Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, November 3, 2008

တိမ်မြုပ်နေတဲ့ ကျမတို့ဘ၀ (သို့မဟုတ်) ငရဲဒိုင်ယာရီ



ဖိုးသာထူး
ရိုးမအင်တာနက်စာမျက်နှာမှ။

၁၉၉၁ ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(ပင်မ)မှာ ရန်ကုန်ခရိုင် ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုဖြစ်ပွားခဲ့ပါတယ်။ နဝတလက်ထက် ပထမဆုံး ကျောင်းတွေပြန်ဖွင့်ပေးတဲ့အချိန်မှာပဲ ကျွန်မတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်ရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တရားဝင် အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲအပ်ဖို့နဲ့ ဒီမိုကရေစီရရှိရေး တို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကြောင့် ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ဟာ ကျောင်းသားဖမ်းပွဲကြီး ကျင်းပပါတော့တယ်။ ကျောင်းသား (၅၀၀)ကျော် အဖမ်းခံခဲ့ ရပါတယ်။ ဖမ်းဆီးခံ ကျောင်းသားအရေအတွက်ဟာ များပြားလွန်းလို့ စစ်ကြောရေးစခန်းတွေ၊ ရဲစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ ထောင်တွေမှာ ပြည့်လျှံနေပါတယ်။ တက္ကသိုလ် ကျောင်းများကိုလည်း ပိတ်လိုက်ပါတယ်။

ထိန်းသိမ်းခံကျောင်းသား တဝက်လောက်ကို ထိန်းသိမ်းရေးစခန်းတွေကနေပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗကသခေါင်းဆောင်တွေ၊ NLD လူငယ်ခေါင်းဆောင်တွေ၊ ရကသခေါင်းဆောင်တွေနဲ့ တက်ကြွတဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ ထောင်ဒဏ် (၁၀)နှစ်ကနေ အနှစ် (၂၀) အထိ ချမှတ်ခဲ့ပါတယ်။

ဒီလိုထောင်ဒဏ်တွေ ချမှတ်ပြီးသိပ်မကြာခင် ၁၉၉၂၊ ဧပြီလကုန်လောက်မှာ ဗိုလ်စောမောင် ကို ဖြုတ်ချလိုက်ပြီး ဗိုလ်သန်းရွှေ အာဏာရလာကာ….

(၁) အမျိုးသားညီလာခံကျင်းပပေးမယ်။

(၂) နိုင်ငံတော်လုံခြုံရေးကို မထိခိုက်မနှောင့်ယှက်သူများကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ၁၁/၉၂ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

၁၁/၉၂ အမိန့်ကြောင့် နိုင်ငံရေးသမားတချို့နဲ့ ကျောင်းသားတချို့ ပြန်လည် လွတ်မြောက်သွားခဲ့ကြပါတယ်။ ၉၁ ဒီဇင်ဘာအမှုတွဲနဲ့ ဖမ်းဆီးခံရတဲ့ ကျမတို့ကျောင်းသူ (၈)ဦး ရှိပါတယ်။ အဲဒီထဲကမှ (၇)ဦးဟာ ၁၁/၉၂ နဲ့လွတ်မြောက်သွားပြီး အမှုတွဲအမျိုးသမီးတွေထဲမှာ ကျမတယောက်တည်း အခြားနိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ ထောင်ထဲမှာ ကျန်ခဲ့ပါတယ်။ ကျမဟာ ၁၉၉၁၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၉၉၉၊ ဇွန်လ ၈ ရက်နေ့အထိ ထောင်ထဲမှာ နေထိုင်ခဲ့ရပါတယ်။ ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းနှိပ်စက်ခံရမှုတွေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးကို ပြောပြပေးနေတဲ့ အဖွဲ့အစည်းတွေရှိတဲ့အတွက် ကျမအနေနဲ့ အထူးတလည် ပြောပြမနေတော့ပါဘူး။ ကျမရင်ထဲ နာကျင်စွာခံစားနေရတဲ့ အမှုပေါင်းစုံနဲ့ ထောင်ကျနေရတဲ့ အမျိုးသမီးတွေရဲ့ မွကြေနေတဲ့ ဘဝတွေအကြောင်းကိုတော့ ပြောပြချင်ပါ တယ်။ အကျဉ်းကျအမျိုးသမီး ထောင်ပေါင်းများစွာကို ထောင်ဝါဒါတွေနဲ့ သူတို့ရဲ့လိုက်ကိုင်တုတ် နှစ်ရှည်ရာဇဝတ်အကျဉ်းသား တန်းစီးတွေရဲ့ ရက်စက်စော်ကားမှုတွေဟာ ကျမအတွက်တော့ မှတ်တမ်းဒိုင်ယာယီလို ရင်ထဲစွဲမြဲနေပါတော့တယ်။ မှတ်တမ်းဒိုင်ယာယီတော့ ဒိုင်ယာယီပါပဲ၊ ဒါပေမယ့် ငရဲဒိုင်ယာယီ။

ကျမထောင်ကိုရောက်ခါစ ထောင်ကျအကျဉ်းသူ ၅၀၀ လောက်ပဲ ရှိပါတယ်။ နောက် ပိုင်းမှာတော့ အကျဉ်းသူ ၇,၀၀၀ လောက်အထိ တိုးပွားလာပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု - သုံးစွဲမှု၊ လိမ်ညာမှု၊ ဧည့်စာရင်းမတိုင်ကြားမှု၊ လမ်းဘေးဈေးရောင်းမှု၊ မသင်္ကာမှု၊ ပြည့်တန်ဆာမှု၊ အချိန်မတော် လမ်းလျှောက်မှု စတဲ့အမှုပေါင်းများစွာနဲ့ အမျိုးသမီး အကျဉ်းသူ တွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမထောင်ကျစမှာ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနဲ့ ရောက် လာတဲ့ အမျိုးသမီးတွေ နည်းနည်းပဲရှိရာကနေ တနှစ်ထက်တနှစ်ကို ပိုမိုများပြားလာတာ သတိ ထားမိပါတယ်။ ပြည့်တန်ဆာမှုဟာ အများဆုံးဖြစ်လာတာ တွေ့ရပါတယ်။ တချို့ဆို အသက် မပြည့်သေးတဲ့ ကလေးမလေးတွေကိုပါ တွေ့လာရတာ စိတ်မချမ်းမြေ့စရာပါ။ တချို့အမှုတွေနဲ့ ကျလာတဲ့အထဲမှာ အသက်အရွယ်ကြီးကြီး အဖွားအရွယ် အမျိုးသမီးကြီးတွေပါ ပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဘယ်အမှုနဲ့ဖြစ်ဖြစ် ထောင်ထဲရောက်ရင် တရိစ္ဆာန်လို၊ ကျေးကျွန် လို အခိုင်းအစေခံရပါတယ်။ မာနတွေ၊ သိက္ခာတွေ ရိုက်ချိုးခံရပါတယ်။

ထောင်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သိပ်သနားဖို့ကောင်းပါတယ်။ အစားအစာ မဝလင်၊ မလုံလောက်တဲ့အတွက် အဟာရချို့တဲ့ပြီး မီးမဖွားနိုင်ပဲ ကလေးရောမိခင်ပါ သေဆုံးရ တာတွေ ရှိပါတယ်။ ကလေးမွေးတဲ့နေရာမှာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆေးမှူးတွေနဲ့ မွေးဖွားခွင့်ပေးတာမဟုတ်ပါဘူး။ ရက်တိုသင်တန်းပေးထားတဲ့ နှစ်ကြီးအကျဉ်းသူတွေနဲ့ မွေးဖွားခိုင်းတာပါ။ ဒီလို မကျွမ်းကျင်သူတွေနဲ့ မွေးဖွားရတာကြောင့် ကလေးတွေ ကိုယ်လက် အင်္ဂါချို့တဲ့တာတွေ၊ ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ ကလေးတွေနဲ့ သေဆုံးမှုတွေ မကြာခဏ ဖြစ်ရတော့တာပါပဲ။ မီးဖွားတဲ့ မိခင်တွေလည်း ဒီလိုနဲ့ ထိခိုက်သေကြေရတာပါ။

မီးဖွားပြီးမိခင်တွေဟာ အညစ်အကြေးသန့်ရှင်းဖို့ ရေအလုံအလောက် မရကြပါဘူး။ ထောင် ၃ လ အကျခံထားရတဲ့ မီးဖွားပြီးကာစ အမျိုးသမီးတယောက်ဟာ သူ့အညစ်အကြေးတွေ သန့်စင်ဖို့ ရေကန်က ရေသွားခပ်တာ အရိုက်အနှက်ခံခဲ့ရပါတယ်။ သွေးနုသားနုနဲ့ဖြစ်တာမို့ အဲဒီ ဒဏ်နဲ့ပဲ သူမဟာ သေဆုံးသွားခဲ့ရပါတယ်။ သူမသေဆုံးပြီးနောက်ပိုင်း သူမရဲ့ကလေးကို နို့တိုက် မယ့်သူ မရှိတာကြောင့် သေဆုံးရပြန်ပါတယ်။ ထောင်ထဲမှာ ကလေးတွေသေဆုံးရင် ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ဝါဒါမတွေက ယူသွားပါတယ်။ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်တာမျိုး ရှိမယ်မထင်ပါဘူး။ ဘယ်ယူပြီး ဘာလုပ်သလဲ မသိရဘူး။ ကျီးစားစား လဒ ထိုးထိုးဆိုပြီး အမှိုက်ပုံမှာပဲ ပစ်ခဲ့ကြလေသလား။

အမေတွေထောင်ကျတဲ့အခါ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ထောင်အပြင်မှာ အုပ်ထိန်းစောင့်ရှောက်မယ့်သူမရှိတဲ့ ကလေးတွေဟာ ထောင်ထဲကို အတူပါလာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးနဲ့ ပညာရေး စတာတွေကို အကျဉ်းထောင်အာဏာပိုင်တွေက ဘာမှ တာဝန်ယူတာမဟုတ်ဘူး။ မိခင်နဲ့အတူ နေထိုင်ခွင့်ဟာ ကလေးတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ။ ကလေးတွေဟာ သူတို့မိခင်တွေနဲ့အတူ အရွယ်နဲ့ မလိုက်အောင် လောကငရဲကို ရင်ဆိုင်နေရပါတယ်။ ရေဆိုရင် လူကြီးဆို ငါးခွက်ချိုးခွင့်ပေးပေမဲ့ ကလေးတွေကိုတော့ နှစ်ခွက်ပဲ ချိုးခွင့်ပေးပါတယ်။ ကလေးလူကြီးအားလုံး ရေ ဝဝလင်လင် မချိုးရလို့ ဝဲတွေ၊ ယားနာတွေ စွဲကပ်နေပါတော့တယ်။ ကလေးတွေဟာ ကွန်ကရစ်ကြမ်းပြင်မှာ အိပ်ရပါတယ်။ အဲဒီလို အပူအအေးမမျှတလို့ ကလေးတွေဟာ ဖျားနာပြီး သေဆုံးရပါတယ်။ TB လိုကူးစက်ရောဂါတွေဟာ ကိုယ်ခံအားမကောင်းသေးတဲ့၊ နုနယ်တဲ့ ကလေးတွေကို အများဆုံး ကူးစက်ပါတယ်။ ဝါဒါနဲ့ တန်းစီးတွေရဲ့ ရိုက်နှက်မှုကိုလည်း အချိန်နှင့်အမျှ ခံနေရတာပါ။

ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ အိပ်ရတဲ့အတွက် အောက်ပိုင်းချိတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာတွေဟာ သက်ကြီးရွယ်အို အကျဉ်းသူကြီးတွေကို သတ်နေတဲ့ ရောဂါတွေပါပဲ ။

ထောင်တွင်း လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း အင်မတန် ဆိုးဝါးစွာ တွေ့ရှိရပါ တယ်။ ထောင်ဥပဒေအရ ထောင်ထဲမှာ ငွေမသုံးရပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ ထောင်ထဲမှာ ငွေရှိရင်၊ ငွေပါသွားရင် တော်တော်လေး အဆင်ပြေပါတယ်။ ဝါဒါတွေ၊ တန်းစီးတွေကို ငွေပေး နိုင်ရင် သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်ခွင့်ရတယ်။ ရေ ဝဝချိုးခွင့်ရတယ်။ အရိုက်အနှက်မခံရဘူး။ အလုပ်ကြမ်း မလုပ်ရဘူး အစရှိတဲ့ အခွင့်အရေးများကို ရပါတယ်။ စားချင်တဲ့ အစားအစာ ဝယ်စားလို့ ရပါတယ်။ ငွေမပေးနိုင်တဲ့ အကျဉ်းသူတွေဟာ ရေချိုးလည်း အရိုက်ခံရ၊ ထမင်းယူတဲ့ အခါလဲ အရိုက်ခံရ၊ အလုပ်ကြမ်းလုပ်တဲ့အခါလည်း အရိုက်ခံရနဲ့ ဘယ်တော့မှမလွတ်ပါဘူး။ ဒီလိုမျိုးတွေမခံရအောင် အကျဉ်းသူတွေဟာ ထောင်အာဏာပိုင်များကို ငွေပေးရပါတယ်။ (၂)နည်း ရှိပါတယ်။ ပထမနည်းကတော့ အိမ်က ထောင်ဝင်စာလာတဲ့အခါ မိသားစုကို ထောင် အာဏာပိုင်တွေရဲ့ အိမ်သွားပြီး ငွေပေးခိုင်းတာပါ။ ထောင်အခေါ်ရဆိုရင် လိုင်းဝင်တာပေါ့။ ဒုတိယနည်းကတော့ ထောင်ထဲကို နည်းပေါင်းစုံနဲ့ ငွေသွင်းယူလာတာပါ။

တချို့ဆိုရင် ငွေကို ပလတ်စတစ်နဲ့ ကျစ်ကျစ်ပါအောင်ထုတ်၊ သေးသေးလေးဖြစ် အောင် မီးနှင့်ပိတ်ပြီးတော့ မိန်းမလိင်အင်္ဂါထဲကို ထည့်ဝှက်ပြီး ယူလာတာပါ။ ဒီလို ယူလာတတ် တာကို သတင်းပေါက်ကြားသွားတဲ့အခါ တရားရုံးထွက် အမှုရင်ဆိုင်ပြီး ထောင်ကို ပြန်ဝင်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲကို လက်နဲ့နှိုက်ပြီး ရှာပါတယ်။ အရှာခံဖို့ ငြင်းတယ်ဆိုရင် အသေ အကြေ ရိုက်တော့တာပါပဲ။ အပျိုအအိုမရွေး ဒီလိုပါပဲ။ ဒီလိုနှိုက်တဲ့အခါ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် နှစ်ကြီးအကျဉ်းသူတွေဟာ လက်အိတ် အသေအချာသုံးတာမဟုတ်ပါဘူး။ တွေ့ကရာ ပလတ်စတစ်အိတ်စွပ်ပြီး ရှာဖွေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ နာကျင်တာ၊ သားအိမ်တွေ ထိခိုက်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီအပြုအမူဟာ ကျမတို့မြန်မာအမျိုးသမီးတွေရဲ့ အရှက်အကြောက်၊ ဂုဏ်သိက္ခာတွေ အားလုံးကို ရိုက်ချိုးစော်ကားတာဖြစ်ပါတယ်။

ဧည့်စာရင်းမတိုင်လို့ ထောင်ကျရရှာတဲ့ မိန်းမပျိုလေးတစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါ ထဲကို နှိုက်ရှာမယ်ဆိုတော့ အကြောက်အကန် ငြင်းရှာပါတယ်။ ငိုယိုပြီး တောင်းပန်ပါတယ်။ အတင်းအဓမ္မရိုက်နှက်ပြီး အရှာခံရတယ်။ ငွေလည်းမတွေ့ပါဘူး။ သူဟာဆိုရင် ရှက်လွန်းလို့ ငိုလိုက်တာ နာကျင်မှုလည်း ခံစားရနဲ့။ ကျမတို့ မြန်မာအမျိုးသမီးတွေဟာ အပျိုစင်ဆိုတာကို ဂုဏ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို အကျဉ်းထောင်ထဲမှာ လက်နှင့် အဓမ္မအကျင့်ခံရသလို အလုပ်ခံရတာဟာ အင်မတန်မှ ဆိုးရွားပါတယ်။

စစ်အုပ်စုရဲ့ စိတ်ထင်ရာစိုင်း ပေါ်လစီတွေကြောင့် ဗမာပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျ လာပါတယ်။ တဦးချင်း ၀င်ငွေနည်းပြီး ကုန်ဈေးနှုန်းက ကြီးမြင့်လာပါတယ်။ ၀င်ငွေထွက်ငွေ မမျှတတဲ့ဒဏ်ကို ခံကြရပါတယ်။ ယောင်္ကျားတွေရဲ့ ၀င်ငွေဟာ မိသားစုကို ၀လင်အောင် မကျွေး နိုင်တော့တဲ့ အခြေအနေပါ။ ဒီတော့ မိသားစုဝင် မိန်းမသားတွေဟာ ၀င်ငွေရအောင် ရှာရပါ တော့တယ်။ ဒီလိုနဲ့ လမ်းမှားရောက်သွားရတဲ့သူတွေ ပိုမိုများပြားလာပါတယ်။ ထောင်ထဲမှာ ပြည့်တန်ဆာမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပါတယ်။ ပြည့်တန်ဆာမှုနဲ့ ထောင်ကျလာတဲ့ အသက်မပြည့်သူ မိန်းကလေးတွေလဲ အများကြီးပါ။

သူတို့ကို ရဲတွေက အများအားဖြင့် လမ်းမပေါ်တွေ၊ ဇိမ်ခံခန်းတွေကနေ ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ရဲစခန်းနှင့် အချုပ်ခန်းတွေမှာလည်း ရေမချိုးရပါဘူး။ ရေချိုးရင် ငွေပေးရတယ်။ ရဲက တရားစွဲ၊ တရားရုံးက ထောင်ချလိုက်တဲ့အခါ သူတို့ ညစ်ပတ်နေကြပြီ။ ထောင်ထဲမှာလည်း ရေ၀အောင်မချိုးရပါဘူး။ ရေချိုးပြီးရင် လဲစရာအ၀တ်မရှိကြပါဘူး။ ဒါကြောင့် ခါးဝတ်ထမီကိုပဲ ရင်ရှားပြီး ရေချိုးရပါတယ်။ ပြည့်တန်ဆာပင်ဖြစ်သော်လည်း မြန်မာမိန်းကလေး တွေဖြစ်တဲ့အတွက် အရှက်တရားရှိပါတယ်။ ဒါကြောင့် ထမီရင်ရှားပြီး ရေချိုး၊ ပြီးရင် လဲစရာ ထမီမရှိလို့ နေပူထဲမှာ မတ်တတ်ရပ် ထမီအခြောက်ခံရပါတယ်။ မိုးရွာရင်တော့ ရေစိုနဲ့ပဲ နေရပါ တယ်။ ထောင်ကပေးတဲ့ ဆပ်ပြာက အညံ့စား၊ ရေနဲ့ထိရင် ပျော်သွားရော၊ တပတ်မှာ တစ်တုံးပဲ ရတာ။

အ၀တ်တွေလျှော်ဖို့လည်း ရေမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ကိုယ်အနံ့ဟာ ဆိုးဆိုးရွားရွား ထွက်ပေါ်နေပါတယ်။ မိန်းမဆောင်တစ်ခုလုံး အနံ့ဆိုးကြီးတွေ လွှမ်းမိုးနေပါတယ်။ သူတို့ကိုယ်ပေါ်မှာ ၀ဲတွေ၊ ယားနာတွေနဲ့ မိန်းမသဘာဝ ဓမ္မတာ လာချိန်မှာသုံးတဲ့ အသုံး အဆောင်တွေ မထောက်ပံ့တဲ့အတွက် မိန်းမဆောင်ရဲ့ အနံ့ဆိုးတွေ၊ ညစ်ပတ်မှုတွေဟာ အော်ဂလီဆန်ချင်စရာပါပဲ။

ပြည့်တန်ဆာအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ရောဂါတွေ အများဆုံး ကူးစက်ခံရပါတယ်။ အထူးသဖြင့် ပေါ်လွင်လှတဲ့ ဆစ်ပလစ်၊ ဂနိုနဲ့ ရှန်ကာ ရောဂါအနာတွေဟာ မိန်းမအင်္ဂါမှာ ဖြစ်ပွားနေပါတယ်။ ဆေးကုသမှု လုံလောက်စွာမရလို့ ပိုဆိုးလာပြီး ဆိုးဝါးတဲ့ အနံ့တွေနဲ့ နေရပါတယ်။ ထောင်ထဲက လိင်အင်္ဂါမှာဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် ဆေးမြီးတို ကတော့ ပရုပ်လုံးပါပဲ။ ပရုပ်လုံးကိုကြိတ်ပြီး လိင်အင်္ဂါထဲကို ထည့်လိုက်ရင် လတ်တလောတော့ အနာပျောက်သွားတာပေါ့။ ရောဂါတော့မပျောက်ဘူး။

ရယ်စရာကောင်းတာက တပတ်တခါ အကျဉ်းထောင်တခုလုံးကို ထောင်ပိုင်တွေ၊ ညွှန်မှူးတွေ လိုက်လံ စစ်ဆေးကြည့်ရှုရတယ်။ ဒီလိုကြည့်ရှုစစ်ဆေးတဲ့အခါ ကျမတို့ မိန်းမ ဆောင်ဟာ အနံ့ဆိုးကြီးတွေပြင်းထန်လွန်းလို့ အဆောင်တွေထဲကို မ၀င်ပဲ အဆောင်ဝကနေ ကြည့်ပြီး လှည့်ပြန်သွားလေ့ရှိုပါတယ်။

ထောင်ထဲမှာ နှိပ်စက်တာကတော့ တီဘီရောဂါပါပဲ။ HIV/AIDS တို့တောင် သွေးစစ် မကြည့်လို့ ဘယ်လောက်တောင်ရှိမယ်ဆိုတာ မသိရပါဘူး။ ၁၉၉၄ ခုနှစ်ကစပြီးတော့ HIV ရောဂါ ပိုးရှိနေတဲ့ ပြည့်တန်ဆာတွေကို ရဲဘက်စခန်းတွေပို့ပြီး အလုပ်ကြမ်းတွေ ခိုင်းစေပါတယ်။ ငွေ မပေးနိုင်သူတွေကိုလည်း ရဲဘက်စခန်းပို့တာတွေရှိပါတယ်။ အကျဉ်းထောင်ဥပဒေအရ ရောဂါရှိ သူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ရဲဘက်စခန်းပို့ အလုပ်ကြမ်းခိုင်းတာ မရှိရပါဘူး။ ဒါပေမဲ့ ဥပဒေမဲ့စွာ ထောင်အာဏာတွေက ကျူးလွန်နေကြတာပါ။ ရဲဘက်စခန်းတွေမှာ ထောင် အာဏာပိုင်တွေက လုပ်သင့်တာထက် ပိုခိုင်းပြီး သူတို့အတွက် အပိုဝင်ငွေရှာပါတယ်။ အကျဉ်း သူတွေကို ကျွေးရမဲ့ ရိက္ခာတွေကို ခိုးထုတ်ပြီး အကျဉ်းသူတွေကို မ၀ရေစာပဲ ကျွေးပါတယ်။ ပူပြင်းတဲ့ရာသီမှာ ကျောက်ထုခိုင်း၊ အလုပ်ကြမ်းလုပ်ခိုင်းပြီး ရေနှစ်ခွက်ပဲ ချိုးရတာကြောင့် အကျဉ်းသူတွေဟာ အရေပြားမှာ ၀ဲတွေ၊ ယားနာတွေ စွဲကပ်ပြီး လူလုံးမလှတဲ့ဘ၀နဲ့ ခွေးသေ၊ ဝက်သေ သေရတဲ့ဘ၀တွေပါ။

ကျမတို့အကျဉ်းသူအားလုံးဟာ နိုင်ငံရေးအမှုနှင့်ဖြစ်စေ၊ အခြားရာဇ၀တ်မှုနှင့်ဖြစ်စေ၊ အပြစ်ရှိလို့ ထောင်ချတာဖြစ်စေ၊ အပြစ်မဲ့ မတရားဖမ်းဆီးခံရတာဖြစ်စေ ကျမတို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။ လူပီသစွာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဘ၀လုံခြုံမှုတွေကို တောင့်တ လိုချင်ကြတာချည်းဖြစ်ပါတယ်။

“လူတစ်ယောက်ထောင်ကျတယ်ဆိုတာ လူအဖြစ်ရပ်တည်ခွင့် အခွင့်အရေးနှင့် ဘ၀တွေ အကြွင်းမဲ့ ပျက်သုဉ်းစေဖို့မှမဟုတ်ပဲ။ သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အတွက် သူ့ရဲ့ လွတ်လပ်မှုတချို့ကို ခေတ္တ ထိန်းသိမ်းပေးလိုက်တာပါ။ သူ့ရဲ့ မွေးရာပါအခွင့်အရေးကို ဖျက်ဆီးစော်ကားခံရဖို့ မဟုတ်ပါဘူး”

ဆက်ရန်...

Tuesday, October 28, 2008

မယားရောင်းရန် ရှိသည်



ဝေယံ
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 19:22 - မြန်မာစံတော်ချိန်


ရွှေလီ။ ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။

သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။

သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။


မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။

အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။ မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။

အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။

မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။

"သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။ ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်" လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက ပြောပါတယ်။

အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။

အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။ ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။

ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။

မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။

မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့ အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။

အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊

မူဆယ်ဒေသခံ တယောက်က "သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ" လို့ ပြောပြပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။

၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။ ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။

ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။

အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။ ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။

သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။

အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။ သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။

သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။

(Mizzima)

ဆက်ရန်...

Thursday, October 23, 2008

လွတ်မြောက်မှုအတွက် ပေးဆပ်သူများ …

ကည်ဝေ | သြဂုတ် ၇၊ ၂၀၀၈

ဖေဖေအိမ်မှာရှိသော ညများတွင် အိမ်ရှေ့တံခါးမကြီးဆီမှ တဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်း ဖေဖေ့ကို လာခေါ်ပြန်ပြီလားဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။

သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။


ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။ ပြီးတော့ တရက်တွင် သူမ၏ ဖေဖေ သည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို ပွေ့ချီရင်း သူ့လက်မောင်းတွင် စည်းထားသော အနီရောင်အစလေးကို ဖြုတ်ကာ သူမ၏ လက်မောင်းရင်းတွင် စည်းပေးခဲ့တာ အမှတ်ရသည်။

ဖေဖေပေးသော အနီရောင်အစလေးကို သူမလက်မောင်းမှာ အမြဲတမ်းစည်းထားခဲ့ပြီး သူငယ်ချင်းတွေနှင့်အတူ “ဒို့အရေး” လုပ်တမ်းကစားခဲ့ကြတာ အမှတ်ရသည်။

ပြီးတော့ သေနတ်သံတွေကြားသည့်နေ့က ကစားနေသော သူမကို မေမေက အိမ်ထဲဆွဲခေါ်ခဲ့ပြီး ခုတင်အောက်တွင် ၀ပ်ခိုင်း နေခဲ့တာ၊ ခုတင်အောက်မှာ အကြာကြီးနေရသောကြောင့် ညောင်းလာသည့်အတွက် လှဲအိပ်ရာမှ သူမ အိပ်ပျော်သွားခဲ့တာ လည်း မှတ်မိခဲ့သေးသည်။

နောက်တော့ အရေးအခင်းဖြစ်နေစဉ်တွင်းမှာပင် ရက်ကြာလာသည်နှင့်အမျှ သူမတို့အိမ်မှာ စားစရာ ဆန်မရှိ တော့သလို၊ အိမ်နားက အိမ်တွေမှာလည်း စားစရာ ဆန်မရှိတော့သောကြောင့် အဒေါ်ရဲ့ ပဲစက်ထဲက ကုလားပဲ တွေကိုယူပြီး ပြုတ်စား ကြရတာ၊ နောက်တော့ ဖေဖေ့ကို လာခေါ်သွားကြပြီး ရက်တော်တော်ကြာ မတွေ့ရတော့ တာ တွေကို မှတ်မိနေခဲ့သည်။

သူများတွေပြောစကားအရ ဖေဖေက ဒို့အရေးလုပ်သောကြောင့် အဖမ်းခံရသည်ဟု သူမ ကြားလိုက်ရသည့် အတွက် ဖေဖေ့ကို တွေ့ချင်သည့်စိတ်နှင့် ဖေဖေ့လို အဖမ်းခံရအောင် ဒို့အရေးလုပ်မည်ဟု စဉ်းစားကာ သူမသည် ဖေဖေပေးခဲ့သော အနီရောင်အစလေးကို နဖူးပေါ်မှာစည်း၊ အိမ်ရှေ့က လမ်းမပေါ်မှာ ဒို့အရေးအော်တော့ ၄ နှစ် အရွယ် ညီမလေးကလည်း သူလည်း ဖေဖေ့ကို တွေ့ချင်သည့်အတွက် အဖမ်းခံမည်ဟုဆိုကာ သူမနောက် လိုက် ပြီး ဒို့အရေး အော်ခဲ့တာ၊ သူမတို့ ညီအမနှစ်ယောက် ဒို့အရေးအော်နေသည်ကို မြင်တွေ့သွားသော အဒေါ် က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြေးလာပြီး နှစ်ယောက်စလုံးကို ချိုင်းမှ လက်တဘက်ဆီဆွဲကာ အိမ်ထဲ ဆွဲသွင်း ခဲ့ တာလည်း သူမ မမေ့ခဲ့ပါ။

"အဲဒီတုန်းက အဒေါ်က ကျမတို့ကိုပြောတယ်၊ ဒို့အရေးအော်ရင် သေနတ်နဲ့ပစ်သတ်ခံရလိမ့်မယ်၊ မအော်ရဘူးတဲ့၊ အဲဒီလို ပြောပြီး ဖေဖေပေးခဲ့တဲ့ အစ အနီလေးကို သိမ်းသွားတယ်" ဟု ၁၉၈၈ လူထုဆန္ဒ ပြပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမား တဦး၏ သမီးဖြစ်သူ မမင်းမင်းထက် ကပြောပြခဲ့သည်။

ထိုစဉ်က ဆန္ဒပြကြသော ကျောင်းသားများကို စစ်သားများက ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ သုံးထောင် ထက် မနည်း သေဆုံးခဲ့သည်ဟု အဒေါ်ဖြစ်သူ ထံမှ ကြားသိခဲ့ရကြောင်း မမင်းမင်းထက်က ပြောဆိုသည်။

"ဒေါ်လေးပြောစကားအရ ဆိုရင် အင်းလျားကန်ကရေဆိုတာ သွေးရောင်ကို လွှမ်းနေတာပဲ၊ တံတားဖြူနားမှာ ကျောင်းသား တွေကို စစ်သားတွေက သံတုတ်တွေနဲ့ ရိုက်တဲ့ တခွပ်ခွပ်ဆိုတဲ့ အသံတွေကို တံတားဖြူနားက အိမ်တိုင်းလိုလို ကြားရတယ်" ဟု သူမက သူမဒေါ်လေးထံမှ ကြားရသည်ကို ပြန်ပြောပြခဲ့သည်။

ထိုစဉ်က သူမ၏ ဒေါ်လေးမှာ အာစီထဲတွင် ကျောင်းတက်နေခဲ့သူဖြစ်ပြီး စစ်သားများက ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည့်အခါ တံတားဖြူထိပ်မှ အိမ်တအိမ်ထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရ သည်။

မမင်းမင်းထက်၏ ဖခင် ဦးရဲထက်သည် ၈ လေးလုံး အရေးတော်ပုံအတွင်း မြို့နယ်တခု၏ သပိတ်ကော်မတီတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ၁၉၈၈ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် တရားစွဲကာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

၈၈ နောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသော နိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာ မြို့နယ်များအလိုက် ဖြစ်ပေါ်လာသော လူထုခေါင်းဆောင်များသည် နိုင်ငံရေးပါတီများသို့ဝင်ရောက်ခဲ့ကြသည်။ ဦးရဲထက်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၀င်ရောက်ခဲ့ပြီး စည်းရုံးရေးမှူးတယောက်ဖြစ်လာခဲ့သည်။

ထိုအချိန်ကစပြီး စစ်ထောက်လှမ်းရေးများက အင်အားအများဆုံးပါတီတခုဖြစ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးသမားများကို မကြာခဏ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ပြန်လွှတ်ပေးပြီး မကြာခင် ပြန် ဖမ်းဆီးလိုက်နှင့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လာ သည်မှာ ၁၉၈၈ခုနှစ်မှ ယနေ့ထိတိုင် ဖြစ်ကြောင်း သိရှိရသည်။

"ဥပဒေအရ ဆိုရင် လူတယောက်ကို ၂၈ ရက်ထက်ပိုပြီး ဖမ်းဆီးထိန်းသိမ်းထားလို့မရဘူး၊ ဒါပေမယ့် အာဏာရှင် စစ်အစိုးရ ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ထိ ၂ နှစ်ကျော်ကြာအောင် ထောင်ချတယ်၊ နောက် ၁၉၉၂ မှာ လပိုင်း လောက်အချုပ်ခံရတာ ၊ ၁၉၉၅ မှာလည်း ၃ လလောက် အဖမ်းခံထားရတယ်၊ နောက် ၁၉၉၈ ကနေ ၂၀၀၆ ထိ ၂နှစ်နဲ့ ၈ လ ကြာအောင် အဖမ်းခံခဲ့ ရတယ်၊ ဒါဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖမ်းထားတာ" ဟု ဦးရဲထက်က ပြောဆိုသည်။

ဦးရဲထက် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များ နှင့် ပါတီစည်းရုံးရေးမှုးများကို စစ်ထောက်လှမ်းရေးများက မည်သို့သော အကြောင်းပြချက်မှ မပေးဘဲ ၄င်းတို့ နေအိမ်မှ မကြာခဏဆိုသလိုပင် ဖမ်းဆီးသွားလေ့ရှိပြီး ရဲမွန်တပ်နယ်တွင် လည်းကောင်း၊ သံလျင်ခြေမြန် တပ်ရင်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။

မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။
"သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။

ထို့ပြင် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားသူများအား ရှေ့နေဆိုလျှင် ရှေ့နေလိုင်စင်သိမ်းခြင်း၊ ဆရာဝန်ဆိုလျှင်လည်း ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသလို၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများကိုလည်း အဆိုပါ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိစေရန်အတွက် အကိုင်းချိုင်ခြင်း မူဝါဒကို သုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကိုင်ချိုင်ခြင်းမူဝါဒ ဟူသည်မှာ အပင်တပင်လုံး၏ အကိုင်းအခက်များကို ဖြတ်တောက်ပစ်ပြီးနောက်ဆုံး အပင် ကိုယ်ထည် ချည်းပဲ ထားခဲ့သော မူဝါဒ ဖြစ်ကြောင်း သိရသည်။

၈၈ မတိုင်မီ ပုံနှိပ်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတဦးအား ၁၉၉၀ ခုနှစ်တွင် အဆိုပါ လုပ်ငန်း လိုင်စင် သက်တမ်းတိုးသည်ကို သက်တမ်းတိုးခွင့်မပြုတော့သောကြောင့် အဆိုပါ ပုံနှိပ်တိုက်ပိတ်ပစ်ရခြင်း၊ စားသောက်ဆိုင် ဖွင့်ထားသော နိုင်ငံရေးသမားတဦး၏ ဆိုင်ကိုလည်း ဆိုင်မှာ ကျန်းမာရေးနှင့်မညီညွှတ်ဟု ဆိုကာ ဆိုင်ပိတ်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများ ရပ်တည်ရေးခက်ခဲစေရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ နိုင်ငံရေး သမားများက ပြောဆိုကြသည်။

"ကျနော် အဖမ်းခံရပြီးကတည်းက မိန်းမက မိသားစု စားဝတ်နေရေးအတွက် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာလေး ၁ လုံး ၀ယ်ပြီးစာစီစာရိုက်လုပ်ငန်းလေး လုပ်ဖို့ ကြိုးစားတယ်၊ စည်ပင်သာယာဥပဒေအတိုင်း လိုအပ်တာတွေ အကုန်လုပ် တယ်။ ဒါပေမယ့် စာပေစိစစ်ရေးနဲ့ ပုံနှိပ်ဥပဒေအရ ကွန်ပျူတာကို လိုင်စင်လုပ်ရမယ်ဆိုလို့ လိုင်စင် သွားလုပ်တော့ နေ့ရွှေ့ ညရွှေ့နဲ့ လိုင်စင် ထုတ်မပေးဘူးနောက်တော့ ကွန်ပျူတာကို ပြန်ရောင်းလိုက်ရ တော့တာပဲ"ဟု ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ၄င်း၏ အဖြစ်အပျက်ကို ပြောပြသည်။

ထိုနည်းအတိုင်းပင် မိသားစု စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင်လေးတဆိုင်ဖွင့်ပြီး စီးပွားရှာနေသော မမင်းမင်း ထက်တို့၏ မိခင်ကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း နှစ်လုံးထီ ရောင်းချသူများကို ရောင်းချခွင့်ပြု သည်ဟုဆိုကာ ဆိုင်ပိတ် ပစ်လိုက်ကြောင်း မမင်းမင်းထက်၏ ပြောပြချက်အရ သိရသည်။

ထို့အတူပင် နိုင်ငံရေးမိသားစုတစုက မိသားစုစီးပွားရေးလုပ်ငန်းတခုအနေနှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ခဲ့ရာ၊ နိုင်ငံခြားဇာတ် ကားများ ဆိုင်တွင် ထားရှိသည်ဟူသော ပြစ်မှုနှင့် ဆိုင်ကို ပိတ်ပြီး၊ ပြစ်ဒဏ်ချခဲ့ကြောင်း၊ မြန်မာ နိုင်ငံတ၀န်းရှိ ဗီဒီယို အခွေငှားဆိုင်များသည် နိုင်ငံခြားဇာတ်ကားပါ ဗီဒီယိုခွေများ၊ ဗီစီဒီများ၊ ဒီဗီဒီများကို နားလည် မှုဖြင့် ငှားရမ်းနေကြသော် လည်း နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုဝင်များကတော့ အများသူငါ တွေလို စီးပွား ရေး ကို လုပ်ပိုင်ခွင့်မရခဲ့ကြောင်း သိရှိရသည်။

"၈၈ နောက်ပိုင်းကတည်းက သူတို့က ခဏခဏလာဖမ်းတော့ စီးပွားရေးလည်းမလုပ်နိုင်တော့ဘူး၊ အိမ်ကို ပိုက်ဆံမပေးနိုင် တော့ဘူး၊ မိသားစု စားဝတ်နေရေးအတွက် ဘာမှကို လုပ်မပေးနိုင်တော့ဘူး၊ ပြီးတော့ သားတွေ သမီးတွေကိုလည်း မစောင့် ရှောက်မသွန်သင်နိုင်တော့ဘူး၊ အဲဒီအတွက် မိသားစုထဲမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ တယ်၊ ဥပမာ တခုပြောရမယ်ဆိုရင် သမီးကြီး အိမ်ထောင်ကျသင့်တဲ့ အချိန်ထက် စောပြီးအိမ်ထောင်ကျသွား တယ်၊ သားတွေ ဆယ်တန်းမအောင်ဘူး၊ အဲဒီလို မိသားစု ဘ၀ ကိုပေးခဲ့ရတယ်" ဟု စစ်ကိုင်းတိုင်းမှ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။

စစ်အစိုးရသည် နိုင်ငံရေးသမားမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲရှိစေရန် ၄င်းတို့၏စီးပွားရေး လုပ်ငန်း များကို အကြောင်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို ဖိနှိပ်ခြင်းများ ပြုလုပ် လျက်ရှိသော ကြောင့် တချို့ နိုင်ငံရေးသမားများမှာ အခြေအနေအရ နိုင်ငံရေးလောကကို ကျောခိုင်းသွားရခြင်း များရှိလာသည် ကို တွေ့မြင်ရသည်။

"၁၉၉၈ ခုနှစ်မှာ ပြန်လွတ်လာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေ တော်တော့ကို ဆိုးနေတာတွေ့ရတယ်၊ အမေ့ အိမ်ကို ပေါင်ထားရတဲ့အပြင် သားကြီးကိုလည်း ကျောင်းဆက်မထားနိုင်လို့ အဝေးသင်ပြောင်းခိုင်းပြီး မိသားစု စား ၀တ်နေရေး အတွက် အလုပ်ဝင်ခိုင်းထားရတယ်၊ ကျနော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားမိတယ်၊ ဒါပေမယ့် မိသားစုက ကျနော့်ကို ပါတီထဲကနေ ထွက်ပေးပါလို့ မတောင်းဆိုပါဘူး" ဟု မန္တလေးတိုင်းမှ နိုင်ငံရေးသမားတဦး က ၄င်းတို့မိသားစု အခြေအနေ ကို ပြောပြသည်။

မမင်းမင်းထက်တို့ သည်လည်း ဖခင် ဦးရဲထက် မကြာခဏဖမ်းဆီးခံနေရသောကြောင့် အိမ်၏ စီးပွားရေးကို မိခင် ဖြစ်သူက ခက်ခဲပင်ပန်းစွာ ဦးဆောင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းစွာ ကျောင်းတက်ခဲ့ရကြောင်း၊ ကျောင်းတက် စဉ် ကာလများတွင် မမင်းမင်းထက်တို့ညီအစ်မ၂ ယောက်ကို အိမ်မှ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့သလို တခါတရံ ဘတ်စ် ကားခပင် မရှိသောကြောင့် ကျောင်းပျက်ခဲ့ရသည့်နေ့များရှိခဲ့ကြောင်း၊ မမင်းမင်းထက်မှာ အစ်မကြီးဖြစ်သော ကြောင့် အထက်တန်းအောင်ပြီးကတည်း က အဝေးသင်တက်ကာ ကလေးတွေကို ဂိုက်သဘောမျိုး အိမ်လိုက်ပြီး စာသင်ပေးသည့်အလုပ်ကို လုပ်၍ မိသားစုစားဝတ် နေရေးကို ဖြည့်ဆည်းခဲ့ရကြောင်းပြောပြသည်။

နိုင်ငံရေးသမားမိသားစုဝင်များအနေနှင့် ယနေ့ထိအောင်ပင် ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးသမားတဦး၏ သားဖြစ်သူ ကိုအောင်နိုင်ကလည်း ပြောဆိုသည်။

"ကျနော်တို့တွေကို စစ်အစိုးရက သူများတွေနဲ့ တန်းတူအခွင့်အရေးဘယ်တော့မှ မပေးခဲ့ဘူး၊ သူများတွေ လုပ်လို့ ရတဲ့ အလုပ်တွေကို ကျနော်တို့လုပ်လို့မရဘူး၊ ပတ်ဝန်းကျင်မှာလည်း သူ့အဖေဟာ နိုင်ငံရေးသမားတယောက် ဆိုတဲ့ အမြင်ကို အတိုင်းအတာတခုထိ လွှမ်းမိုးအောင် လုပ်ထားတယ်" ဟု သူက ဆိုသည်။

သူသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပံ္ပဘွဲ့ကို ရရှိခဲ့ပြီး မဟာသိပ္ပံဘွဲ့ကို ဆက်တက်ခဲ့သော်လည်း သူဖြစ်ချင် သော တက္ကသိုလ် ဆရာတယောက်ဖြစ် မလာခဲ့ဟုသိရသည်။

မဟာတန်းတက်နေသူများနှင့် မဟာဘွဲ့ရများ မည်သူမဆို လျှောက်ထားပါက ၉၉ ရာနှုန်း သေချာလေ့ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်မှာ သူကတော့ ရှားရှားပါးပါး ၁ ရာနှုန်းထဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောပြ သည်။

၁၉၈၈ ခုနှစ် မတ်လတွင်မွေးဖွားခဲ့သော နိုင်ငံရေးသမားတဦး၏ သမီးမှာ သူမအနေနှင့် ဖခင်ဖြစ်သူနှင့် အတူတူ နေရသည် မှာ ရက် ၃၀ ပင် မပြည့်ခဲ့ကြောင်း ပြောပြသည်။

ဖခင်ဖြစ်သူမှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ တကြိမ်၊ ၁၉၉၂ ခုနှစ်မှ ပြန်အဖမ်းခံလိုက်ရသည်မှာ ၂၀၀၄ ခုနှစ်တွင် အင်းစိန် ထောင်မှ ပြန်လွတ်လာခဲ့ပြီး အိမ်သို့ ပြန်ရောက်ပြီးမကြာခင်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။

“အဖေက အိမ်မှာထက် ထောင်မှာက များတော့ အဖေ့မျက်နှာကို သေချာတောင် မမှတ်မိဘူး၊ သေသွားတဲ့နေ့မှ အ၀ ကြည့်လိုက်ရတယ်”ဟု သူမက ပြောပြခဲ့သည်။ ။
(အမည်ရင်းများကို လုံခြုံရေးအရ လွှဲ၍ဖော်ပြထားပါသည်)
(ဧရာဝတီအင်တာနက်စာမျက်နှာမှ ပြန်လည်ဖော်ပြပါသည်။)

ဆက်ရန်...

နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ




ကြည်ဝေ | စက်တင်ဘာ ၃၀၊ ၂၀၀၈

မျက်နှာကို လူတယောက်က ပုဆိုးစဖြင့် အုပ်ကာ လက်ဖြင့်အတင်းဖိထားပြီးကျန်လူ ၂ ယောက်က အဓမမ္မပြုကျင့်ခဲ့ကြသည့် အဖြစ်အပျက်ကို ယနေ့ထိတိုင် အော့နှလုံးနာစွာဖြင့် မှတ်မိနေဆဲဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် မညိုညိုဝင်း (အမည် ရင်းမဟုတ်) က ပြောပြခဲ့သည်။

မညိုညိုဝင်းက ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲအုပ်စု အတွင်းမှ ကျေးရွာတရွာတွင် နေထိုင်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေ ၂ ရက်နေ့ညက ပလပ်စတစ် ဆီ ဂါလန်ပုံးအလွတ်ကြီး တပုံး၏ အကူအညီဖြင့် အသက် ရှင်ခဲ့သော်လည်း ၃ ရက်နေ့ ညနေခင်းတွင် မသမာသူ လူ ၃ ဦးကြောင့် အပျိုစင်ဘ၀ ပျက်ခဲ့ရပြီး နွံအိုင်ထဲ ပစ်ချခံခဲ့ရသည် ဟု သူကဆိုသည်။



“ကျမက လာကယ်တဲ့သူတွေ မှတ်လို့ ကယ်ပါ၊ ကယ်ကြပါလို့ လဲနေရာကနေ ခေါင်းထောင်ပြီး အော်မိတယ်၊ အဲဒါနဲ့ ယောက်ျား ၃ ယောက် ကျမနားရောက်လာပြီး ပထမတော့ ကျမနားက နားကပ်ကို ဆွဲဖြုတ်တယ်၊ ပြီးတော့ ကျမတောင်းပန် တဲ့ကြားက ကျမကို မုဒိမ်းကျင့်တော့တာပဲ” ဟု မညိုညိုဝင်းက ရှိုက်ငိုကာ သူ့အဖြစ်အပျက်ဆိုးကို ပြောပြခဲ့သည်။

နွံအိုင်ထဲတွင် တညလုံး အ၀တ်မပါသော ကိုယ်ဗလာဖြင့် နေခဲ့ရပြီး နောက်တနေ့ နံနက်မှ လပွတာမြို့ပေါ်မှ ကယ်ဆယ်ရေး စက်လှေရောက်လာပြီး လပွတ္တာမြို့ပေါ်ရှိ ဘုရားဝင်း အတွင်းမှ ကယ်ဆယ်ရေးစခန်းတခုသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် အသက် မသေဆုံးခဲ့သော်လည်း မိသားစုဝင်များ ဆုံးရှုံးရခြင်း၊ အိုးအိမ် လုပ်ငန်းများ ပျက်ဆီးခဲ့ရခြင်း စသည်ဖြင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်များသည် နာဂစ်လွန်ကာလများတွင်လည်း အသက်အိုးအိမ် မလုံခြုံမှုများ၊ မတရား ကာမ ရယူခံရခြင်းများ ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး လူအသေအပျောက် များသော ရွာများ ရှိသကဲ့သို့ အိမ်အမိုးလန်ရုံ သစ်ပင် လဲရုံလောက်သာ ပျက်ဆီးခဲ့သော ရွာများလည်း ရှိသည်။ အပျက်အဆီး အထိအခိုက် နည်းသော ကျေးရွာ များတွင် နေထိုင်သူများမှာ စက်လှေများဖြင့် အသက်မသေဘဲ ကျန်သူများကို သွားရောက် ကယ်ဆယ် ကြသည်။ သို့သော် ထိုရွာများမှ မသမာသူများကတော့ အသေအပျောက်များသော ရွာများသို့ သွားရောက်ပြီး သေဆုံးသူများ ထံမှ ရွှေနှင့် အဖိုးတန်ပစ္စည်းများဖြုတ်ယူကြပြီး မသေဘဲ ကျန်ရစ်သူ အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် အဖြစ်အပျက် များရှိကြောင်း သိရှိရသည်။

မညိုညိုဝင်းကဲ့သို့ပင် မုန်တိုင်းလွန်ကာလတွင် အဓမ္မပြုကျင့်ခံရပြီး လက်စဖျောက်ခံရသော တခြားအမျိုးသမီးငယ်တဦးမှာ အသက် ၁၅ နှစ်အရွယ် ကရင်အမျိုးသမီးငယ် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လပွတ္တာခရိုင်၊ ၀ါးဘိုးကုန်း ကျေးရွာသား တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးသော အခါ အသက်မသေဘဲ ကျန်ရစ်ခဲ့သော ထိုအမျိုးသမီးငယ်မှာ အပေါ်အင်္ကျီစုတ်ပြဲသွားပြီး အတွင်းခံဘောင်း ဘီတိုကလေးနှင့် ၀တ်စရာ လုံခြည်၊ အင်္ကျီ လိုက်ရှာရာမှ ပစ္စည်းလိုက်ကောက်နေသူ အမျိုးသားကြီး ၂ ဦးက မုဒိမ်းကျင့်ကာ အဆိုပါ မိန်းကလေးကို ရေနှစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူ ရွာသားက ပြောပြခြင်းဖြစ်သည်။

“အဲဒီအချိန်တုန်းက ကျနော် ကြောက်လွန်းလို့ သေချင်ယောင် ဆောင်နေတာပါ။ သူတို့မှာ တုတ်နဲ့ ဓားရှည် တွေပါတယ်။ သူတို့က သေနေတဲ့ လူတွေဆီကနေ ပစ္စည်းတွေဖြတ်ယူ နေကြတယ်။ ကောင်မလေးကို တွေ့သွားတော့ သူတို့ မတရားလုပ် တာအားလုံးမြင်တယ်။ ဒါပေမယ့် ကျနော် ကြောက်ပြီး ၀င်မကူနိုင်ခဲ့ဘူး” ဟု သူက စိတ်ထိခိုက်စွာ ပြောဆိုသည်။

ထိုအဖြစ်အပျက်ကဲ့သို့ပင် လပွတ္တာခရိုင်၊ ပြင်စလူ မြို့နယ်၊ ကွင်းလျား ကျေးရွာတွင်လည်း အသက် ၁၆ နှစ်အရွယ် ကရင် မိန်းကလေးတဦးကို တပ်မ ၆၆ မှ ဗိုလ်ကြီးတဦးနှင့် နောက် လိုက် ၂ ဦးက အဓမ္မပြုကျင့်ပြီး လယ်ကွင်း ရိုးပြတ်များကြားတွင် သတ်ဖြတ်ကာ ပစ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသော ကွင်းယားကျေးရွာသား တဦးက ပြောပြသည်။

ထိုကိစ္စ မှာ နာဂစ်ဖြစ်ပြီး ၁ လ အကြာ၊ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းဒေသသို့ အသီးသီး ပြန်လွှတ်ပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကို ပြောဆိုပါက ရွာတရွာလုံးကို မီးရှုံ့မည်ဟု ၎င်း ဗိုလ်ကြီးက ခြိမ်းခြောက်ပြောဆို ထားသော ကြောင့် အဆိုပါ ကျေးရွာသားများမှာ ထိုအဖြစ် အပျက်ကို မပြောရဲကြကြောင်း သိရသည်။

ယခုအခါ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ စစ်ဗိုလ်နှင့်နောက်လိုက် ၂ ယောက်အား တပ်မ ၆၆ က လပွတ္တာ နယ်မှ တခြား နယ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကွင်းလျားကျေးရွာသားက ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးကို ထိခိုက်လျက်ရှိသော တခြားပြဿနာ တခုမှာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သော ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

“ကျမတို့ရွာမှာ မသေဘဲကျန်ခဲ့တာ ယောက်ျား ချည်းပဲ ၈ ယောက်ရှိတယ်။ မိန်းမဆိုလို့ ကျမ တယောက်တည်း။ အဲဒါ ဘယ်လိုလုပ်ပြီး ပြန်နေရမလဲ” ဟု နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသော လပွတ္တာ၊ ပြင်စလူကျွန်းမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသူ တဦးက ဆို သည်။

မုန်တိုင်းကြောင့် သေဆုံးကြရသူများတွင် ကလေးများနှင့်အမျိုးသမီးများမှာ သေဆုံးကြသူများ၏ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ယူနီဆက်၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးများမှာ ၅ ပုံ ၁ ပုံခန့် သာ ကျန်ရှိတော့ကြောင်း ပြည်တွင်းအန်ဂျီအိုတစ်ခုမှ စစ်တမ်း ကောက်ယူမှုအရ သိရှိရသည်။

မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအမျိုးသမီးများအတွက် ဘ၀လုံခြုံရေးသည် တစထက် တစ ပိုမိုခက်ခဲ့လာသော အနေအထားမျိုးနှင့် တွေ့ကြုံနေရသည်ဟု အဆိုပါ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ထိုကိစ္စများအပေါ် အရေးယူဆောင်ရွက်ပေးခြင်း မရှိသော ကြောင့် လက်ရှိအခြေအနေတွင် ခွဲတမ်းပစ္စည်း ဝေပေးသည့်အခါ သွားယူသူ အမျိုးသမီးများ အမျိုးသမီးများအား ရဲဘော်များက လက်ဆွဲခြင်း၊ ပုခုံးဖက်ခြင်း စသဖြင့် ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဆန်ခွဲတမ်းဝေတဲ့နေ့က ရဲဘော်တယောက်က ကျုပ်သမီးကို လိုက်ဆွဲလို့ ဗိုလ်ကြီးကို သွားတိုင်တယ်၊ ဗိုလ်ကြီးက ခင်ဗျား သေချင်နေပြီလား အေးအေးနေလို့ ပြောပြီး ကျုပ်ကို တဲထဲကနေ ဆွဲထုတ်ခိုင်းတယ်” ဟု ကျောင်းကုန်း ကျေးရွာ အုပ်စုတွင် နေထိုင်သူ ကရင် အမျိုးသားကြီးတဦးက ပြောပြသည်။

ထိုအမျိုးသားကြီးလိုပင် သမီးတော်စပ်သူ၊ တူမတော်စပ်သူ၊ ညီမ၊ အစ်မ တော်စပ်သူများ အပေါ် စိုးရိမ်မကင်း ရှိနေကြသော ရွာသားများမှာ အခြေစိုက်ရုံးများရှိရာ မြို့ပေါ်အထိ သွားရောက် တိုင်ကြားခဲ့ကြသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေး ခြင်း မရှိဟု သိရသည်။

“ကျနော့် အစ်မကို ဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပွတ္တာမြို့ပေါ်ထိ တိုင်စာရေး တိုင်ထားတာ ခုချိန်ထိ အရေး မယူတဲ့အပြင်၊ ကျနော့်ကိုပါ ညှိုးပြီး လုပ်အားပေးဆင်းခိုင်းတာ ရက်ဆက်ပဲ ပြင်စလူမြို့ထိ အသွားအပြန် လမ်းလျှောက်ပြီး လုပ်အားပေး ဆင်းပေးနေရတယ်” ဟု လပွတ္တာ၊ ပြင်စလူမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ကျေးရွာတရွာတွင်နေထိုင်သူ တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးနောက် ကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာ ဖြစ်နေသည့် အပြင် စစ်တပ်များမှ တပ်သားများကလည်း ရွာများထဲတွင် အချိန်မရွေး ၀င်ထွက်သွားလာမှုများ ရှိနေပြီး ဒေသခံ များအား ခိုင်းစေ ခြင်း အမျိုးသမီးများကို ၎င်းတို့တဲများ သို့ ခေါ်သွားပြီး ခိုင်းစေခြင်းများ ရှိနေသောကြောင့် မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ရစ် ခဲ့ရသော အမျိုးသမီးများမှာ ၎င်းတို့၏ ဘ၀လုံခြုံရေးအတွက် အစဉ်အမြဲ စိတ်ပူပင် နေရသော အနေအထားမျိုးဖြစ် နေကြောင်း သိရှိရသည်။
အဆိုပါဒုက္ခသည်များ အနေနှင့် တခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် စဉ်းစားကြသော်လည်း ၎င်းတို့၏ မှတ်ပုံတင်များမှာ နာဂစ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ယခုအခါ မှတ်ပုံတင်မရှိတော့သောကြောင့် ဒေသတခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိရသည်။

(ဧရာဝတီ အင်တာနက်စာမျက်နှာမှ ပြန်လည်ဖော်ပြပါသည်)

ဆက်ရန်...

Tuesday, October 21, 2008

မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘ၀ တစေ့တစောင်း


October 2nd, 2008 ခါတော်မီဘလော့မှ ပြန်လည်ဖော်ပြပါသည်။

ရဲရင့်မြင့်မောင်။ ။ “သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆို တော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေး စည်းရုံး တာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကို လည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစား ခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့ လည်း မိသားစုအတွက် အနစ်နာ ခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆) နှစ်အရွယ် ပဲခူးမြို့သူ တဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြ သူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန် ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့် ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေ ကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာ ဖွေကြခြင်း ဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာ သူတို့ ထုံးစံအ တိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရ ကြောင်းကာ ယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။
မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ
သို့သော် လွန်ခဲ့သည့် နှစ် (၂၀) ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀) ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန် ဆာများကြားထဲတွင် အရောအနှောသဘောသာရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀) နှစ်ကျော် ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာ များသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည် ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။
လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါ လုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊ နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေက လည်းရှိ တယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရ တာမျိုးလည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်း လိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူ တယ်” ဟု ပြောသည်။
ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအ မျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါ သူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာ သူတို့နဲ့ အိပ်ရတာ ရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင် သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန် ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာ အချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။
ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။
အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ် ဖော်အလုပ် တလ ဘတ် (၅,၀၀၀) ရမယ်ဆိုပြီး ကျလောက် အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မ ရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှ လည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းက ဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေက စာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ် လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထား တယ်” ဟု ပြော သည်။
ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။
သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမော အိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက် သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ် လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကိုနေ့ပဲပိုင် တယ်၊ ညကိုတော့ ရုံကပိုင် တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေ ရဲ့ရည်းစား လို တူတူတန်တန်ရှိအောင် အိမ်ခန်း ငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှ မလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။
မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မ လုပ်စားချင်တဲ့ ကောင်လေးတွေက ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်း စားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့ အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ် ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။
မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊လာတာက သုံးယောက်။ ကလေးက (၁) နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာက အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာ အဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့် တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အ တူတူ ပြန်သွားကြတယ်။ အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာ အတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။
ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ
သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော် များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀) နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့် အတွက် ယခင်လိုအခြေနေ မျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှ နားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။
သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေက လည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ် နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံ မဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ် လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါတက်ရင်ဘတ် (၂၀၀) ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလ တခါငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။ မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀) ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာ မှလုပ် ပေးလို့မရဘူး။ မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင် မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။
ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက် သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးကရှင်းပြသည်။
ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက်တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ် ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင် ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါ လာတဲ့အ ချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။
ညိုညိုဟု အမည်ရှိသည့် အသက် (၂၅) နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။
“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့ တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁) နှစ်ခွဲပဲရှိသေးတယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေး ကိုနို့ဘူးတိုက်ရင်း အပြင်ကစောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကို အပြစ်ပြော ချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားက တော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသားစု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိ ပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသား ချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့
ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀) ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင် သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။
ပန်းဦးဈေးကွက်
ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉) နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်းပြောဆိုရာမှာ “သမီးကျောင်း (၅) တန်းထိနေ ခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ (၄) ယောက်ရှိတယ်။ သမီးကအ ကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ် စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက် ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁) ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာ အလုပ်လာရှာတယ်။ ကြက်သွန် ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်း တော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ်တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံလိုက်တယ်။ ဘတ် (၁၅,၀၀၀) နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ ဆိုပြီး မုန့်ဖိုးဘတ် (၃,၀၀၀) ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကို ပေးပြီး အိမ်ပြန်ခိုင်း လိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ပေးရ တယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀) လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကို လုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။
မြန်မာပြည့်တန်ဆာကျန်းမာရေး
မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁) ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည် ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်း သူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့် ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများ ကူး စက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ် သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။
ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ် ရတာက တော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီး တိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာ ဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ် ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ် ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့် အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကို မသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြို ယူလို့ရ တယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ ဋ္ဌရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။
ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင် ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာ လုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလ ကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အ သွယ်နဲ့ ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။
အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိ
အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ် သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်း ရှိမိဘ များမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေးပြဿနာများအပြင် တရားမ၀င် ထီလောင်းက စားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။
မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများ အများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုး မြန်မာအ မျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်း မဲဆောက်မှာ မော်တော် ဆိုင်ကယ် နဲ့ အိမ်နဲ့နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့ သူတွေက လည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂) နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ် တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံလေးထောင် ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လော ကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျတော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)
ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင်ယူတယ်။ နေထိုင်စားသောက် ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။
ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်
မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင်ကျောင်းဆရာမဖြစ်ခဲ့ သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက် တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟုအမည်ခံယူထားသည့် မဲဆောက် ရောက် အထက်တန်းပြဆရာမ တဦးက လည်း ရင်ဖွင့်ပြောကြားသည်။
သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ် မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့တော့မထင်ပါနဲ့၊ကျမတို့ကစနစ်ဆိုးကြီးရဲ့သားကောင်တွေပါ။ ဘွဲ့ရကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင်ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြော တဲ့လူလည်း ရှိပါတယ်။ ကျမသူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်း သီချင်း ထဲကလိုပေါ့၊ ဂျင်ဆိုတာသူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြော သည်။
(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

ဆက်ရန်...

Friday, October 17, 2008

ကျမ



ကဲ.. ဒီစာမှာတော့ ကျမကိုယ်ကျမ .. ကျမလို့ သုံးပါရစေ..။ တခါတလေ စာလေးဘာလေး ရေးဖူးပါတယ်.. ၀ါသနာအလျောက်ပေါ့။ ဒါပေမယ့် ကျမဆိုတဲ့ နာမ်စားကို ဘယ်တော့မှ မသုံးချင်ခဲ့ဘူး။ ဘာလို့လဲဆို စာဖတ်သူရဲ့စိတ်ထဲမှာ စာရေးသူဟာ မည်သူမည်ဝါထက် စာရဲ့အကြောင်းအရာကို ပိုပြီးအာရုံစိုစေချင်တဲ့ ရည်ရွယ်ချက် ရိုးရိုးလေးကြောင့်ပါ။


ဘာကြောင့်မသုံးချင်တာလဲ မမေးဘဲနဲ့ ပြောပြပါရစေ။ ကျမလို့သုံးလိုက်ရခြင်းအားဖြင့် ကျမဟာ အားနွဲ့ သွားတဲ့လူတယောက်လို ခံစားရတယ်။ ကျမအနေနဲ့ စာဖတ်သူတွေကို နှလုံးသားအာဟာရပြည့်စေမယ့် အားမာန်ရှိတဲ့စာတွေဘဲ ရရှိစေချင်ပါတယ်။ ဒါဟာလည်း အတ္တတခုဘဲထင်ပါတယ်။ ကျမက ဆရာဖေမြင့်တို့.. ဆရာလူထုစိန်ဝင်းတို့ရေးတဲ့စာတွေကို အကြိုက်ဆုံးဖြစ်သလို အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးဆောင်းပါးတွေကို ဘယ်သူရေးရေး စိတ်ဝင်တစား ဖတ်တတ်တဲ့ အကျင့်ရှိတာကိုး။ နောက်.. ကျမကိုယ်တိုင် မိမိ personal ကို အဓိကထားပြီး ရေးတဲ့စာတွေကို စိတ်ဓာတ်အားဖြည့်စေတဲ့စာအဖြစ် ဖတ်လေ့မရှိဘူး။ ဒါပေမယ့် ဒီတခါတော့ ကျမကိုယ်ကျမ ရေးနေမိပြီ။ (တခါတလေ ကိုယ်မကြိုက်ဘူးလို့ ပြောတဲ့အရာကိုလည်း ကိုယ်တိုင် လုပ်မိတတ်တာလေးတော့ ရှိတာပေါ့.. သည်းခံပါနော်)။

အဲလိုပြောလို့ ကျမလို့ပြောတိုင်း အားနွဲ့ တယ်လို့ထင်လား.. လူကိုယ်တိုင်နဲ့ပဲဆိုင်တယ်လို့ ပြောချင်ပြောနိုင်ကြမှာပါ။ အဲဒါက သူများတွေအမြင်လေ..။

ကျမက ယဉ်ကျေးမှုရိုးရာဓလေ့ဆို ဟိုးငယ်ငယ်လေးကတည်းက အရမ်းလေးစားလိုက်နာချင်ခဲ့တာ။ စာပေဆိုတာကိုလည်း ကိုယ့်မိဘထက်ပိုပြီး လေးစားခဲ့တာ (ဒီစာကို မေမေ မဖတ်မိပါစေနဲ့)။ စာပေဆီကနေ အများကြီးလေ့လာသင်ယူခဲ့တာ အများကြီးပါ။ စာပေက လူတွေရဲ့စိတ်ကို ယဉ်ကျေးသိမ်မွေ့ စေပြီး အသိပညာတွေပေးတယ်ဆိုတာ ကျမရဲ့ ယုံကြည်ချက်တခုပါ။ ကျမယုံကြည်တဲ့ စာပေထဲမှာ ယခုအချိန်ထိ လေ့လာရသလောက်တော့ မိန်းမကောင်းဆိုတဲ့ ကျင့်ဝတ် စံတန်ဖိုး သတ်မှတ်ချက်တွေထဲမှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား သဘောင်ဆောင်လှတဲ့ အချက်တွေ မတွေ့ ဖူးသလောက်ပဲ။ အင်း.. ဟိုး ၉ တန်းလား ၈ တန်းလား.. မေ့နေပါပြီ.. (အလွတ်ကျက် ပညာရေးနဲ့ ရင်းနှီးခဲ့တော့) အဲဒီတုန်းက မြန်မာစာမှာ သင်ဖူးပါတယ်.. မဟော်သဓာရဲ့မိန်းမ အမယ်ရာဓေ၀ီ ဘယ်လောက်ဥာဏ်ထက်မြက်တဲ့အကြောင်း.. (ဒါတောင် မေ့နေပြီ.. သူများကိုမနည်းလှမ်းမေးရတယ်) နောက်.. မဒီ၊ သမ္ဘူလ.. စတဲ့ သမိုင်းဝင် အမျိုးသမီးကောင်းတွေရဲ့ ဂုဏ်အင်တွေ.. ကြားဖူးပါတယ်။ ဒါပေမယ့် သူတို့တွေကို ဘယ်လောက်ဘဲ စာဖွဲ့ ချီးမွမ်းထားပါစေ.. သူတို့ရဲ့ ကြင်ယာဖက်တွေနဲ့ ယှဉ်လိုက်ရင်.. အမြဲတမ်း အနောက်မှာပဲလေ..။

အဲဒီတော့ ကျမ စာပေတွေကနေ သင်ယူလိုက်ရတာက မိန်းကလေးဆိုတာ အားနွဲ့ တယ်.. ယဉ်ကျေးသိမ်မွေ့ ရမယ်.. နူးညံ့ပျော့ပြောင်းရမယ် (ဘာလဲတော့မသိဘူး).. တခုခုလုပ်တိုင်း ညင်သာနေရမယ်.. အသံလေးကိုက နားဝင်ပီယံ ချိုသာနွဲ့နှောင်းနေရမယ်.. အနေအထိုင် အပြောအဆို.. ဘာညာ.. စုံလုံ..။ အင်း.. နောက်တခုကျန်ခဲ့တယ်.. အရေးကြီးဆုံး။ အဲဒါက .. ကျမ..။ ကျမဆိုတဲ့ နာမ်စား။ အဲဒါတွေအားလုံးကို ကိုယ်စားပြုတဲ့ ဖော်ညွန်းထားတဲ့ အမျိုးသမီး.. အဲဒီအမျိုးသမီးကို ကိုယ်စားပြုခေါ်ဝေါ်စေတဲ့ .. ကျမဆိုတဲ့ နာမ်စား။


ဖော်ပြတဲ့အချက်တွေ.. အရည်အချင်းတွေ ကျမမှာ မရှိဘူးရှင့်။ (ရှင့်.. ဆိုတာကြီးကို တခါမှ မသုံးဖူးပါ.. ဒါပထမဆုံးအကြိမ်ပါ)။ ကျမမှာ ကဗျာဆန်စရာလေးဆိုလို့ လက်ကလေးတွေတောင် မရှိပါဘူး။ ကြည့်လိုက်ရင် သီးလေးသီးဟာသမှာ ပြောသလို ကျီးကန်းခြေထောက်တွေလိုဘဲ။ ကိုယ့်အကြောင်းကိုယ်ပြောရတာ တခါတလေတော့ အပေါ်မော့ပြီး တံတွေးထွေးသလိုပါဘဲ။ ဒါပေမယ့် မတက်နိုင်ပါဘူး။ အရှိကို အရှိတိုင်းပေါ့။

စာပေက သင်ယူတဲ့အကြောင်း ပြန်ပြောပါရစေဦး။ ကျမ အမျိုးသမီးကလောင်ရှင်တွေရေးတဲ့ စာတွေလည်း ဖတ်ဖူးပါတယ်။ ဘာလဲ. အရမ်းနာမည်ကြီးတဲ့ ဆရာမ ဂျူးဝတ္တုတွေ.. အရမ်းကိုကြိုက်ပါတယ်.. နောက်.. ဒေါက်တာမတင်ဝင်းတို့.. (အမေလူထုဒေါ်အမာကိုတော့ ဒီစာမှာ ချွင်းချက်ထားပါရစေဦး..) စတာတွေပေါ့။ ဂျူးဝတ္တုတွေမှာလည်း အများအားဖြင့် အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေ၊ အတွေးအခေါ်ကောင်းတွေ.. ကို ပြသပေးပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်သတ်မှတ်ထားတဲ့ .. အမျိုးသမီးကောင်းဆိုတဲ့.. စံနှုန်းထဲ.. ဘောင်ထဲကနေကို မထွက်နိုင်ဘူးလို့ ခံစားရတယ်။ နောက်.. ကျမ အရမ်းကြိုက်ပါတယ်ဆိုတဲ့ စာရေးဆရာ မြသန်းတင့်တို့ ဆရာဖေမြင့်တို့ရဲ့ အမျိုးသမီးတယောက်အပေါ် အဓိပာယ်သတ်မှတ်ချက်.. စံသတ်မှတ်ချက်တွေကလည်း ဘောင်ထဲကထွက်ဖို့မပြောနဲ့.. ဘောင်ထဲကို နစ်သထက်နစ်အောင် ဆွဲနစ်နေသလိုပါဘဲ..။ ကျမ.. ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးကောင်းတယောက်ရဲ့ စရိုက်လက္ဗာတွေကို ကျမကိုယ်တိုင်အတွက် မကြိုက်ဘူး။ (ကိုယ်တိုင် မလုပ်နိုင်လို့လားတော့ မပြောတတ်ပါဘူး)။ ဆိုတော့ ကျမ.. လို့ပြောလိုက်တာနဲ့.. အရိပ်ပြ တကိုယ်လုံးမြင်တဲ့ကျမကလည်း ပထမအဆင့်.. ဒါဟာ အမျိုးသမီးဘဲလို့မြင်တယ်.. နောက်တဆင့်.. ဟိုအပေါ်မှာပြောထားတဲ့အချက်တွေလို.. နောက်ဆုံးနိဂုံးချုပ် အားနွဲ့တယ်.. ဘာညာပေါ့။ နောက်.. ဘောင်မလွတ်တဲ့အတွေးအခေါ်တွေကို ကျမ အတုမခိုးချင်တော့ဘူး။ (အတုမခိုးချင်တော့ဘူးဆိုတာ အရင်တုန်းက အတုခိုးဖူးလို့ပါ.. အဲဒီအကြောင်းတော့ မပြောချင်တော့ပါဘူး.. ကော်ဖီထဲ မာဆလာထည့်သောက်သလို လုံးဝ မစပ်ဟပ်ခဲ့လို့ပေါ့)။

ကျမက ကျမဆိုတဲ့ နာမ်စားကို မကြိုက်ရခြင်းအကြောင်း.. အမျိုးသမီးကောင်းတွေရဲ့ စံနှုန်းမှာ တချက်ကလေးမှ ဘောင်မ၀င်တဲ့ကျမ.. တကယ်မိန်းမရော ဟုတ်ရဲ့လားလို့ မေ့ငေါ့ချင်စရာပါ။ တကယ်ပါ.. ကျိန်ပြောရဲပါတယ်။ လူ့ အသိုင်းအ၀ိုင်းမှာပြောတဲ့ ဘာလဲ.. ယောက်ကရှာလား.. မိန်းမမဟုတ် ယောက်ျားမဟုတ်လား.. အဲဒီစိတ်ပေါက်နေလား.. မေးနိုင်ပါတယ်။ တချို့ လည်း မေးဖူးပါတယ်။ ဒီအချက်အတွက်တော့ အခါပေါင်းမရေတွက်နိုင်အောင် ကျမ်းကျိန်ပြောပါရစေ.. ကျမ ဟာ တကယ်မိန်းမပါ.. ယောက်ျားလေးကိုသာ ချစ်ခင်မြတ်နိုးတတ်တဲ့.. လူတွေသတ်မှတ်ထားတဲ့ဘောင်က.. ယောက်ျားကိုသာကြိုက်မှ မိန်းကလေးလို့သတ်မှတ်တဲ့.. မိန်းမစစ်စစ်ပါ.. အော်.. မိန်းမစစ်စစ်ပါရှင်။ အဲဒီလောက် ကျိန်ပြောတာတောင် မရုံတဲ့သူရှိသေးတယ်။ ထားလိုက်ပါတော့ ကြားဖြတ်သတင်းတွေ။

အရင်စာတွေမှာ အများဆုံးတွေ့ ဖူးမှာပါ.. ကျမရေးတဲ့ဆောင်းပါးတွေက မိမိ.. ဆိုတဲ့ နာမ်စားကိုသုံးခဲ့တာ။ သတိလည်း ထားမိကြမှာမဟုတ်ပါဘူးလေ။ အရမ်းနာမည်ကြီးတဲ့ စာရေးဆရာမဆိုတော့.. (လူမသိသူမသိ)။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေလိုဘဲ.. လူတယောက်ကားတိုက်တယ်လို့ပြောရင် လူတွေက ယောက်ျားပဲမြင်သလိုမျိုးပေါ့.. (မိန်းမက လူမဟုတ်တဲ့အတိုင်း).. အခုလည်း မိမိ..ဆိုတဲ့ အသုံးအနှုန်းက ကျမကို မသိတဲ့သူဆို ယောက်ျားစာရေးသူလို့ဘဲ ထင်ကြတာ။ (ကျမကိုယ်တိုင်ကလည်း အဲဒါကို ကျေနပ်နေလား မပြောတတ်ပါဘူး။ အရမ်းကို ကျိတ်ပြီးသဘောကျတာ။)

သူများ ယောက်ကရှာလို့ ပြောလဲ ပြောချင်စရာပါ.. ကျမဆီမှာရှိတဲ့ သူငယ်ချင်းအတော်များများက ကျမနဲ့ မတိမ်းမယိမ်းပါပဲ.. ကြမ်းနင်း ကြမ်းကျိုးဆိုတာမျိုးလိုဘဲ.. နူးညံ့လိုက်ကြတဲ့သူတွေ ... စကားပြောရင် ရန်ဖြစ်နေကြသလိုဘဲ ထင်ရတယ်.. ဘုကန့်လန့်နဲ့.. သူများတွေတောင် ကျမတို့သူငယ်ချင်းတအုပ်နေတဲ့အိမ်ဆို ဗိုလ်တထောင်အိမ်ဆိုပြီး နာမည်မှည့်ခေါ်ရလောက်အောင်ပါ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့.. ဒီစာလေးကိုဖတ်ပြီးရင် ကျမဟာ စာဖတ်သူတွေအနေနဲ့ ဘာခံစားချက်.. ဘာရသမှ မရသည့်တိုင်အောင် ကျမဟာ အမျိုးသမီးဆိုတာလေးတခုတော့ အသုံးအနှုန်းပေါ်ကြည့်ပြီး ရသွားကြမှာပါ..

တကယ်တော့ အထက်မှာပြောတဲ့အတိုင်း ကျမရဲ့အစွဲဟာ အတော်များများ မှန်ချင်မှ မှန်မှာပါ။ လက်တွေ့ ကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကျမဟာ လူ့ အသိုင်းအ၀ိုင်းနဲ့အတူ လူတွေသတ်မှတ်တဲ့ ဓလေ့ထုံးတမ်းကြားမှာ ဘောင်ကျကျ အသွင်းခံထားရတဲ့သူတယောက်အနေနဲ့ တချို့ ကိစ္စတွေမှာ အမှန်တရားလို့ သက်သေပြစရာ.. ဥပဒေဆိုပြီး လက်ညှိုးထိုးပြစရာ ရှိချင်မှရှိနိုင်ပေမယ့်.. ဘယ်ဥပဒေနဲ့မှ တော်ရုံအချိန်ယူ ပြင်ပေးလို့မရတဲ့ .. အစွဲ.. ဆိုတာကြီးက အမြစ်တွယ်နေတာ ကြာပြီဆိုတော့.. ကျမဆိုတဲ့ နာမ်စားသုံးတိုင်း ပျော့ညံ့တဲ့အတွေးအခေါ်ကို ပေးတယ်ဆိုတာကြီးကို ဖျက်ပစ်ဖို့ အချိန်ယူရပါဦးမယ်။

ဒီစာလေးကိုဖတ်ပြီး မိမိဟာ အမျိုးသမီးဆိုတာကို သိပြီဆိုရင်တော့ စာရေးရကျိုး နပ်ပါပြီ။

မီးလျှံ

ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP