရင် အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး ဖြစ်ခဲ့တဲ့ နော်စီဖိုးရာစိန် ကေအဲန်ယူ အဆင့်မြင့် ဦးဆောင် တဲ့နေရာမှာ အထွေထွေအတွင်း ရေးမှူးချူပ် တာဝန်ယူ မဲပေးနိုင်တဲ့ထိ ရောက်ရှိလာတာဟာ ကျမတို့ ရဲ့အောင်မြင်မှု အထွဋ်ထိပ်လို့ပြောလို့တယ်။ ကျမတို့ ချမှတ်တဲ့ လုပ်ငန်းစဉ် အကုန်လုံးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ ရာနှုန်းအားနဲ့တော့ ၇၀ လောက် အောင်မြင်တာ တွေ့ရတယ်။" ဟု ပြောသည်။

ခရိုင်အသီးသီးရှိ ကရင်အမျိုးသမီး အစည်းအရုံးအဖွဲ့ခွဲများအနေဖြင့် မိမိတို့ လှုပ်ရှားမှုသမိုင်းကို မှတ်တမ်းတင်ရန်၊ အစည်းအရုံးကို ပြန်လည်တည်ထောင်ခဲ့သည့် ၁၉၈၅ ခုနစ်မှ ၂၀၀၈ခုနှစ်အတွင်း ပါဝင်ဆောင်ရွက်ခဲ့သည့် အဆင့် မြင့် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်သည့် အမျိုးသမီး ခေါင်းဆောင်များ ဦးရေကို ပြန်လည်ကောက်ယူ မှတ်တမ်းတင် ရန်တို့ကို ရှေ့လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက် သွားမည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ဆက်လက် ပြောသည်။

(၅)ကြိမ်မြောက်ညီလာခံကို ကရင်ပြည်နယ်၏ နယ်မြေတနေရာတွင် အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၅ရက် အထိ ကျင်းပပြီး ရှေ့လာမည့် လေးနှစ်သက်တမ်း အတွက် တာဝန်ယူမည့် ထိပ်ပိုင်းခေါင်းဆောင် (၅)ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ညီလာခံသို့ ခရိုင်(၇)ခုနှင့် အထူးဒေသ နှစ်ခုမှ ကရင်အမျိုးသမီး ကိုယ်စား လှယ်များ စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့သည်။

ဆက်ရန်...

Monday, November 3, 2008

စီဒေါက မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှု

ဒီဗွီဘီ။ ရီမေအောင်။

မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေရမှုတွေကို ဖော်ထုတ်တင်ပြခဲ့တဲ့ ပြည်ပမြန်မာတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုဟာ မြန်မာပြည်တွင်းက အမျိုးသမီးတွေ လွတ်မြောက်မှုအ တွက် အထောက်အပံ့ဖြစ်စေတယ်လို့ အမျိုးသမီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ချီးကျူးကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ကျင်းပနေတဲ့ စီဒေါအစည်းအဝေးမှာ တင်ပြနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းကြတဲ့ မြန်မာတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ဆောင်ရွက်ချက် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် ဘားအံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က ကြိုဆိုလိုက်တာဖြစ်ပါတယ်၊

`အမျိုးသမီးတွေလုပ်ဆောင်မှုက အင်မတန်မှ ကျမတို့အတွက် အထောက်အကူဖြစ်တာပေါ့။ ပြင်ပကနေပြီးတော့ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေတင်တော့ အခုက နယ်စပ်ကနေပဲတင်တာ။ ကျမတို့မြို့ ပေါ်မှာလည်း တချို့ ခံနေရတဲ့ နေရာတွေရှိတာပဲ။ စစ်သားတွေရဲ့ အဓမ္မပြုကျင့်ခံရတာတွေ၊ လူပါအသတ်ခ့ရတာတွေ ကျမတို့ သံတောင်ကြီးဘက်မှာ အထင်အရှားရှိတာပဲ။ ကျောင်းဆရာမကို သူတို့ အဲလိုပဲ လုပ်ပြီးတော့ သတ်ထားလိုက်တာ။ ဘယ်သူမှတောင် မဟရဲဘူး။ ဒါတောင် မြို့ ပေါ်မှာ။ ဒီလိုနေရာတောင်မှ လုပ်ရဲသေးတယ်။ နယ်စပ်ကလူတွေဆို မပြောနဲ့တော့။ အခု နယ်စပ်တွေက ဒီလိုတင်လာတယ်ဆိုရင် သူတို့ အဲမှာ ပြောပေးလို့ ဒီမှာနေတဲ့လူက နည်းနည်းခံသာတာ။ နို့မဟုတ်ဆိုရင် ကျမတို့က သက်သောင့်သက်သာမှ မရှိပဲ။ သူတို့ကို အမြဲလန့်နေရတယ်။´


စီဒေါအစည်းအဝေးမှာ နအဖကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေးတွေ ရှိနေကြောင်းတင်ပြမှာမို့ ဒီလိုတင်ပြမယ့် အကြောင်းအရာတွေပေါ်မှာလည်း အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတဦးအနေနဲ့ ဒေါ်နန်းခင်ထွေးမြင့်က အခုလို ဝေဖန်ပြောဆိုလိုက်ပါတယ်။

`မြန်မာပြည်ရဲ့ အမျိုးသမီးတွေ တကယ့်အစစ်အမှန် အခြေအနေကတော့ ဘာအခွင့်အရေးမှ ထူးထူးခြားခြား ရတာမရှိဘူး။ ဘာလို့လဲဆိုတော့ အခုလောလောဆယ် ထင်ထင်ရှားရှား ပြစရာရှိတာက သူတို့သွားတဲ့ အစည်းအဝေးက အစ်မတို့သိရသလောက်ဆိုရင် အမျိုးသား ၄ ယောက်၊ အမျိုးသမီးက ၂ ယောက်ဆိုတာ သိရတယ်။ အဲဒီကတည်းကိုက ဘယ်လိုလုပ်ပြီးတော့ အမျိုးသမီးအခွင့်အရေးထဲမျာ အမျိုးသားတွေက ပါနေရတာလဲ။ အမျိုးသမီးအခွင့်အရေး ဆိုရင် အမျိုးသမီးကိုယ်တိုင်ပြောမှပဲ မှန်ကန်တဲ့ အခွင့်အရေးရမှာပေါ့။ အမျိုးသမီးအခွင့်အရေးကို အမျိုးသားတွေက တက်ပြောနေတယ်ဆိုတော့ ဒါ ဘယ်လိုမှ သဘာဝကျတဲ့ လှုပ်ရှားမှုတခုမဟုတ်ဘူး။ အဲဒါကိုကြည့်ခြင်းအားဖြင့် လာမယ့် နောက်ဆက်တွဲတွေက မှန်ကန်တဲ့ဟာတွေ မဟုတ်ဘူးဆိုတာ သိသာတယ်။´

အလားတူ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ခံ အမျိုးသမီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။

`ပြည်တွင်းမှာနေတဲ့ အမျိုးတယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားတယောက်လည်း ဖြစ်တယ်။ ကရင်ပြည်နယ်ဖက်မှာဆိုရင် ပေါ်တာဆွဲရင် ယောက်ျားတွေပဲ ဆွဲတယ်။ ယောက်ျားတွေထွက်ပြေးပြီး ပုန်းနေတဲ့အခါကျရင် အိမ်ထဲမှာရှိတဲ့ မိန်းမတွေလည်း ထမ်းရတယ်။ မိန်းမတွေ ထမ်းရတဲ့အခါကျတော့ ပိုနာတာပေါ့။ မိန်းမတွေက ပစ္စည်းလည်းထမ်းပေးရသေးတယ်၊ ညကျရင်လည်း သူတို့ရဲ့ သားမယားပြုကျင့်ခြင်းလည်း ခံရတယ်ဆိုတော့ အဲဒါတွေက ကရင်ပြည်နယ်ဘက်မှာ အများကြီးပဲ။ ဒါကလည်း ထူးဆန်းပြီးတော့ အံ့သြစရာမရှိတော့ဘူး။ ကရင်ပြည်နယ်မှာ ဒါ လူတိုင်းသိနေတဲ့ ကိစ္စတခုပဲ။ ဒီလိုအခွင့်အရေးမျိုးတွေ ဘယ်သူက ကာကွယ်ပေးလို့လဲ။ ဘယ်သူမှလည်း ကာကွယ်ပေးတာမဟုတ်ဘူး´။

ဆက်ရန်...

လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်


30 October 2008
VOA။

နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့
မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ
ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေ
တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါ
တယ်။ လိုအပ်တဲ့အကူအညီကို ဆက်ပြီးမပေးနိုင်ရင် ဘေးဒုက္ခရောက်ရသူတွေ အိုးမဲ့
အိမ်မဲ့ဘ၀ ထပ်ပြီးရောက်မှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ ပြီးခဲ့တဲ့ ၆ လ၊
မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းမှာ လူ ၂၀၀,၀၀၀ လောက်ကို ကူညီ
စောင့်ရှောက်ပေးနိုင်ခဲ့တဲ့အကြောင်း UNHCR က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ခြင်ထောင်တွေ၊ ပလတ်စတစ် အမိုးအကာတွေနဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို
ထောက်ပံ့နိုင်ခဲ့ပေမယ့် ၆ လအတွင်း လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူ
တွေရဲ့ လိုအပ်ချက် ၉၃% ကို UNHCR က ဖြည့်ဆီးပေးနိုင်ခဲ့ပြီး ဘိုကလေးဘက်က
မိသားစု ၈၇% ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့လည်း
ဆိုပါတယ်။

ဒါပေမယ့်လည်း အကူအညီလိုအပ်နေတဲ့သူတွေ အများအပြား ရှိနေဆဲပဲလို့ UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
(Kitty McKinsey) က အခုလို ပြောပါတယ်။

"ဧရာဝတီတိုင်းအတွင်းမှာ အမျိုးသားတွေ အသက်ဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့ မှီခိုမဲ့ အမျိုး
သမီးတွေ၊ မိဘမဲ့ကလေးတွေ အများအပြား ရှိနေဆဲပါ။ သူတို့ကို ဆက်ပြီး ကူညီ
ထောက်ပံ့ပေးဖို့အတွက် အခြေအနေ စိုးရိမ်နေရပါတယ်။ အရေအတွက်အားဖြင့်
ဘယ်လောက်ရှိမယ်လို့ တိတိကျကျ စစ်တမ်းကောက်လို့ မရသေးပေမယ့် ဒီလို ကျန်ခဲ့
တဲ့ ဒုက္ခရာက်နေတဲ့သူတွေအတွက် ရေရှည်ကူနိုင်ဖို့ အရေးကြီးပါတယ်" ဆိုပြီး UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
က ပြောသွားတာပါ။

မိသားစုဖူလုံရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင်
ဒီအမျိုးသမီးနဲ့ ကလေးငယ်တွေ အိုးမဲ့အိမ်မဲ့ဘ၀ ထပ်ပြီး ရောက်သွားနိုင်ပါတယ်။
မတရားသဖြင့် အလုပ်ခံရတာတွေ၊ အဓမ္မအလုပ်ကြမ်း ခိုင်းစေခံရတာတွေနဲ့
ပြည့်တန်ဆာအဖြစ် အသက်မွေးရတဲ့ ဘ၀မျိုးတွေ ရောက်သွားနိုင်တယ်ဆိုပြီး ကစ်တီ
မက်ကင်းဆေးက ပြောပါတယ်။ မုန်တိုင်းဘေးကယ်ဆယ်ရေး အခက်အခဲနဲ့ ပတ်သက်
လို့လည်း …

"ဒီလို အကူအညီပေးရေးမှာ အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ အမေရိကန်
ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီတွေ မရတဲ့ ပြဿနာပါ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
၆ လအကြာမှာ လူတွေက ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဘေးကယ်ဆယ်ရေး လုပ်ငန်း
တွေကို သိပ်ဂရုမစိုက်တော့တာ စိတ်မကောင်းစရာပါပဲ။ ဒေါ်လာ ၁,၂၀၀,၀၀၀ ဆိုတာ
ဒီနေ့ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့ ငွေတွေ ဒေါ်လာ
ထရီလီယံနဲ့ချီ သုံးနေတဲ့အချိန်မှာ မပြောပါလောက်ပါဘူး" လို့လည်း UNHCR ထိုင်းနိုင်ငံ
ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေးက ပြောပါ
တယ်။

မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးရေး ကိစ္စ
တွေကို သိပ်ပြီး အာရုံမစိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြတဲ့တချိန်
တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ
ကလည်း ပြည်တွင်းအလှူရှင်တွေ လျော့နည်းသွားတဲ့အကြောင်းကို မကြာခဏ ပြောဆို
ကြပါတယ်။ အဓိကတော့ လေဘေးကယ်ဆယ်ရေးမှာ ရေရှည်ပေးမယ့် အကူအညီ
မရှိတာလို့ မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ပြောပါ
တယ်။

"အလှူပေးတဲ့အဖွဲ့တွေက ဆက်ပေးတာ မရှိပါဘူး။ ဒီ ကျနော်တို့ မြို့ထဲ ရွာထဲတွေမှာ
ကျနော်တို့ သာမန်ဘုရားပွဲလို၊ ဒီဘက်တွေမှာဆိုရင် ဘာရှိမလဲဆိုတော့ တန်ဆောင်တိုင်
ပွဲမှာ စတုဒီသာ ကြွေးတာမျိုးတွေ ဒါလောက်ပဲရှိတော့တယ်။ အခုနပြောသလို ကျောင်း
အတွက် ပျက်ဆီးသွားတာကို ပြန်ပြီးကူညီဖို့ ရေရှည်ပေးတာတွေတော့ မရှိတော့ဘူး။
တခုတော့ရှိတာပေါ့၊ နီးစပ်တဲ့ အလှူရှင်ရှိရင် ဒီက ရွာသားတယောက် အခြားနေရာမှာ
သွားပြီး ကြီးပွားနေတယ်ဆိုရင် သူက ပြန်လာမယ်၊ အကူအညီပေးမယ်၊ ဒီလိုပေးတာ
မျိုးလောက်ပဲ ရှိတယ်။ သေချာ အစီအစဉ်ချ ကူညီတာ မရှိတော့ဘူး။"

မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက် ပြောပြသွားတာပါ။

မုန်တိုင်းသင့်ပြီး ၆ လအကြာ လူတွေ အသက်ရှင်ရပ်တည်ဖို့၊ ပြန်လည်တည်ဆောက်ဖို့
ကြိုးစားကြတဲ့ အခြေအနေကိုလည်း ဧရာဝတီတိုင်းအတွင်း လေးဘေးကယ်ဆယ်ရေး
လုပ်ကိုင်နေသူက အခုလို ပြောပါတယ်။

"ဒီဘက်မှာ မိုးရွာတယ်၊ လေတိုက်တယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို အမိုးအကာတွေ
ပြန်တပ်ပြီးသွားတယ်ပေါ့နော်။ အိမ်တွေ တဲတွေ ပြန်ပြီး ဆောက်ပြီးသွားတယ်ပေါ့။
စိုက်ပျိုးရေးကိစ္စတွေမှာတော့ လယ်တွေတော်တော်များများ ပြန်မစိုက်နိုင်တာတွေ
ရှိတယ်။ ဥပမာ မျိုးစပါးတွေ ပျက်ဆီးသွားတာမျိုး၊ ကျွဲနွားလည်း ထိခိုက်သွားတာတွေ
ရှိတာပေါ့။ တချို့ ကျနော်သိသလောက် လယ်တွေရဲ့ ၂၅% လောက် မစိုက်နိုင်ကြဘူး။
မိုးတွင်းပိုင်းမှာပေါ့။

"အခု ဒီဘက်မှာတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ တောင်သူတွေ ပြန်ကြိုးစားနေကြ
တယ်။ ကျောင်းတွေ ပျက်ဆီးသွားတဲ့အခါ ကျောင်းတွေ၊ ဇရပ်တွေမှာ ကပ်ပြီး စာသင်
ကြတဲ့ အခြေအနေတော့ ရှိတာပေါ့။ ကလေးတွေ အခြေအနေကလည်း အကူအညီ
တော့ လိုနေတာပဲ။ လူတော်တော်များများ လိုအပ်နေတာက ကလေးတွေရဲ့ ပညာရေး
တင်မကဘူး၊ စားဝတ်နေရေး အတွက်ပါ။ ဒါတွေကို အကူအညီပေးနိုင်ဖို့တော့ လိုအပ်
နေမှာပဲ။"
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လပွတ္တာနဲ့
ဘိုကလေးဘက်မှာ လူ ၁၅,၀၀၀ ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ အကူအညီလိုအပ်
နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းဟာ UNHCR ရဲ့ ပင်မ
တာဝန် မဟုတ်ပေမယ့်လည်း မုန်တိုင်းဘေးကျပြီးပြီးချင်း လေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့လည်း UNHCR က ပြောပါတယ်။

ဆက်ရန်...

Tuesday, October 28, 2008

အာဏာရှင်မှောင်ရိပ်၌ မြန်မာအမျိုးသမီးများ ကျားမခွဲခြားဆက်ဆံမှုဆိုးရွားစွာခံနေရ



ပီတာအောင်/ ၂၈ အောက်တိုဘာ ၂၀၀၈

အာဏာရှင်စနစ်ကြီးစိုးသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် ကျားမခွဲခြားဆက်ဆံမှုကို အစီစဉ်တကျ ကျူးလွန်ဖောက်ဖျက်ခံနေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က အစီရင်ခံစာ ယမန်နေ့က ထုတ်ပြန်ကာ ထုတ်ဖော်ပြောကြားသည်။


‘အာဏာရှင်ကြီးစိုးမှုမှောင်ရိပ်’ ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာ၌ အမျိုးသမီးနှင့် မိန်းခလေးငယ်များ လူကုန်ကူးခံနေရမှု၊ ပညာရေးတွင် သမီးမိန်းခလေး၏ ပညာရေးကို သားယောက်ကျားလေး၏ ပညာရေး လောက်ဦးစားပေးမခံရမှု ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုးဝါးသဖြင့် အမျိုးသမီး(၁၂)ဦးတွင် (၁) ဦး ကိုယ်ဝန် ဆောင်နေစဉ် သေဆုံးနေရမှုနှင့် ကျေးလက်နှင့်တိုင်းရင်းသားဒေသများ၌ နအဖ စစ်တပ်၏ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းချက်များနှင့် တကွ တင်ပြ ထားသည်။


ထို့ပြင် အာဏာရှင်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေမှုကြောင့် မြန်မာ့လူမှုအသိုင်းအ၀န်း၌ အမျိုးသား များလွှမ်းမိုးနေပြီး စစ်တပ်သည် မြို့တိုင်း၊ ရွာတိုင်း၊ အုပ်ချုပ်ရေးအဆင့်တိုင်း၊ အသင်းအဖွဲ့တိုင်းကိုပါ ထိန်းချုပ်ထားကြောင်း လတ်တလော ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေသည်လည်း ကျား၊မတန်း တူရေးကိုအာမခံချက် မပေးရုံသာမက အမျိုးသားများကြီးစိုးသည့် စစ်တပ်ကို လွှတ်တော်အရပ်ရပ်တွင် လေးပုံတပုံချုပ်ကိုင်ရန် သတ်မှတ်ထားသည်ဟုလည်း ဝေဖန်ထောက်ပြထားသည်။

မြန်မာနိုင်ငံ၌ရှိနေသည့် ရှေးရိုးစွဲ ပုံစံခွက်ဓလေ့ထုံးတမ်းများကြောင့် မြန်မာအမျိုးသမီးများမှာ နဂိုကတည်းက နှိပ်ချခွဲခြားဆက်ဆံခံနေကြရရာမှ စစ်အာဏာရှင်စနစ်ကြောင့် ပို၍ ခွဲခြားနှိပ်ချဆက်ဆံခံနေရသည်ဟု WLB အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကပြောသည်။

၎င်းက “ အမျိုးသမီးတွေ ကိုခွဲခြားဆက်ဆံမှုကရှေးရိုးစွဲကမ္ဘာကြီးမှာရှိခဲ့တယ်။ အဲဒါတွေကိုပယ်ဖျက်ဖို့ နိုင်ငံ တကာသဘောတူစာချုပ်တွေမှာ ပြောထားတယ်။ ဒါပေမယ့် လက်တွေ့စစ်အာဏာရှင်ရဲ့အောက်မှာ ဒီဟာ ပယ် ဖျက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် ကြီးစိုးနေသရွေ့တော့ ကျား၊ မတန်းတူရေး ဆိုတာ ကိုဘယ်လိုမှမျှော်လင့်လို့မရနိုင်ပါဘူး။ စစ်တပ်အာဏာပိုင်တွေကနေချိုးဖောက်တဲ့ အမျိုးသမီးတွေပေါ်အကြမ်း ဖက်မှုတွေကို အရေးယူလို့မရဘူးပါဘူး။ မရတဲ့အခါ ခွဲခြားဆက်ဆံခံရမှုတွေပိုပြီးတော့ ဖြစ်လာပါတယ် ”ဟု ပြောသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးနိုင်ငံတကာသဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထား၍ စာချုပ်ပါကတိများအတိုင်း မြန်မာစစ်အစိုးရက ဆောင်ရွက်ခြင်း မရှိ ကြောင်း သုံးသပ်တင်ပြချက်များကို လာမည့် နိုဝင်ဘာ (၃)ရက် ဂျနီဗာ၌ ကျင်းပမည့် (၄၂)ကြိမ်မြောက် စီဒေါ ကော်မတီ အစည်းအဝေးသို့ တင်ပြသွားမည်ဟု WLB ကဆက်လက်ပြောကြားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ကရင်၊ကရင်နီ၊ရှမ်း၊ကချင်၊ရခိုင်၊ဗမာ၊ထားဝယ်၊ပအိုဝ့်၊ပလောင်၊ လားဟူ၊ ကူကီး စသည့် တိုင်းရင်းသား အမျိုး သမီးအဖွဲ့ (၁၂)ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံတွင်အခြေစိုက်သည်။

(ခေတ်ပြိုင်)

ဆက်ရန်...

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ်ရှား

ဧရာဝတီ | အောက်တိုဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံရှေ့တွင် တားဆီးထားသည့် သံဆူးကြိုး အတား အဆီးများကို ယမန်နေ့ကစ၍ စစ်အစိုးရက ဖယ်ရှားထားကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က အတားအဆီး တွေဖယ်လိုက်တယ်၊ ဘာကြောင့်မှန်းတော့မသိဘူး။ အရင်က ဒီလို ရှင်းရှင်းလင်းလင်းလုပ်တာမျိုး တခါမှမရှိခဲ့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ပုံမှန်အားဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားသည့်ကာလများအတွင်း ၎င်း၏ခြံရှေ့ လမ်းမပေါ်တွင် သံဆူးကြိုးတပ်ဆင်ထားသည့် အတားအဆီးများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို အစောင့်ချထားလေ့ ရှိပြီး အဆိုပါအတားအဆီးများကို ယမန်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ရှိ အတားအဆီးများကို ရုပ်သိမ်းလိုက်သော်လည်း ၎င်းအား လွှတ်ပေးမည့် အစီအစဉ်မျိုး စစ်အစိုးရတွင်မရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ဝါရင့် စာရေးဆရာကြီးတဦးက “ဥပဒေအရဆိုရင်တော့ လွှတ်ကိုလွှတ်ရမှာ၊ ဒါပေမယ့် ဥပဒေဆိုတာကလည်း လူတယောက် ထဲရဲ့လက်ထဲမှာရှိနေတာကိုး … အမှန်က ဟိုအရင်ပြန်လွှတ်တုန်းကဆိုရင် ဘာမှရုပ်သိမ်းစရာမလိုဘူး၊ လွှတ်လိုက်တဲ့အချိန် ကျမှ ဖယ်စရာတွေကို ဖယ်လိုက်တယ်။ အလွန်ဆုံးကြာ တနာရီပဲ” ဟု ပြောသည်။

နအဖ က နိုင်ငံတကာအသိုင်းအ၀န်းက ၎င်းတို့ကို အမြင်ကောင်းစေရန် ဟန်ရေးပြခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အား အမှန်တကယ်လွှတ်ပေးရန် ဆန္ဒမရှိကြောင်း အဆိုပါ စာရေးဆရာက ဆက်ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့မှာက တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပြခဲ့သည် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။
လွန်ခဲ့သည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် နေရသည့်သက်တမ်း ၁၃ နှစ် ပြည့်သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပပါလီမန်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ စစ်အစိုးရအား ဖိအားပေးခဲ့သည်။

ဆက်ရန်...

Thursday, October 23, 2008

မစုစုနွေး ရုံးထုတ် မထွက်ရောက်နိုင်



ကိုထွေး | အောက်တိုဘာ ၈၊ ၂၀၀၈


စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အင်းစိန်ထောင်တွင်း သီးသန့် တရား ရုံးတွင် ယနေ့ ရုံးထုတ်ရာသို့ ထွက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ယခုကဲ့သို့ မစုစုနွေး တရားရုံးသို့ ထွက်ရောက်နိုင်ခြင်းမရှိသည်မှာ ၎င်းအား အာဏာပိုင်များက ထောင်ဝင်စာ မပေး၍ တွေ့ခွင့်မရခြင်းကြောင့် ဖြစ်နိုင်ကြောင်း အစ်မဖြစ်သူမဌေးဌေးကြည်က ပြောသည်။


မဌေးဌေးကြည်က“ရှေ့နေ အန်တီဒေါ်ခင်ဌေးကြွယ်က ညီမလေးရုံးမထွက်လာဘူး လို့ပြောတယ်၊ တနင်းလာနေ့ ကျမ ထောင်ဝင်စာသွားတွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် မထွက်ဘူးလို့တော့ အရင်အပတ်က သူမှာထားဖူးတယ်၊ အခု အဲဒါကြောင့်နေမှာပါ”ဟု ပြောသည်။

မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက်ကအစ ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို ယခင်သီတင်းပတ်ရုံးထုတ်စဉ်က တရားရုံးတွင် ကိုယ်တိုင် လျှောက် တင်ထားခဲ့သည်။

မစုစုနွေး၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “စုစုနွေး ဒီနေ့ရုံးကိုမလာပါဘူး၊ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကို တော့မသိရ သေးဘူး၊ နောက်ရုံးချိန်းကတော့ ၁၅ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်”ဟု ပြောသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်းနှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း၊ ယင်းအမှု တခုစီအတွက် တရားလိုသက်သေ ၅ ဦးစီ ခေါ်ရန် အာဏာပိုင်များ၏ အစီအစဉ်ကိုလည်း ကန့်ကွက်ရန်ရှိကြောင်း ရှေ့နေဒေါ်ဌေးကြွယ်က ပြောသည်။

မစုစုနွေး၏ လည်ပင်းအကျိတ်ပေါက်နေသည်ကို ဆေးကုသခွင့်တောင်းခံရာ အာဏာပိုင်များက ခွင့်မပြုသဖြင့် မစုစုနွေးက ဆေးကုသခွင့်ခံယူမည်မဟုတ်ကြောင်းသိရသည်ဟုလည်း မဌေးဌေးကြည်က ပြောဆိုသည်။

မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံ ရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။

မစုစုနွေး၏ အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့က လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလအတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။
အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

(ဧရာဝတီစာမျက်နှာမှ)

ဆက်ရန်...

တွံတေး ဖွဲ့ချုပ်စည်း မစန္ဒာအမှု အယူခံအပယ်ခံရ

ဒီဗွီဘီ၊ ၂၃၊ အောက်တိုဘာ၊ ၂၀၀၈
ခင်နှင်းထက်။


တွံတေးမြို့ နယ် အဖွဲ့ချုပ်စည်းရုံးရေးအဖွဲ့ဝင် မစန္ဒာ၏ အမှုအတွက် ခရိုင်တရားရုံးထံ တင်သွင်းထားသည့် အယူခံကို ယနေ့ ပယ်ချလိုက်သည်ဟု ခင်ပွန်းဖြစ်သူ ကိုဇော်မင်းက ပြောသည်။

မစန္ဒာကို ၀တ္တရားနှောက်ယှက်မှုဖြင့် နယ်မြေခံအာဏာပိုင်များက ထောင် ၁၃ လ ချထားခြင်းဖြစ်သည်။ ဇနီးသည် မစန္ဒာ၏ အမှုနှင့်ပတ်သက်ပြီး အမှန်တရားဖော်ထုတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု ကိုဇော်မင်းက ယခုလို ပြောကြားခဲ့သည်။


`ကျနော်တို့ဘက်က ဘယ်လိုလဲဆိုတော့ တရားရေးမှာလည်း တိုင်းကိုတက်ဖို့ အကုန်လုံး ဒီနေ့ မိတ္တူကူးထားပြီးပြီ။ ပြီးရင် တိုင်းကို ဆက်တက်မယ်။ တိုင်းမရဘူးဆိုရင် ဗဟိုဆက်တက်မယ်။ ဗဟိုကမှ မရဘူးဆိုရင် ကျနော်တို့ အထူးပါဆက်တက်မယ်။ အထူးတက်မယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုကို မမှန်မကန် ဆောင်ရွက်တနေတဲ့အတွက် ကျနော်တို့က မှန်ကန်တယ်၊ အမှန်တရားတွေကို ဆက်ဖော်ထုတ်မယ်။ ဖော်ထုတ်တဲ့အခါမှာ အထူးတက်မယ်ဆိုတော့ အထူးက ဘယ်လိုဆုံးဖြတ်မလဲ။ မှန်ကန်နေတဲ့အမှုကို၊ အောက်ခြေ၀န်ထမ်းတွေက မမှန်မကန် ဆောက်ရွက်ထားတဲ့အမှုကို သူတို့ကပါ ရောပြီး ဖုံးကွယ်ပြီးတော့ တရားဥပဒေနဲ့ မညီပဲ မမှန်မကန်ဆောင်ရွက်မယ်ဆိုရင်တော့ ဒါကို တချိန်ကျရင်တော့ ကျနော်တို့ ဆက်လက်ပြီးတော့ ဖော်ထုတ်မှာပဲ။ ကျနော်တို့က ဒါတွေကို အရေးယူဆောင်ရွက်သင့်ရင်လည်း အရေးယူဆောင်ရွက်မယ်။ ဒီအမှုတွဲတွေကို ကမ္ဘာ့ကုလသမဂ္ဂအထိ ရောက်အောင်တင်မယ်။ ဒီအမှုတွဲတွေကို နိုင်ငံတကာကအဖွဲ့အစည်းတွေဆီ ရောက်အောင်လည်း ကျနော်တို့ ပို့ပါမယ်´။

ဆက်ရန်...

မဟာချိုင်တွင် မြန်မာမိန်းကလေးများ စိုးရိမ်ဖွယ်ရာ အဓမ္မပြုကျင့်မှုများနှင့် ရင်ဆိုင်နေရ


ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ

ဧရာဝတီ | အောက်တိုဘာ ၂၀၊ ၂၀၀၈

ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် မဟာချိုင်တွင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား မိန်းကလေး အများ စုသည် စိုးရိမ်ဖွယ်ရာ အဓမ္မပြုကျင့်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့် အရေး ဆောင်ရွက် နေသူများက ပြောသည်။

မဟာချိုင်အခြေစိုက် ထိုင်း အလုပ်သမားအခွင့်အရေးအဖွဲ့(Raks Thai)မှ ရှေ့နေ တဦးက ၂၀၀၈ ခုနှစ်၏ ပထမ ၈ လ အတွင်း၌ပင် မြန်မာရွှေ့ပြောင်းအလုပ်သမများ အဓမ္မပြုကျင့်ခံရသည့်အမှုပေါင်း ၃၀ ခန့် ရှိကြောင်း ပြောဆို သည်။

အဓမ္မပြုကျင့်ခံရမှု ၆ မှုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု တခြားသော မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးအဖွဲ့(Labor Rights Promotion Network-LPN)က လည်း ပြောသည်။

LPN အဖွဲ့ ဒါရိုက်တာ ဆွန်ဖွန် စခ၀ီ က “အဲဒီ မှာရှိတဲ့ လမ်းသရဲဂိုဏ်းသားတွေက မြန်မာအလုပ်သမတွေကို သားကောင် တွေလို ပစ်မှတ်ထားနေကြတာ ၊ တရားမ၀င် အလုပ်သမားတွေ၊ အဓမ္မပြုကျင့်ရင် သူတို့ကို ဖမ်းလို့ မရဘူးဆိုပြီး သူတို့က ပြောသေးတယ်”ဟု ပြောပြသည်။

ယင်း လမ်းသရဲ ဂိုဏ်းသားများက မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားများကိုလည်း ရိုက်နှက် လုယူမှုများ ရှိသည် ဟုလည်း ၎င်းက ဆိုသည်။

“ထိုင်းကို အရေးယူတာနဲ့ မြန်မာကိုအရေးယူတာကလည်း ကွာခြားမှုရှိတယ်၊ မြန်မာဆိုရင် အမှုကို တရားရုံးက အချိန်ဆွဲ ထားတယ်၊ မြန်မာနိုင်ငံသားဖြစ်ရင် တရားမျှတမှုမရနိုင်ဘူး”ဟု အထက်ပါ Raks Thai အဖွဲ့ရှေ့နေက ပြောသည်။

လမ်းသရဲ ဂိုဏ်းသားများက ညဘက် အလုပ်မှ ပြန်လာသော မိန်းကလေးများကို ကားဖြင့်ခေါ်ဆောင်ကာ အဓမ္မ ပြုကျင့်ခြင်း ကို အများဆုံးကျူးလွန်တတ်ကြပြီး မိန်းကလေးများနေထိုင်ရာ အခန်းများသို့ ၀င်ရောက်၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်သည့် အမှုများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မွန်ပြည်နယ် ရေးမြို့မှ မဟာချိုင်သို့ လာရောက်ပြီး စက်ရုံတရုံတွင်အလုပ်လုပ်နေသော ဟွန်ဆန်ကလည်း ၎င်းနှင့် ရင်းနှီး သည့် အသက် ၁၄ ခန့် မိန်ကလေး တဦးကို အဆိုပါ လမ်းသရဲ ဂိုဏ်းသားများက ဖြားယောင်းခေါ်ယူ၍ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှုရှိခဲ့ကြောင်း ပြန်လည် ပြောပြသည်။

တချို့သော အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးများမှာ ရှက်၍ သော်လည်းကောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံ ရမည်ကို ကြောက်ရွံ့၍ သော်လည်းကောင်း သက်ဆိုင်ရာသို့ တိုင်ကြားပြောဆိုခြင်းမရှိကြဟု Raks Thai အဖွဲ့ ရှေ့နေက ပြောသည်။

ယင်း မဟာချိုင် ဒေသတွင် မြန်မာရွှေပြောင်း အလုပ်သမားအများစုသည် ပင်လယ်စာ လုပ်ငန်းများတွင် လုပ်ကိုင်ကြရပြီး ၎င်းတို့အတွက် လုံခြုံရေးအလွန်စိုးရိမ်ဖွယ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနှင့်ချီ၍ ရောက်ရှိနေပြီး ၁ သန်းခန့်သာ မှတ်ပုံတင် စာရင်း ရှိကြောင်း သိရသည်။

ဒီနေရာ ကျန်တဲ့စာပိုဒ်ထည့်ပါ

ဆက်ရန်...

ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ်


အေပီ သတင်းထောက် ဒေါ်အေးအေးဝင်း


ဧရာဝတီ | အောက်တိုဘာ ၂၂၊ ၂၀၀၈


နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမား ဆုကို မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းအား ယနေ့တွင် ပေးအပ်သည်။


နိုင်ငံအတွင်းမှ သတင်းမှန်များကို နှစ်ပေါင်း ၂၀ နီးပါး စွန့်စား ရဲရင့်စွာ ရေးသားတင်ပြနေသော ဒေါ်အေးအေးဝင်း က သတင်းလွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အာမခံချက်တခုပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

“နိုင်ငံတည်ငြိမ်လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ အတွက် သတင်းလွတ်လပ်ခွင့် ဟာ ပဓာန ကျပါတယ်၊ ဒါကြောင့် ကျမရဲ့ သတင်းထောက် အလုပ်က ပြည်သူကို အလုပ်အကြွေးပြုရာ ရောက်သလို နိုင်ငံ အတွက်လည်း တစုံတရာ အာမခံချက်ပေးနိုင်တယ်လို့ ကျမ ယုံကြည် ပါတယ်”ဟု လည်း ဒေါ်အေးအေးဝင်းက ဆိုသည်။

အဆိုပါ အသက် ၅၄ နှစ်ရှိ ဒေါ်အေးအေးဝင်းရရှိသည့် ရဲရင့်သော သတင်း သမားဆုကိုမူ အေပီ သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဂျွန် ဒန်းနစ္စဇွက်စ်ကီက ကိုယ်စား လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီ က“မြန်မာ သတင်းထောက် ဒေါ်အေးအေးဝင်းဟာ ခြိမ်းခြောက် နှိပ်စက်မှုတွေကျင့်သုံးနေတဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားက အနှစ်၂၀ နီးပါး သတင်းမှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းထုတ်ဖော် ရေးသားခဲ့သူဖြစ်ပါတယ်၊ သူဟာ မာန ထောင်လွှားတတ်သူလည်း မဟုတ်ပါဘူး”ဟု ချီးကျူးပြောကြားသည်။

ယင်းဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့လယ်ရှိ Waldorf Astoria hotel တွင်ကျင်းပခြင်း ဖြစ်ပြီး နယူးရောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် နှင့် တခြားသော ဂုဏ်ထူးဆောင် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

“ဒီ သတင်းထောက်အလုပ်ဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုဆိုတာ ဒေါ်အေးအေးဝင်းသိပါတယ်၊ သူ့ယောက်ျားနဲ့ သူ့အဖေ ကို စစ်ဗိုလ်ချုပ်တွေက ထောင်ချခဲ့ဖူးတယ်၊ သူ့ကိုလည်း ဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူ ဒီအလုပ်ကို နောက်မဆုတ်ခဲ့ဘူး” ဟုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီက ပြောသည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီက ဒေါ်အေးအေးဝင်းသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းမှန်များနှင့် ဗဟုသုတ တို့ကို ပြန်လည် ရေးသားတင်ပြသော သတင်းသမားများ၏ အစဉ်အလာကောင်းကို ကိုယ်စားပြုသူ တဦးလည်း ဖြစ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရတရပ်က နှစ်ပေါင်း ၄၀ ခန့် အုပ်စိုးနေသော နိုင်ငံတနိုင်ငံရှိ သတင်းသမားများသည် ကြိုတင်တွက်ဆ မထားနိုင် သော အန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ သတင်းလုပ်ငန်းများတွင် လွတ်လပ်မှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်ကြရ မှုများ စသည့်ပြဿနာများနှင့်ရင်ဆိုင် ကြရပြီး မြန်မာနိုင်ငံတွင်း သတင်းထောက်အလုပ်သည် စွန့်စားမှု တခုပင်ဖြစ်သည်ဟု ဒေါ်အေးအေးဝင်း ပေးပို့လိုက်သော အမှာစကား စာတစောင်ကိုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီ က အခမ်းအနားတွင် ဖတ်ကြားသည်။

စစ်အစိုးရက သတင်းသမားများစွာကို ဖမ်းဆီး၍ တိကျသေချာသော ပြစ်မှုမဖော်ပြဘဲ ရာဇ၀တ်မှု၊ အသရေ ဖျက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရားစွဲဆိုအရေးယူမှုများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သော သူ၏ ဖခင်ကိုယ်တိုင် ထောင် သုံးကြိမ် ကျခဲ့ဖူးကြောင်း ဒေါ်အေးအေးဝင်းက ၎င်း၏ စာတွင် ပြောပြထားသည်။

“ကျမတို့ နိုင်ငံမှာ ဘယ်သူပဲဖြစ်ဖြစ်၊ အထူးသဖြင့် သတင်းအလုပ်နဲ့ ပတ်သက်သူ ဆိုရင် အချိန်မရွေး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ဖမ်းဆီးစစ်ဆေး ခံရနိုင်ပါတယ်၊ ည သန်းခေါင် ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတာကို စိုးရိမ် ထိတ်လန့်စွာ နေကြရသူတွေ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အေးအေးဝင်း က ထည့်သွင်း ပြောဆိုထားသည်။
နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ်အတွက် အမျိုးသမီး ၄ ဦးကို ဆုရွေးချယ်ပေးအပ် ခဲ့ရာ ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း အပါအ၀င် အာဖဂန်နစ္စတန်သူ Fraida Nekzad နှင့် ဆိုက်ပရပ်စ် မှ Sevgul Uludag တို့ကိုပေးအပ်ပြီး အေပီ သတင်းဌာနအတွက် နှစ်ပေါင်း ၃၀ ကျော် စစ်သတင်း များနှင့် တခြားသော ကမ္ဘာ့ သတင်းများကိုရေးသားတင်ပြခဲ့ပြီး ယခု ကုလသမဂ္ဂတွင်ရှိသော အေပီ သတင်းဌာန သတင်းထောက်ချုပ် အမေရိကန် အခြေစိုက် Edith Lederer အသက် ၆၅ နှစ် ကိုမူ Lifetime Achievement Award ဆု ပေးအပ်သည်။

ဆက်ရန်...

မထူးခြားပေမယ့် လေးစားလောက်သည့် ဆရာမခင်ပန်းနှင်း


ကဗျာဆရာစောဝေဘက်မှ သက်သေလိုက်ပေးနေသော စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာဒေါ်ခင်မြင့်ဦး)။ (ဓာတ်ပုံ စာဖတ်သူဂျာနယ်)

မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ဘီလူးတွေအောက်မှာ ပြည်သူတွေဟာ အကြောက်တရားဖုံးလွှမ်းနေကြရပြီး မတရားညဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမမဲ့ ဖမ်းဆီးထောင်ချမှုတွေကြောင့် သာမာန်လူများမှာ အမှန်တရားဘက်မှ ရပ်တည်ဝံ့သူ နည်းပါးကြသည်။ ယခု စာရေးဆရာမ ခင်ပန်းနှင်းမှာ အမှန်တရားအတွက် အာဏာရှင်ကို အံတုပြီး မိမိရဲ့ကိုယ်ကျိုးစီးပွားကို မငှဲ့ကွက်ပဲ အမှန်တရားဘက်မှ ရပ်တည်ရဲသည့် လူနည်းစုပြည်သူများထဲမှ တဦးအပါအ၀င် ဖြစ်လာပါပြီ။


သူမ သက်သေလိုက်ပေးနေသော ကဗျာဆရာစောဝေဟာ လွန်ခဲ့တဲ့ ၉ လက ဖမ်းဆီးခံခဲ့ရပြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။ ၅၀၅(ခ)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။ အာဏာပိုင်များက ကိုစောဝေဖွဲ့ဆိုခဲ့သည့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာဟာ အများပြည်သူကို ထိတ်လန့်နိုင်သည်ဟု စွပ်စွဲထားသည်။

(ပါဝင်သော အချို့အချက်အလက်များကို မိုးမခစာမျက်နှာမှ ပြန်လည်ဖော်ပြထားပါသည်)

ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP