Thursday, November 27, 2008

မဆုံးတဲ့အလွမ်း

မိုးချိုသင်း
မဟေသီ။ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ

တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။

ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေး

နွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။

ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။

အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။

ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။

သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။


ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။

ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။

ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။

သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။

သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။
နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။

ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။

အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။

သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။

ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။

အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။

သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။

သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။

သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။

အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။

သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။

တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။

သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။

ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။

သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။

ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။

မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……

ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။

နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။

(“ဗမိုး” ဘာသာပြန်)

ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။

သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။

ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။

အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။

အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။

ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။

သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။

သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။

သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။

ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။

အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။

အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။

အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။

ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။

သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။

ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။

အဲဒါကတော့ …..

“နှလုံးသားထဲက ဒဏ်ရာ” တဲ့။

ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဆက်ရန်...

Monday, November 24, 2008

ကမ္ဘာ့ အရပ်အပုဆုံးနှင့် ခြေထောက်အရှည်ဆုံး



အေပီ။

၂၀၀၉ နှစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း စာအုပ် (Guinness World Records) ကြော်ငြာအတွက် ကမ္ဘာ့အပုဆုံးယောက်ျားနှင့် ခြေထောက်အရှည်ဆုံး မိန်းမ တို့နှစ်ဦးကို လန်ဒန်မြို့လယ်ရှိ ထရာဖဲဂါရင်ပြင် (Trafalgar Square) ၌ ပြသရာ လူအများ၏ စိတ်ဝင်စားမှု ရခဲ့သည်။


တရုတ်ပြည်မှ အသက်၂၀ ရှိ ဟေပင်းပင်း (He Pingping) သည် လမ်းလျှောက်နိုင်သည့် ကမ္ဘာ့အပုဆုံး လူသားဖြစ်ပြီး အရပ် ၂ ပေ ၅.၃၇ လက်မ သာရှိသည်။ ရုရှားပြည်မှ အသက် ၃၆ ရှိ ပင်ခရာတိုဗာ (Pankratova) သည် ကမ္ဘာ့ ခြေထောက်အရှည်ဆုံး အမျိုးသမီးဖြစ်ပြီး သူမ၏ ခြေထောက်အရှည်မှာ ၄ ပေ ၄ လက်မ ရှိသည်။ သူမ၏ အရပ်မှာ ၆ ပေ ၄ လက်မ ရှိသည်။

ဆက်ရန်...

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိ

ဘုန်းခိုင်။ နိုဝင်ဘာ ၁၈၊ ၂၀၀၇။ ရိုးမ။

စာပေလွတ်လပ်ခွင့်များဆုံးရှုံးနေပြီး မိသားစုဘဝ လုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများ ရှိနေသဖြင့် စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ရန် အကူအညီများပေးနေသည့် ဆရာမ နှင်းပန်းအိမ်ကို စစ်အစိုးရအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် ဖိအားပေး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် မိသားစုဘဝလုံခြုံမရှိတော့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျမခင်ပွန်းက နိုင်ငံရေးကိစ္စတခုနဲ့ ရှောင်တိမ်းနေရတယ်၊ အဲဒီဟာက ကျမတို့အပေါ် ဂယက် ရိုက်တယ်၊ ကျမက ယောင်္ကျားထောင်က လွတ်တဲ့အထိ အခြားထောင်ဝင်စာသမားတွေကို လိုက်တွေ့ပေးတုန်း၊ ဘူးသီးတောင်၊ မိုင်းဆတ်၊ ကလေး၊ မြစ်ကြီးနားထောင်တွေ သွားကူညီပေး တာ၊ အဲဒါ (SB)တွေက ကျမကို မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်၊ အခုယောင်္ကျားက ကိစ္စ တခု ထပ်ဖြစ်နေတော့ ကျမတို့ နေဖို့အခက်အခဲဖြစ်လာတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြော သည်။

ဆရာမနှင်းပန်းအိမ်၏ အမျိုးသားဖြစ်သူမှာ ဒဂုံမြို့သစ် အန်အယ်ဒီလူငယ် အဖွဲ့ချုပ်ဝင်တဦး ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ထောင် (၁၄) နှစ်ချမှတ်ခံရကာ ကလေးထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာဏာပိုင်များနှောင့်ယှက်မှုများနှင့် ပတ်သက်၍ “ကျမမွေးတဲ့မြေ၊ တသက်လုံးနေလာတဲ့ မြေ ကနေ ဘယ်ခွဲချင်ပါ့မလဲ၊ သူတို့က ကျမတို့ကို ဖိအားတွေပေးတယ်၊ ဒီလိုကူညီတာတွေကို စိတ်အနှောင့်အယှက်မျိုးစုံ ပေးတယ်၊ ကားနဲ့သွားရင် ကားနံပါတ်ကအစ စစ်ဆေးတယ်၊ ယောင်္ကျားလွတ်နေပြီ ခင်ဗျားက ဘာကိစ္စနဲ့ လုပ်နေတာလဲ အဲလိုတွေ နည်းမျိုးစုံနဲ့ နှောင့်ယှက် တာ၊ မတွေ့ပြန်ရင်လဲ အိမ်ကိုလာမေးတယ်၊ ဘယ်ကိုသွားတာလဲ၊ ဘာကိစ္စနဲ့လဲ အဲလိုတွေ နေ့စဉ် နဲ့အမျှ ရင်ဆိုင်ရတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။


ထို့အပြင် မြန်မာနိုင်ငံ၏ စာပေလွတ်လပ်မှုနှင့်ပတ်သက်၍ စာပေသမားတိုင်းသည် အနုပညာ မြောက်အောင် ရေးသားနိုင်ဖို့ထက် စာပေစီစစ်ရေးကိုလွတ်အောင် ရေးသားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမတို့ စာပေသမားတွေက ဆင်းရဲတာကို ခံနိုင်တယ်၊ ပြည်သူတွေဖြစ်ပျက်နေတာကို အမှန် တိုင်း ရေးချင်တယ်၊ ကျမရေးခဲ့တဲ့အထဲမှာ စာပေစီစစ်ရေးက ဖျက်တာ (၁၅) ပုဒ်လောက် ခံခဲ့ရ တယ်၊ နောက်တခုက ကျမတို့စာကြောင်းတွေ ဖြုတ်ခံရတာရှိတယ်၊ ကိုယ်ပေးချင်တဲ့အတွေးကို သူတို့ဖြုတ်လိုက်ပြီဆို တပုဒ်လုံးက အဓိပ္ပါယ်မရှိတော့ဘူးလို့ လူထုအမေမာက ပြောခဲ့ဖူးတယ်” ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ဆရာမ နှင်းပန်းအိမ်သည် အမေလူထုဒေါ်အမာ၏ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးများ ဖြင့် ၂၀၀၀ ခုနှစ်မှစတင်ကာ စာပေနယ်ထဲသို့ရောက်ရှိခဲ့ပြီး “တမာပန်းနှင့် ဘဝလမ်း” ဆောင်းပါး ဖြင့် လူသိများလာသူ ဖြစ်သည်။

ယခုအချိန်ထိ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို ၂၀၀ ခန့် ရေးသားခဲ့ပြီး တော်ဘုရားလေးစာပေ ဆု၊ ဂျပန်မှ စာဖတ်သူတဦးပေးသည့် ကျနော်အကြိုက်ဆုံးဆုနှင့် ပြီးခဲ့သည့်လ (၂၆) ရက်နေ့က “ရိုးချောင်းဘေးက ကြာ” ခေါင်းစဉ်ဖြင့် နေမင်းအားမာန်အဖွဲ့မှပေးသည့် ဝတ္ထုတိုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။

ဆက်ရန်...

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌသစ်အဖြစ် ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီးကိုရွေးချယ်

NEJ/ ၆ နိုဝင်ဘာ ၂၀၀၈


ယမန်နေ့က ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ဆရာမနော်လားဖိုးကို ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌအဖြစ် ရွှေးချယ်တင်မြောက်လိုက်သည်။

အောက်တိုဘာ (၃၀)ရက်နေ့မှ နိုဝင်ဘာ (၅)ရက်အထိ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံ ခရိုင်တစ်ခုတွင် ကျင်းပသည့် ညီလာခံမှ ဗဟိုကော်မတီ (၃၅)ဦးကိုလည်း တဆက်ထည်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ကျင်းပပြီးစီးသွားသည့် (၅)ကြိမ်မြောက် ညီလာခံတွင် မူဝါဒရေးရာ အပြောင်းအလဲမရှိပေ၊ ကရင်အမျိုးသမီးအစည်းအရုံး KWO အနေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကို အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ရေးဆွဲချမှတ်ခဲ့သည်ဟု အဖွဲ့ ၏ ဒုဥက္ကဌ နော်ဖောဒေးတိုးက ခေတ်ပြိုင်သို့ ပြောသည်။

ညီလာခံသို့ KWO ဗဟိုနှင့် ဘားအံခရိုင်၊သထုံခရိုင်၊တောင်ငူခရိုင်၊ညောင်လေးပင်ခရိုင်၊ဖါပွန်ခရိုင်၊ဒူးပ လာယာခရိုင်၊ဘိတ်ထားဝယ်ခရိုင်တို့မှညီလာခံကိုယ်စားလှယ်များလေ့လာသူများအပါအ၀င် (၈၇)ဦး တက်ရောက်ခဲ့ကြသည်။



ကရင်အမျိုးသမီးအစည်းအရုံးကို (၁၉၈၅)ခုနှစ်က မာနယ်ပလောဌာနချုပ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ညီ လာခံကို (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲ ကျင်းပမှုများလည်း ရှိသည်။

ဆက်ရန်...

Friday, November 14, 2008

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

14 November 2008။ VOA။

မန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေ
ဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း(Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ်အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့ကဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုလည်း အထက်လွှတ်တော်အမတ်
မစ္စ ဖိုင်းစတိုင်းနဲ့ မစ္စ ဟတ်ချီဆန်တို့က တိုက်တွန်းလိုက်ပါတယ်။
မနေ့က မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ် ၂၀ ဦးထက်မနည်းကို
ရန်ကုန်က အထူးတရားရုံးတွေက ထောင်ဒဏ် ၂ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်လိုက်
ပါတယ်။ ထောင်ချခံရသူ အများစုဟာ အန်န်အယ်လ်ဒီပါတီအဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး
တချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုထဲက ဖြစ်ပါတယ်။

ဆက်ရန်...

ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ်

ဖြိုးကြီး။ နိုဝင်ဘာ ၁၃၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း၊ တာမွေအရှေ့ပိုင်းခရိုင်တရားရုံး ခုံ(၁)က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)၊ အသင်းဖွဲ့(၆) ပုဒ်မများဖြင့် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သူ့ရှေ့က နောင်တော်တွေ၊ အမတွေကို ချမှတ် လိုက်တဲ့ နှစ်တွေနဲ့စာရင် ကျနော့်သမီးကို ချမှတ်လိုက်တာကို ဘယ်လိုပြောရမလဲ ကမ္ဘာကြီး မီးလောင်နေချိန်မှာ ဆီမီးခွက် မီးတောက်တာကို ဦးနှောက်ထဲတောင် မထားတော့ပါဘူးလို့ သဘောထားပါတယ်”ဟု မဟန်နီဦး၏ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောသည်။

မဟန်နီဦးအား တရားလိုသက်သေများက သံဃာတော်များစီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ သည်ဟု ထွက်ဆိုခဲ့သော်လည်း အဆိုပါရက်ပိုင်း မဟန်နီဦးမှာ စာမေးပွဲဖြေဆိုနေခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

“အဲဒီရက်တွေမှာက ကျနော့်သမီးက စာမေးပွဲဖြေနေတဲ့ရက်ပါ၊ ကျနော့်သမီး စာမေးပွဲဖြေဆို ကြောင်းရယ်၊ အောင်စာရင်းထုတ်ပြန်တော့ စာမေးပွဲဖြေထားလို့ အောင်မြင်တဲ့ ဘာသာ၊ ကျတဲ့ ဘာသာတွေကို ထုတ်ပြန်ပေးထားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာက ဖြေရင်ဖြေတယ်၊ မဖြေရင်မဖြေဘူးဆိုတာကို စာထုတ်ပေးပါလို့ တရားဝင် သြဂုတ်လ (၂၅) ရက်နေ့မှာ မော်ကွန်း ထိန်းဆီကို စာတင်ပြီးတောင်းတာ အကြောင်းမပြန်ခဲ့ဘူး”ဟု ပြောသည်။

ယခုကဲ့သို့ သမီးဖြစ်သူအား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်၍ “ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန် ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”ဟု ဆက်လက်ပြောသည်။

ထို့အပြင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ကိုမျိုးခင်အား ထောင်ဒဏ် (၆) နှစ်ခွဲနှစ် သစ်စက်အလုပ်သမား ကိုမျိုးခိုင်အား ထောင်ဒဏ် (၄) နှစ်ခွဲစီ အသီးသီးချမှတ်လိုက်သည်။

ဆက်ရန်...

Wednesday, November 12, 2008

နိုင်ငံရေးလှုပ်ရှားသူများ၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက်

၂၀၀၈-၁၁-၁၂။ အာရ်အက်ဖ်အေ။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်ဇော်မင်းဟာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင်တွေထဲမှာ တဦးအပါအ၀င်ဖြစ်ပါတယ်။ ကိုဇော်ဇော်မင်းရဲ့ မိခင် ဒေါ်ခင်စိုးမြင့်ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒေါ်ခင်စိုးမြင့်ရဲ့ ခင်ပွန်းဟာ ၁၉၉၈ ခုနှစ်တုန်းက သာယာဝတီအကျဉ်းထောင်မှာ ဆုံးသွားခဲ့တဲ့ ထီးလင်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းဖြစ်ပါတယ်။ သားတဦးဖြစ်တဲ့ ဦးကျော်ကျော်မင်းက နိုင်ငံရေးလှုပ်ရှားသူဖြစ်ပြီး ထောင် ၇ နှစ် ကျနေခဲ့သူဖြစ်ပါတယ်။

နောက် သားတယောက်ဖြစ်တဲ့ ကိုဆလိုင်းယောအောင်က ၈၈ နောက်ပိုင်း တောခိုသွားခဲ့ပြီး လက်ရှိ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး မြေးဖြစ်သူ ကိုဒီငြိမ်းလင်းက ၂၀၀၇ ခုနှစ် မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ အဖမ်းခံထားရသူဖြစ်ပါတယ်..

ဒါကြောင့် နိုင်ငံရေးသမားရဲ့ ဇနီး၊ နိုင်ငံရေးသမား တော်လှန်ရေးသမားရဲ့ အမေ၊ နိုင်ငံရေးသမားရဲ့ အဖွားတယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲဆိုတာကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်...။



ဆက်သွယ်မေးမြန်းချက်..


အမေ့အနေနဲ့ အမျိုးသားကလည်း ထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ကျပြီးတော့ ဆုံးသွားတယ်.. နောက် သားသမီးတွေလည်း ထောင်ကျတယ်.. တောထဲကိုရောက်သွားတယ်ဆိုတော့ မိခင်တယောက်အနေနဲ့ရော အမျိုးသမီးတယောက်အနေနဲ့ရော ဘယ်လိုခံစားရပါသလဲ။

သားရယ်.. ဒါကတော့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့အချိန်ထဲကို ခြေဆင်းရမှာ အမေတို့တာဝန်ပဲလေ.. နောက် ၈၈ ဒီမိုကရေစီကျောင်းသားခေါင်းဆောင်တွေမှာလည်း တာဝန်ရှိတယ်ဆိုတော့ သူတို့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရမှာလေ။ အဲဒီလိုထမ်းဆောင်တဲ့အတွက်ဆိုတော့ အမေ့သားတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက သူတို့တာဝန်ကျေပွန်အောင် သူတို့တာဝန်ယူပြီးတော့ ထမ်းဆောင်တယ်။ ဒါပေမယ့် နအဖကလည်း သူတို့က ဒါတွေ တိုက်ဖျက်ရမှာကိုး.. တိုက်ဖျက်ရမယ်ဆိုတော့ သူတို့ကလည်း အမျိုးမျိုးနည်းနဲ့ နှိပ်ကွပ်မယ်.. အမျိုးမျိုးနည်းနဲ့ အနိုင်ကျင့်မှာပဲလေ.. ဒါတွေတော့ အမေတို့ကတော့ ခံနိုင်ရည်ရှိရမှာပေါ့...

အမေ့အမျိုးသား အန်ကယ်ဦးစောဝင်း ထောင်ထဲမှာတုန်းကပေါ့နော်.. ဘယ်လိုကို ကြိုးစားရပ်တည်ခဲ့ပါသလဲ..


အမေ့အနေနဲ့ကတော့ အမေ့အမျိုးသား ထောင်ဝင်စာတွေ သူ့ကို အမျိုးမျိုးအခက်အခဲမတွေ့ အောင်တော့ အမေကြိုးစားပြီးတော့ ပို့ပေးတာပေါ့ကွယ်.. ဒါပေမယ့် သူ နောက်ဆုံးသေသွားတဲ့အချိန်မှာ သေသွားပါပြီဆိုတဲ့ သတင်းလည်း အမေမရလိုက်ဘူး.. နောက်ဆုံး သားငယ်လေးတယောက်ကလည်း ဆုံးသွားတယ်.. .. ဆလိုင်းယောအောင်ရဲ့ညီလေ.. ဆုံးသွားတာကလည်း ပြောရမယ်ဆို နည်းနည်းလေးတော့ ရှည်ပါတယ်.. သားငယ်လေးဟာ ပေါတာဆွဲခံရပြီးတော့ စစ်တပ်ထဲကိုရောက်သွားတယ်။ စစ်တပ်ထဲရောက်သွားတဲ့အချိန်မှာ သားငယ်လေးဟာ ဆေးရုံတက်ရတယ်.. မင်္ဂလာဒုံစစ်ဆေးရုံတက်ရတဲ့အချိန်မှာ သဘောကတော့ သားရယ်.. သူ့ရဲ့ရာဇ၀င်သမိုင်းကို သိလိုက်တဲ့အတွက် လုပ်ကြံခံရတယ်လို့ပဲ အမေယူဆတယ်.. အဲဒီနေရာက သားငယ်လေး.. ၉၈ ဇူလိုင်လ ၃ ရက်နေ့ သောကြာနေ့ပဲလေ.. အဲဒီနေ့ မနက်ကို ၁၀ မှာ အိမ်ကိုရောက်လာတယ်.. ညဘက်ကျတော့ ဆေးရုံမှာ ပြန်သွားပြီးတော့ သားငယ် ဆေးရုံမှာ ဆုံးပါတယ်ဆိုပြီးတော့ အမေ့ဆီမှာ သတင်းရလာတယ်။ အဲဒီအချိန်မှာ အမေတို့ တော်တော်ခံစားရတယ်လေ.. ဒါကြီးတွေက မခံစားဖူးသေးတဲ့အချိန်ကိုး ပထမဦးဆုံးဆိုတော့ ..အဲဒီမှာ ခံစားပြီးတော့ ၁ လပဲကြာတယ်.. တခါ အဖေကြီးက တခါဆုံးရှုံးသွားပြန်တယ်.. ၉၈ သြဂုတ် ၃ ရက်နေ့ဆုံးတယ်.. သောကြာနေ့ ည ၁၀ နာရီ ၅၅.. ဒီအဖေနဲ့သားဆုံးတာ ၁ လပဲခြားတယ်သား... အမေတယောက်အနေနဲ့ရော.. လင်တယောက် ဆုံးရှုံးတဲ့အနေနဲ့ရော အမေဘယ်လောက်ခံစားရမလဲ..

အမေ့အမျိုးသားဆုံးတုန်းကရော သူ့ရဲ့နောက်ဆုံး ရုပ်ကလာပ်ရော ဘာရော တွေ့ လိုက်ရလားခင်ဗျ..

ဘာမှလည်း မတွေ့လိုက်ရဘူး.. သိကို မသိလိုက်ရဘူးသား.. ၆ ရက်နေ့ ထောင်ဝင်စာသွားတွေ့တဲ့အချိန်ကျတော့မှ ဦးစောဝင်းဟာ ဆုံးသွားပြီ.. သင်းဂျိုလ်ပြီးသွားပြီဆိုမှ ဆုံးသွားပြီဆိုတဲ့အကြောင်း သိခဲ့ရတယ်..

ထောင်အာဏာပိုင်တွေကလည်း အကြောင်းမကြားဘူးပေါ့..

ဘယ်သူမှ အကြောင်းမကြားဘူး.. အမေတို့ ဘာမှ မသိလိုက်ရဘူး... အဲဒီတော့ အမေတို့ဟာ အိမ်မှာ သူ့ ရဲ့ အသုဘ ရက်လည်လုပ်တယ်.. ပြီးတော့မှ ထောင်ကို သွားလိုက်တဲ့အခါကျတော့ ထောင်ပိုင်ကြီးက ဓာတ်ပုံကို ပြလိုက်တယ်.. အမေကို.. ဒါဟာ အန်ကယ်ဦးစောဝင်းရဲ့ပုံပါဆိုပြီးတော့ အခေါင်းကြီးမှာ ဦးစောဝင်းဆိုတဲ့ စာတမ်းကပ်ထားတဲ့ပုံပြတယ်.. အမေ့ကို..။ ဟုတ်ပြီ.. အဲဒီတော့ အဲဒီအခေါင်းထဲမှာ အလောင်းဟာ ဦးစောဝင်းရှိမရှိဆိုတာ ကျမ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး.. ကျမ လက်မခံနိုင်ပါဘူးလို့ အမေပြောလိုက်တယ်.. ဒီအခေါင်းကြီးက ခေါင်းကြီးပဲ ပြလို့ရတယ်.. နာမည်က ဦးစောဝင်းတပ်လို့ရတယ်.. ဘယ်သူ့ တပ်တပ်ရတယ်လေ.. အခေါင်းထဲမှာ လူရှိမရှိ အမေမသိပဲနဲ့. လက်မခံနိုင်ဘူး.. နောက်ဆုံး သူ့ ကို သင်းဂျိုလ်လိုက်ပြီဆိုတဲ့အကြောင်းလည်း ကျမတို့ လုံးဝမသိဘူး.. လက်မခံနိုင်ဘူး.. နောက် ဦးစောဝင်းဟာ ဘယ်မှာသေတာလဲ.. ကုတင်ပေါ်မှာ အိပ်ရက်သေတာလား. ဘယ်အခန်းထဲမှာသေတာလဲ.. ရေချိုးခန်းမှာသေတာလား.. အိမ်သာထဲမှာ သေတာလား.. အမေသိချင်တယ်လေ.. ဒါလည်း မရေမရာနဲ့ပဲ.. ပြောလိုက်တယ်.. နောက်ဆုံး အမေပြောတယ်.. ဦးစောဝင်းရဲ့ ပစ္စည်းတွေအားလုံးကို ကျမလိုချင်ပါတယ်.. ကျမရဲ့ အမျိုးသားဟာလည်း သမိုင်းဝင်ပုဂ္ဂိုလ်တယောက်ဖြစ်တယ်.. ကျမမှာ သားစဉ်မြေးဆက် ဒီအဖိုးရဲ့ပစ္စည်း အမွေအနှစ်အဖြစ်နဲ့ ပြချင်ပါတယ်ဆိုပြီးတော့.. အမေတောင်းတဲ့အခါမှာ ဘာပစ္စည်းမှ မရဘူး..... ထောင်ဝင်စတုန်းက အကျီလုံချည် ဟောင်းနွမ်းနေပြီ.. ရိနေတဲ့ဟာလေး နှစ်စုံပဲ အမေရခဲ့တယ်.. ဒီနေ့ထက်ထိ.. အဖေ့ရဲ့ သန်းခေါင်စာရင်းကလည်း လုံးဝ ထုတ်ပယ်ခဲ့ခြင်းမရှိသေးဘူး..


သူတို့ မီးသင်ဂြိုလ်လိုက်တာပေါ့ ဟုတ်လား..


မီးသင်ဂြိုလ်တာမဟုတ်ဘူး.. မြေမြုပ်တယ်လို့ဆိုပြီးတော့ ထောင်ပိုင်ကြီးကနေ ထောင်ဝန်ထမ်းလေးတယောက်က သင်ချိုင်းကို လိုက်ပြတယ်.. မြေပုံကို.. သာယာဝတီထောင်သချိုင်းလေ.. အမေကကြည့်လိုက်တော့... အမေတို့ဟာ ဗုဒ္ဓဘာသာဆိုတာ အရှေ့ ကို ခေါင်းထားပြီးတော့ အနောက်ကိုခြေထားရမယ်.. နော်.. သူတို့လုပ်ထားတာက အရှေ့ ကိုခြေကန်တယ်.. အနောက်ကို ခေါင်းထားတယ်.. မှတ်တိုင်စိုက်ထားတယ်.. သူတို့ ကမန်းကတမ်း လုပ်ချင်သလိုလုပ်.. မြေမြုပ်လိုက်တဲ့ပုံစံလေ..

အဲဒီတော့ အမေ.. သားတွေကျတော့ ဘယ်လိုဖြစ်လဲ့..


အခု အမေ့မှာ ပထမ ၈၈ စပြီး ဖြစ်ပေါ်လာတဲ့အချိန်မှာ နအဖတက်လာတဲ့အချိန်မှာ အမေ့သားတယောက်က နယ်စပ်ကို ထွက်သွားတယ်.. တတိယသားက ၈၉ မေလထဲမှာ ထိန်းသိမ်းခံရတယ်..သာယာဝတီထောင်မှာ ၇ နှစ်ကျခဲ့တယ်..


အဲဒါဘယ်သူလဲအမေ..


ကိုကျော်ကျော်မင်း.. အခု အဲဒီဟာ ၈၈ ကတည်းက နည်းနည်းနားနေပြီလား အောက်မေ့တော့ အခု ၂၀၀၇ မှာ သားအကြီးဆုံး သားအဖပေါ့.. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်း.. ကိုဇော်ဇော်မင်းရဲ့သား ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင် မောင်ဒီငြိမ်းလင်း.. အမေ့ရဲ့ မြေး.. သူတို့သားအဖဟာ ထိန်းသိမ်းခံရတယ်.. အမေ့သမီး ချွေးမကြီးက စက်မှု ၁ က ၀န်ထမ်းလေ.. သူက အလုပ်ပြုတ်တယ်.. နံပါတ်ခြောက် သမီးလေးက စက်မှု ၁ ၀န်ထမ်းပဲ.. သူက အလုပ်က နယ်ပြောင်းခံရတဲ့အတွက် အလုပ်က ထွက်လိုက်ရတယ်.. အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ် အမေတို့ဟာနော် .. .. ၈၈ ကနေစပြီးတော့ ဒီနေ့ ၂၀၀၇ အထိ အမေတို့ရဲ့ ပေးဆပ်ရတဲ့ဟာတွေက များနေပါပြီ.. ဒါပေမယ့် များတယ်လို့လည်း အမေ မအောက်မေ့ဘူး... ဒါပေမယ့် သူတို့ချရမယ့် တာဝန်.. ၆၅ နှစ်ဆိုတာကို နည်းနည်းလေးတော့ စိတ်ထဲမှာ မကောင်းဖြစ်သွားတာပေါ့.. ၆၅ နှစ်ဆိုတာက တကယ်တမ်းတော့ အမေက ပါးပါးလေးပါ.. ခံနိုင်ရည်ရှိရမယ်လေ.. အမေ စဉ်းစားမိတယ်.. အမေ့မြေးကလည်း ဘယ်နေ့ဘယ်ရက်မှာ ထောင်ချမလဲဆိုတာ စောင့်နေတယ်.. မျှော်လင့်နေတယ်..


အမေ့မြေးဟာ အမေနဲ့ တအိမ်တည်းနေခဲ့လား..

မိသားစု အမေတို့ အိုးမကွာအိမ်မကွာ အတူတူ တအိမ်တည်းနေခဲ့တယ်.. မခွဲမခွာနေခဲ့တာသား

အဲဒါ အခုတော့ တကွဲတပြားစီ ဖြစ်ပြီပေါ့နော်..


ဒါက တကွဲတပြားမှာ အစိတ်စိတ်အမွှာမွှာစီပေါ့ သားရယ်.. အဲတော့ အမေ့ရင်ထဲမှာတော့ နေ့ရှိသရွေ့ပေါ့.. ဟုတ်တယ်မဟုတ်လား.. လူဆိုတာ သားသမီး မိသားစု အသိုက်အမြုံလေးနဲ့ နေချင်ကြတာကြီးပဲ.. ဘယ်တိရိစ္ဆာန်မဆို ဘယ်သတ္တ၀ါမဆို.. အမေတို့ ဗမာလူမျိုးပိုဆိုးတာပေါ့.. ဟုတ်တယ်မဟုတ်လား. အမေတို့ ဗမာလူမျိုးက ထမင်းငတ်ရင်လည်း ငတ်သွားပါစေ.. ဒီမိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း အေးအေးချမ်းချမ်းလေး နေချင်ကြတာ.. လူတိုင်းမှာရှိတယ်..


အဲတော့အခု အမေတို့ဟာ တမိသားစုလုံး ပေးဆပ်ထားရပြီးဆိုတော့လေ အမေ့အနေနဲ့ ဘာများပြောချင်ပါသလဲ..

အမေက နောက်ဆုံးမှာချင်တာ အားလုံးကိုပေါ့နော်.. ဒီမိုကရေစီတိုက်ပွဲကြီးကို ဘယ်တော့မှ လက်မလျော့ကြပါနဲ့လို့.. ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးတော့ အောင်မြင်တဲ့နေ့ ဒီမိုကရေစီပန်းတိုင်ကြီးကို အမေတို့ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားတယ်.. အမေကတော့.. အမေလည်း အခု ကျန်းမာရေးကို ဂရုစိုက်တယ်. ဒီမိုကရေစီ မအောင်မြင်ခင်မှာတော့.. အမေလည်း အသေမခံနိုင်ဘူး.. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေ.. မိခင်တွေကိုလည်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါလို့ နော်.. နောက် အထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးလည်း ကျန်းမာအောင်သာ ဂရုစိုက်.. ဘယ်ဟာတွေပဲ.. ဘယ်လိုပဲ.. ဘယ်ပုဒ်မတွေတပ်တပ် ဘယ်နှနှစ်ပဲချချ ဒါတွေကို စိတ် လုံးဝ ၀င်စားခြင်းမရှိပဲနဲ့.. ကိုယ့်ဟာကိုယ် ပုံမှန်လေ့ကျင့်ခန်းလုပ်.. စားချင်တာစား.. ကျန်းမာရေးသာ ဂရုစိုက်ပါလို့..


ဟုတ်ကဲ့အမေ.. ကျေးဇူးပါပဲ.. အမေကျန်းမာပါစေခင်ဗျာ..


သားပေးတဲ့မေတ္တာတွေ ခံယူရပါစေကွယ်..

ဆက်ရန်...

Tuesday, November 11, 2008

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ

ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈။ ခေတ်ပြိုင်။
အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။

မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။


သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။


ဆက်ရန်...

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်

ဗွီအိုအေ။ မိုးဇော်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား
တွေကို ဒီကနေ့ စီရင်ချက်ချမှတ်လိုက်ပြီး အများစုကို ထောင် ၆၅ နှစ်စီ ချမှတ်လိုက်
တယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်း
အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဒီကနေ့ စီရင်ချက်ချခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ကိုမင်းဇေယျ၊
ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင် (ခ)
ကြီးသန်း၊ ကိုဇေယျာ၊ ကိုကျော်ကျော်ထွေး(ခ) မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော် (ခ)
ဇောက်ထိုး၊ မနီလာသိန်း၊ မသင်းသင်းအေးခေါ် မမီးမီး၊ မမာမာဦး၊ မစန္ဒာမင်းနဲ့
မသက်သက်အောင်တို့ဖြစ်ပြီး အားလုံး၁၄ ယောက်ဖြစ်ပါတယ်။ ဒီသတင်းကို
ကိုပဏ္ဍိတ်ထွန်းရဲ့မိခင် ဒေါ်ညွန့်ညွန့်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အခုလို
ပြောပါတယ်။

"ကျမလည်း ထောင်ရှေ့မှာနေတဲ့ မိတ်ဆွေတယောက်ပေါ့၊ အဲဒီရပ်ကွက်ထဲက၊
သူလှမ်းပြီးအသိပေးလို့ သိတာပါ။ သူတို့ကတော့ ကျမတို့ကို အိမ်တိုင်ရာရောက်
တရားဝင် စာနဲ့လည်း အကြောင်းကြားတာမဟုတ်ဘူး၊ နှုတ်နဲ့လည်း အကြောင်းကြား
တာမဟုတ်ဘူး။ ကျမတို့လည်း ကြားတာပဲ။ ကိုပဏ္ဍိတ်ထွန်း အပါအ၀င် ၁၄ ယောက်ကို
ထောင်ဒဏ် ၆၅ နှစ်ချလိုက်တယ်လို့ ကျမ ကြားပါတယ်။"

ဒီနေ့ စီရင်ချက်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ
သူတို့လည်း ကြားသိရကြောင်း ပြောပေမယ့် အာဏာပိုင်တွေထံက တိုက်ရိုက်
အကြောင်းကြားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တဲ့သတင်းကို အင်းစိန် အကျဉ်းဦးစီးဌာနကို
ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အတည်ပြုချက် မရခဲ့သလို သတင်းထုတ်ပြန်ရေးမှာ
တာဝန်ရှိတဲ့ ရဲမှူးကြီးဝင်းခေါင်ကို ဆက်သွယ်ပေမယ့်လည်း တယ်လီဖုန်း လက်ခံ
ဖြေကြားတာ မရှိခဲ့ပါဘူး။

ထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး
အကျဉ်းသားဟောင်းတယောက်က သူရရှိထားတဲ့သတင်းကို အခုလိုပြောပြပါတယ်။

"သိရတယ်ဆိုတာ ဒီဟာနဲ့ပတ်သက်ပြီးတော့ မာကီးခေါ် ကျော်ထွေးကို ၆၅ နှစ်၊ ဂျင်မီ
ကို ၆၅ နှစ်၊ မင်းဇေယျကို ၆၅ နှစ်၊ ပဏ္ဍိတ်ထွန်းကို ၆၅ နှစ်၊ အံ့ဘွယ်ကျော်ကို ၆၅ နှစ်၊
မီးမီးကို ၆၅ နှစ်၊ နီလာသိန်းကို ၆၅ နှစ်၊ သက်သက်အောင်ကို ၆၅ နှစ်၊ မာမာဦးကို
၆၅ နှစ်၊ နေမျိုးကျော်က နှစ် ၂၀ နဲ့ ၆ လ၊ စောဝေက ၂ နှစ်၊ နောက် ကြီးသန်းက
၆၅ နှစ်၊ စန္ဒာမြင့်ခေါ် ရွှီးက ၆၅ နှစ် အမိန့်ချလိုက်တယ်ဆိုတဲ့အကြောင်း သိရှိရတယ်။"

သူကတော့ ဒီကနေ့ တာမွေတရားရုံးကို ရုံးထုတ်လာသူတွေဆီက တဆင့် သိရတာ
ဖြစ်တယ်လို့ ပြောပါတယ်။

အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့သူတယောက်ကတော့ ထောင်ဝင်စာသွားတွေ့သူ
တွေကို မမီးမီးက ရုံးထုတ်ပြီးအပြန်မှာ သူတို့တွေကို ထောင် ၆၅ နှစ် ချမှတ်လိုက်တဲ့
အကြောင်း အော်ပြောသွားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ထောင်ဒဏ်
၆၅ နှစ် ချမှတ်ခံရသူတွေဟာ အီလက်ထရောနစ်ဥပဒေအရ ၁၅ နှစ်စီနဲ့ အမှု ၄ မှု
အတွက် နှစ်၆၀၊ တရားမ၀င်အသင်း ဥပဒေအရ ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၆၅ နှစ်
ချမှတ်ကြောင်း ပြောပါတယ်။

အခုလို စီရင်ချက်ချမှတ်လိုက်တဲ့အပေါ်မှာ ကိုပဏ္ဍိတ်ထွန်းရဲ့မိခင်က အခုလိုပြောပါ
တယ်။

"ဒါက နည်းမှန်လမ်းမှန်လည်း မဟုတ်ဘူး၊ တရားသဖြင့်လည်း မဟုတ်တဲ့အတွက်
ကြောင့် ဝေဖန်တဲ့လူအပိုင်းကလည်း ဘာကိုဝေဖန်ရမှန်း မသိဘူး။ တရားဥပဒေအတိုင်း
ဆိုရင် ကျမတို့သားတွေက ခိုးဆိုးလုယက် ဖျက်ဆီးနေတာလည်း မဟုတ်ဘူး။ ဒီလောက်
ကြီး ပြစ်ဒဏ်ကြီးကြီးမားမား ချလိုက်တဲ့အပေါ်မှာ အံ့သြလွန်းလို့ ဘာပြောရမှန်းတောင်
မသိတဲ့အနေအထား ဖြစ်နေတယ်။"
ဒီကနေ့ စီရင်ချချမှတ်လိုက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို လွန်ခဲ့တဲ့နှစ် သြဂုတ်
လအတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်
ဆန္ဒပြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက်မှ အမှုစတင်
စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုတော့
တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင် ၆ လချမှတ်ပြီး လွန်ခဲ့တဲ့လအတွင်းက မအူပင်
ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။

ဆက်ရန်...

Monday, November 10, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာစင်သီယာမောင်တို့ကို စပိန်မှ ဆုချီးမြှင့်မည်..



အာရ်အက်ဖ်အေ
၂၀၀၈-၁၁-၁၀

မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို နိုင်ငံတကာက ပိုသိလာအောင်နဲ့ မြန်မာ့အရေးကို ထောက်ခံတဲ့အနေနဲ့ စပိန်နိုင်ငံ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို လူ့အခွင့်အရေးဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

ဒီဆုတွေကို လက်ခံရယူဖို့ ဒေါက်တာစင်သီယာမောင်ဟာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် ဆုပေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဆုကိုတော့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က တာဝန်ခံတဦးဖြစ်တဲ့ မဇိုယာဖန်းက လက်ခံမယ်လို့ သိရပါတယ်။

ဒီဆုပေးပွဲနဲ့ပတ်သက်ပြီး Burma Campaign UK က ညွှန်းကြားရေးမှူး Mr. Mark Farmaner က ဒီဆုဟာ စပိန်နိုင်ငံ ကတ်တလိုနီးယားပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာ အမြင့်မားဆုံး လူ့အခွင့်အရေးဆုဖြစ်ပြီး ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်တို့ကို ချီးမြှင့်ပါတယ်။ ဒီဆုပေးပွဲကို စပိန်နိုင်ငံတ၀န်းက မီဒီယာတွေမှာ ဖော်ပြမှာဖြစ်လို့ မြန်မာ့အရေးကို စပိန်ပြည်သူတွေ ပိုသိပြီး ထောင်ခံမှုပိုရလာမှာပါလို့ ပြောပါတယ်။

ကတ်တလိုနီးယားပြည်နယ်ဟာ စပိန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာရှိပြီး ပြည်နယ်မြို့ တော်ဘာစီလိုနာအပါအ၀င် လူဦးရေ ၇ သန်းကျော် နေထိုင်တဲ့ ဒေသကြီးဖြစ်ပါတယ်။ မနက်ဖြန်မျာ ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုမှာ ငွေသားဆုလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာစင်သီမောင်နဲ့ မဇိုယာဖန်းတို့ မနက်ဖြန်မှာ ကတ်တာလိုနီးယားပြည်နယ် ဥက္ကဌ မစ္စတာဟိုဆေးမွန်တေးလ်နဲ့လည်း တွေ့ ဆုံဖို့ ရှိသလို သတင်းထောက်တွေနဲ့ တွေ့ ဆုံဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဆက်ရန်...

ဒီမိုကရေစီရေးလှုပ်ရှားသူ စစ်သည်ဟောင်း ဒေါ်နုနုအေး ကွယ်လွန်

ခွန်အောင်မြတ်။ (သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက်စာမျက်နှာမှ)
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှ စတင်ကာ မြန်မာပြည် ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် အစဉ်တစိုက်ပါဝင်ခဲ့သော လေတပ်စစ်သည်ဟောင်း ဒေါ်နုနုအေး (၇၀နှစ်) သည် ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့ မယ်တော် ဆေးခန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။

ဒေါ်နုနုအေးသည် တပ်မတော်(လေ)၊ (၅၀၂) လေတပ်စခန်းမှ တပ်ကြပ်ဟောင်း၊ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) သံလွင်စခန်းကော်မတီ ၀င်ဟောင်း၊ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများအဖွဲ့(နာယက)၊ လက်ရှိသားသုံးသား ပူးပေါင်း လှုပ်ရှားမှု ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူလူထုဖက်သို့ ပထမဆုံး ကူးပြောင်း သွားသည့် တပ်မတော်သားများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်နုနုအေးသည် လေတပ်မှ တပ်မတော်သား ၈ ဦးကို ဦးဆောင်ပြီး ကျောင်းသားတပ်မတော်သို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ABSDF ရဲဘော် တဦးက ပြောသည်။

ABSDF စတင်ဖွဲ့စည်းချိန်တွင် ဒေါ်နုနုအေးသည် အမျိုးသမီးရဲမေများ၏ အဖွဲ့ ခေါင်းဆောင် အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

"ဆရာမကြီးက ဘာလဲဆိုလို့ရှိရင် ဒီမှာ ပါလာတဲ့ အမျိုးသမီးတွေ အားလုံးပေါ့နော်။ တော်လှန်ရေး ရဲမေအားလုံးကို သူ့ကိုအဖွဲ့ခေါင်းဆောင်အနေနဲ့ သူ့ကို လေးလေး စားစားနဲ့ တင်ထားတဲ့အခါမှာ ဆရာမကြီးက အမျိုးသမီးနဲ့ပတ်သက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ပတ်သက်တဲ့ထဲမှာ သူက အမေ လိုပဲပေါ့နော်၊ ခေါင်းဆောင် ဖြစ်သွားတယ်။ သူ့ရဲ့ပထမဦးဆုံး တော်လှန်ရေးမှာ ထိန်းသိမ်းလှုပ်ရှားတဲ့ ဟာပေါ့နော်။ သူ့ကိုလည်း ခင်ကြတယ်။ ကျနော်တို့ကတော့ သူနဲ့ အသက်အရွယ်ချင်းကလည်း ကျနော်နဲ့ ဆယ်နှစ်လောက် ကွာလို့ ကျနော်တို့ကိုတော့ ကိုတွေနဲ့တပ်ခေါ်တာပေါ့နော်။ ကျနော်တို့ ထက်ငယ်တဲ့လူတွေကျတဲ့ အခါတော့ သားသမီးတွေလို့ပဲ သူက ခေါ်တယ်။ သူ့မှာ ဖော်ရွေမှုတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အံ့သြစရာ အကောင်းဆုံးက သူ့မှာရှိတဲ့ ပစ္စည်းတွေပေါ့ဗျာ ဘယ်သူပဲ လာတောင်းတောင်းပေါ့ ရက်ရက်ရောရော ပေးတယ်ဗျ။”

ဒေါ်နုနုအေးသည် ပြည်သူဖက်မှ ရပ်တည်ပေးသည့် စစ်မှန်သည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ထောင်လို သည့် ရည်မှန်းချက်ရှိသည်ဟု ၎င်းနှင့် လက်တွဲခဲ့ဖူးသည့် ရဲဘော်ဟောင်း တဦးက ပြောသည်။

"နောက်ပိုင်းမှာ စက်တင်ဘာ အရေးခင်းဖြစ်တဲ့ အခါကျတော့ သူ့ရဲ့ရည်မှန်းချက်ကို အကောင် အထည် ဖော်နိုင်ဖို့အတွက်ကို သားသုံးသားလှုပ်ရှားမှုကော်မတီမှာ သူက ဥက္ကဌ လုပ်လိုက်တယ်။ သားသုံးသားဆိုတာ ဘာလဲဆိုရင် တစ် ရဟန်း ဘုရားသား၊ နောက် ကျောင်းသား၊ တပ်မတော်သား ဆိုတဲ့ အဲဒါ ဖြစ်တယ်။ သူကျနော်နဲ့ တွေ့တဲ့အချိန်မှာ သူ ကျနော့်ကို တိုင်ပင်တယ်လေ။ တိုင်ပင်တဲ့ အခါမှာ သားတို့ကျောင်းသားတွေလည်း တာဝန် ကျေတယ်။ ရဟန်းသံဃာတော်တွေလည်း တာဝန် ကျေတယ်။ ငါတို့တပ်မတော် သားတွေ လည်း တာဝန်ကျေဖို့လိုတယ်။ အဲဒီအတွက်ကို အမေက အဲဒါ လုပ်ချင်တယ်။ အမေက လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ မင်းတို့နဲ့ပူးပေါင်းပြီးတော့လုပ်ချင်တယ်၊ အဲဒါကြောင့်မို့ လို့ အမြဲတမ်း ငါဒီမှာပဲနေမယ်။ သေတာတောင်မှ ဒီမှာပဲ သေချင်တယ်။"

ဒေါ်နုနုအေးသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့ သို့ပြောင်းရွှေ့အခြေစိုက် နေထိုင်ခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လာပြီးနောက်တွင် ယခုလို ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နုနုအေး၏ ဈာပနအား နိုဝင်ဘာလ ၁၁ ရက်နေ့ မဲဆောက် တောရဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပမည် ဖြစ်သည်။

ဆက်ရန်...

၂၀၁၀ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မည်ဟု ကရင်အမျိုးသမီးအဖွဲ့ပြော

နွယ်လေး။ (သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက်စာမျက်နှာမှ)
နိုဝင်ဘာလ ၆ရက် ၊၂၀၀၈ခုနှစ် ။

လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင် ရှုတ်ချပြီး လူထုက ပူးပေါင်းကန့်ကွက်ကြရန် စည်းရုံးလှုံ့ဆော်သွားမည်ဟု ကရင်အမျိုးသမီး အစည်းအရုံးက ၎င်းတို့၏ (၅)ကြိမ် မြောက် ညီလာခံ အပြီးတွင် ကြေညာချက်ထုတ်ပြန် လိုက်သည်။

ညီလာခံတွင် အသစ်တင်မြောက်ခံရသည့် ကရင်အမျိုးသမီးအစည်းရုံး၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန် က- "ကျမတို့ရှေ့လုပ်ငန်းစဉ်ထဲမှာ ၂၀၁၀ ခုနှစ်မှာရှိတဲ့ နအဖစစ်တပ်ရဲ့ မတရားတဲ့ ပြည်သူလူထုကို အနိုင်ကျင့်ပြီး ရွေးကောက်ပွဲလုပ်တာကို ကျမတို့ဒီညီလာခံကိုလာတဲ့ ကိုယ်စားလှယ် အားလုံးက လုံးဝရှုတ်ချတယ်။ မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆို လာတဲ့ ကိုယ်စား လှယ်ထဲက အချို့တွေဆို အတင်းအဓမ္မ မဲပေးဖို့ ခိုင်းစေခံရတယ်။ အဲတော့ ကျမတို့ ကရင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ဒီလို လူထုဆန္ဒ မပါတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ပြင် ပြည်သူလူထုထဲကို ကန့်ကွက်မဲပေးဖို့ ရှေ့လုပ်ငန်းစဉ်မှာ လူထုရှင်းလင်း ပွဲ၊ လူထုစကားဝိုင်းတို့ လုပ်ဖို့ အစီစဉ်ရှိတယ်" ဟု ပြောသည်။

နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍတွင် ကရင်အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် နိုင်ငံရေး အသိအမြင်များ ထပ်မံဖြည့်ဆည်းသွားကြရန်လည်း ညီလာခံ ကိုယ်စားလှယ် များက ဆုံးဖြတ်ခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။

နော်ဘလူးမင်းနိုက်ဇန်က "အမျိုးသမီးများ အမျိုးသားများနဲ့ ရင်ဘောင်တန်း ပြီးတော့ အုပ်ချုပ်နိုင်တဲ့ထိ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ထိ စွမ်းဆောင်ဖို့ ဆောင်ရွက်ပေးတဲ့ နေရာမှာ ဒီနေ့ ကျမတို့ရဲ့ ကရင် အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး ဖြစ်ခဲ့တဲ့ နော်စီဖိုးရာစိန် ကေအဲန်ယူ အဆင့်မြင့် ဦးဆောင် တဲ့နေရာမှာ အထွေထွေအတွင်း ရေးမှူးချူပ် တာဝန်ယူ မဲပေးနိုင်တဲ့ထိ ရောက်ရှိလာတာဟာ ကျမတို့ ရဲ့အောင်မြင်မှု အထွဋ်ထိပ်လို့ပြောလို့တယ်။ ကျမတို့ ချမှတ်တဲ့ လုပ်ငန်းစဉ် အကုန်လုံးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ ရာနှုန်းအားနဲ့တော့ ၇၀ လောက် အောင်မြင်တာ တွေ့ရတယ်။" ဟု ပြောသည်။

ခရိုင်အသီးသီးရှိ ကရင်အမျိုးသမီး အစည်းအရုံးအဖွဲ့ခွဲများအနေဖြင့် မိမိတို့ လှုပ်ရှားမှုသမိုင်းကို မှတ်တမ်းတင်ရန်၊ အစည်းအရုံးကို ပြန်လည်တည်ထောင်ခဲ့သည့် ၁၉၈၅ ခုနစ်မှ ၂၀၀၈ခုနှစ်အတွင်း ပါဝင်ဆောင်ရွက်ခဲ့သည့် အဆင့် မြင့် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်သည့် အမျိုးသမီး ခေါင်းဆောင်များ ဦးရေကို ပြန်လည်ကောက်ယူ မှတ်တမ်းတင် ရန်တို့ကို ရှေ့လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက် သွားမည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ဆက်လက် ပြောသည်။

(၅)ကြိမ်မြောက်ညီလာခံကို ကရင်ပြည်နယ်၏ နယ်မြေတနေရာတွင် အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၅ရက် အထိ ကျင်းပပြီး ရှေ့လာမည့် လေးနှစ်သက်တမ်း အတွက် တာဝန်ယူမည့် ထိပ်ပိုင်းခေါင်းဆောင် (၅)ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ညီလာခံသို့ ခရိုင်(၇)ခုနှင့် အထူးဒေသ နှစ်ခုမှ ကရင်အမျိုးသမီး ကိုယ်စား လှယ်များ စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့သည်။

ဆက်ရန်...

Monday, November 3, 2008

စီဒေါက မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှု

ဒီဗွီဘီ။ ရီမေအောင်။

မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှု၊ လူ့အခွင့်အရေးဆုံးရှုံးနေရမှုတွေကို ဖော်ထုတ်တင်ပြခဲ့တဲ့ ပြည်ပမြန်မာတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုဟာ မြန်မာပြည်တွင်းက အမျိုးသမီးတွေ လွတ်မြောက်မှုအ တွက် အထောက်အပံ့ဖြစ်စေတယ်လို့ အမျိုးသမီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ချီးကျူးကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ကျင်းပနေတဲ့ စီဒေါအစည်းအဝေးမှာ တင်ပြနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းကြတဲ့ မြန်မာတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ဆောင်ရွက်ချက် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် ဘားအံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က ကြိုဆိုလိုက်တာဖြစ်ပါတယ်၊

`အမျိုးသမီးတွေလုပ်ဆောင်မှုက အင်မတန်မှ ကျမတို့အတွက် အထောက်အကူဖြစ်တာပေါ့။ ပြင်ပကနေပြီးတော့ သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေတင်တော့ အခုက နယ်စပ်ကနေပဲတင်တာ။ ကျမတို့မြို့ ပေါ်မှာလည်း တချို့ ခံနေရတဲ့ နေရာတွေရှိတာပဲ။ စစ်သားတွေရဲ့ အဓမ္မပြုကျင့်ခံရတာတွေ၊ လူပါအသတ်ခ့ရတာတွေ ကျမတို့ သံတောင်ကြီးဘက်မှာ အထင်အရှားရှိတာပဲ။ ကျောင်းဆရာမကို သူတို့ အဲလိုပဲ လုပ်ပြီးတော့ သတ်ထားလိုက်တာ။ ဘယ်သူမှတောင် မဟရဲဘူး။ ဒါတောင် မြို့ ပေါ်မှာ။ ဒီလိုနေရာတောင်မှ လုပ်ရဲသေးတယ်။ နယ်စပ်ကလူတွေဆို မပြောနဲ့တော့။ အခု နယ်စပ်တွေက ဒီလိုတင်လာတယ်ဆိုရင် သူတို့ အဲမှာ ပြောပေးလို့ ဒီမှာနေတဲ့လူက နည်းနည်းခံသာတာ။ နို့မဟုတ်ဆိုရင် ကျမတို့က သက်သောင့်သက်သာမှ မရှိပဲ။ သူတို့ကို အမြဲလန့်နေရတယ်။´


စီဒေါအစည်းအဝေးမှာ နအဖကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်မှာ အမျိုးသမီးအခွင့်အရေးတွေ ရှိနေကြောင်းတင်ပြမှာမို့ ဒီလိုတင်ပြမယ့် အကြောင်းအရာတွေပေါ်မှာလည်း အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတဦးအနေနဲ့ ဒေါ်နန်းခင်ထွေးမြင့်က အခုလို ဝေဖန်ပြောဆိုလိုက်ပါတယ်။

`မြန်မာပြည်ရဲ့ အမျိုးသမီးတွေ တကယ့်အစစ်အမှန် အခြေအနေကတော့ ဘာအခွင့်အရေးမှ ထူးထူးခြားခြား ရတာမရှိဘူး။ ဘာလို့လဲဆိုတော့ အခုလောလောဆယ် ထင်ထင်ရှားရှား ပြစရာရှိတာက သူတို့သွားတဲ့ အစည်းအဝေးက အစ်မတို့သိရသလောက်ဆိုရင် အမျိုးသား ၄ ယောက်၊ အမျိုးသမီးက ၂ ယောက်ဆိုတာ သိရတယ်။ အဲဒီကတည်းကိုက ဘယ်လိုလုပ်ပြီးတော့ အမျိုးသမီးအခွင့်အရေးထဲမျာ အမျိုးသားတွေက ပါနေရတာလဲ။ အမျိုးသမီးအခွင့်အရေး ဆိုရင် အမျိုးသမီးကိုယ်တိုင်ပြောမှပဲ မှန်ကန်တဲ့ အခွင့်အရေးရမှာပေါ့။ အမျိုးသမီးအခွင့်အရေးကို အမျိုးသားတွေက တက်ပြောနေတယ်ဆိုတော့ ဒါ ဘယ်လိုမှ သဘာဝကျတဲ့ လှုပ်ရှားမှုတခုမဟုတ်ဘူး။ အဲဒါကိုကြည့်ခြင်းအားဖြင့် လာမယ့် နောက်ဆက်တွဲတွေက မှန်ကန်တဲ့ဟာတွေ မဟုတ်ဘူးဆိုတာ သိသာတယ်။´

အလားတူ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ခံ အမျိုးသမီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။

`ပြည်တွင်းမှာနေတဲ့ အမျိုးတယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားတယောက်လည်း ဖြစ်တယ်။ ကရင်ပြည်နယ်ဖက်မှာဆိုရင် ပေါ်တာဆွဲရင် ယောက်ျားတွေပဲ ဆွဲတယ်။ ယောက်ျားတွေထွက်ပြေးပြီး ပုန်းနေတဲ့အခါကျရင် အိမ်ထဲမှာရှိတဲ့ မိန်းမတွေလည်း ထမ်းရတယ်။ မိန်းမတွေ ထမ်းရတဲ့အခါကျတော့ ပိုနာတာပေါ့။ မိန်းမတွေက ပစ္စည်းလည်းထမ်းပေးရသေးတယ်၊ ညကျရင်လည်း သူတို့ရဲ့ သားမယားပြုကျင့်ခြင်းလည်း ခံရတယ်ဆိုတော့ အဲဒါတွေက ကရင်ပြည်နယ်ဘက်မှာ အများကြီးပဲ။ ဒါကလည်း ထူးဆန်းပြီးတော့ အံ့သြစရာမရှိတော့ဘူး။ ကရင်ပြည်နယ်မှာ ဒါ လူတိုင်းသိနေတဲ့ ကိစ္စတခုပဲ။ ဒီလိုအခွင့်အရေးမျိုးတွေ ဘယ်သူက ကာကွယ်ပေးလို့လဲ။ ဘယ်သူမှလည်း ကာကွယ်ပေးတာမဟုတ်ဘူး´။

ဆက်ရန်...

တိမ်မြုပ်နေတဲ့ ကျမတို့ဘ၀ (သို့မဟုတ်) ငရဲဒိုင်ယာရီ



ဖိုးသာထူး
ရိုးမအင်တာနက်စာမျက်နှာမှ။

၁၉၉၁ ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(ပင်မ)မှာ ရန်ကုန်ခရိုင် ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုဖြစ်ပွားခဲ့ပါတယ်။ နဝတလက်ထက် ပထမဆုံး ကျောင်းတွေပြန်ဖွင့်ပေးတဲ့အချိန်မှာပဲ ကျွန်မတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်ရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တရားဝင် အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲအပ်ဖို့နဲ့ ဒီမိုကရေစီရရှိရေး တို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကြောင့် ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ဟာ ကျောင်းသားဖမ်းပွဲကြီး ကျင်းပပါတော့တယ်။ ကျောင်းသား (၅၀၀)ကျော် အဖမ်းခံခဲ့ ရပါတယ်။ ဖမ်းဆီးခံ ကျောင်းသားအရေအတွက်ဟာ များပြားလွန်းလို့ စစ်ကြောရေးစခန်းတွေ၊ ရဲစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ ထောင်တွေမှာ ပြည့်လျှံနေပါတယ်။ တက္ကသိုလ် ကျောင်းများကိုလည်း ပိတ်လိုက်ပါတယ်။

ထိန်းသိမ်းခံကျောင်းသား တဝက်လောက်ကို ထိန်းသိမ်းရေးစခန်းတွေကနေပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗကသခေါင်းဆောင်တွေ၊ NLD လူငယ်ခေါင်းဆောင်တွေ၊ ရကသခေါင်းဆောင်တွေနဲ့ တက်ကြွတဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ ထောင်ဒဏ် (၁၀)နှစ်ကနေ အနှစ် (၂၀) အထိ ချမှတ်ခဲ့ပါတယ်။

ဒီလိုထောင်ဒဏ်တွေ ချမှတ်ပြီးသိပ်မကြာခင် ၁၉၉၂၊ ဧပြီလကုန်လောက်မှာ ဗိုလ်စောမောင် ကို ဖြုတ်ချလိုက်ပြီး ဗိုလ်သန်းရွှေ အာဏာရလာကာ….

(၁) အမျိုးသားညီလာခံကျင်းပပေးမယ်။

(၂) နိုင်ငံတော်လုံခြုံရေးကို မထိခိုက်မနှောင့်ယှက်သူများကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ၁၁/၉၂ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

၁၁/၉၂ အမိန့်ကြောင့် နိုင်ငံရေးသမားတချို့နဲ့ ကျောင်းသားတချို့ ပြန်လည် လွတ်မြောက်သွားခဲ့ကြပါတယ်။ ၉၁ ဒီဇင်ဘာအမှုတွဲနဲ့ ဖမ်းဆီးခံရတဲ့ ကျမတို့ကျောင်းသူ (၈)ဦး ရှိပါတယ်။ အဲဒီထဲကမှ (၇)ဦးဟာ ၁၁/၉၂ နဲ့လွတ်မြောက်သွားပြီး အမှုတွဲအမျိုးသမီးတွေထဲမှာ ကျမတယောက်တည်း အခြားနိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ ထောင်ထဲမှာ ကျန်ခဲ့ပါတယ်။ ကျမဟာ ၁၉၉၁၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၉၉၉၊ ဇွန်လ ၈ ရက်နေ့အထိ ထောင်ထဲမှာ နေထိုင်ခဲ့ရပါတယ်။ ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းနှိပ်စက်ခံရမှုတွေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးကို ပြောပြပေးနေတဲ့ အဖွဲ့အစည်းတွေရှိတဲ့အတွက် ကျမအနေနဲ့ အထူးတလည် ပြောပြမနေတော့ပါဘူး။ ကျမရင်ထဲ နာကျင်စွာခံစားနေရတဲ့ အမှုပေါင်းစုံနဲ့ ထောင်ကျနေရတဲ့ အမျိုးသမီးတွေရဲ့ မွကြေနေတဲ့ ဘဝတွေအကြောင်းကိုတော့ ပြောပြချင်ပါ တယ်။ အကျဉ်းကျအမျိုးသမီး ထောင်ပေါင်းများစွာကို ထောင်ဝါဒါတွေနဲ့ သူတို့ရဲ့လိုက်ကိုင်တုတ် နှစ်ရှည်ရာဇဝတ်အကျဉ်းသား တန်းစီးတွေရဲ့ ရက်စက်စော်ကားမှုတွေဟာ ကျမအတွက်တော့ မှတ်တမ်းဒိုင်ယာယီလို ရင်ထဲစွဲမြဲနေပါတော့တယ်။ မှတ်တမ်းဒိုင်ယာယီတော့ ဒိုင်ယာယီပါပဲ၊ ဒါပေမယ့် ငရဲဒိုင်ယာယီ။

ကျမထောင်ကိုရောက်ခါစ ထောင်ကျအကျဉ်းသူ ၅၀၀ လောက်ပဲ ရှိပါတယ်။ နောက် ပိုင်းမှာတော့ အကျဉ်းသူ ၇,၀၀၀ လောက်အထိ တိုးပွားလာပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု - သုံးစွဲမှု၊ လိမ်ညာမှု၊ ဧည့်စာရင်းမတိုင်ကြားမှု၊ လမ်းဘေးဈေးရောင်းမှု၊ မသင်္ကာမှု၊ ပြည့်တန်ဆာမှု၊ အချိန်မတော် လမ်းလျှောက်မှု စတဲ့အမှုပေါင်းများစွာနဲ့ အမျိုးသမီး အကျဉ်းသူ တွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမထောင်ကျစမှာ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနဲ့ ရောက် လာတဲ့ အမျိုးသမီးတွေ နည်းနည်းပဲရှိရာကနေ တနှစ်ထက်တနှစ်ကို ပိုမိုများပြားလာတာ သတိ ထားမိပါတယ်။ ပြည့်တန်ဆာမှုဟာ အများဆုံးဖြစ်လာတာ တွေ့ရပါတယ်။ တချို့ဆို အသက် မပြည့်သေးတဲ့ ကလေးမလေးတွေကိုပါ တွေ့လာရတာ စိတ်မချမ်းမြေ့စရာပါ။ တချို့အမှုတွေနဲ့ ကျလာတဲ့အထဲမှာ အသက်အရွယ်ကြီးကြီး အဖွားအရွယ် အမျိုးသမီးကြီးတွေပါ ပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဘယ်အမှုနဲ့ဖြစ်ဖြစ် ထောင်ထဲရောက်ရင် တရိစ္ဆာန်လို၊ ကျေးကျွန် လို အခိုင်းအစေခံရပါတယ်။ မာနတွေ၊ သိက္ခာတွေ ရိုက်ချိုးခံရပါတယ်။

ထောင်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သိပ်သနားဖို့ကောင်းပါတယ်။ အစားအစာ မဝလင်၊ မလုံလောက်တဲ့အတွက် အဟာရချို့တဲ့ပြီး မီးမဖွားနိုင်ပဲ ကလေးရောမိခင်ပါ သေဆုံးရ တာတွေ ရှိပါတယ်။ ကလေးမွေးတဲ့နေရာမှာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆေးမှူးတွေနဲ့ မွေးဖွားခွင့်ပေးတာမဟုတ်ပါဘူး။ ရက်တိုသင်တန်းပေးထားတဲ့ နှစ်ကြီးအကျဉ်းသူတွေနဲ့ မွေးဖွားခိုင်းတာပါ။ ဒီလို မကျွမ်းကျင်သူတွေနဲ့ မွေးဖွားရတာကြောင့် ကလေးတွေ ကိုယ်လက် အင်္ဂါချို့တဲ့တာတွေ၊ ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ ကလေးတွေနဲ့ သေဆုံးမှုတွေ မကြာခဏ ဖြစ်ရတော့တာပါပဲ။ မီးဖွားတဲ့ မိခင်တွေလည်း ဒီလိုနဲ့ ထိခိုက်သေကြေရတာပါ။

မီးဖွားပြီးမိခင်တွေဟာ အညစ်အကြေးသန့်ရှင်းဖို့ ရေအလုံအလောက် မရကြပါဘူး။ ထောင် ၃ လ အကျခံထားရတဲ့ မီးဖွားပြီးကာစ အမျိုးသမီးတယောက်ဟာ သူ့အညစ်အကြေးတွေ သန့်စင်ဖို့ ရေကန်က ရေသွားခပ်တာ အရိုက်အနှက်ခံခဲ့ရပါတယ်။ သွေးနုသားနုနဲ့ဖြစ်တာမို့ အဲဒီ ဒဏ်နဲ့ပဲ သူမဟာ သေဆုံးသွားခဲ့ရပါတယ်။ သူမသေဆုံးပြီးနောက်ပိုင်း သူမရဲ့ကလေးကို နို့တိုက် မယ့်သူ မရှိတာကြောင့် သေဆုံးရပြန်ပါတယ်။ ထောင်ထဲမှာ ကလေးတွေသေဆုံးရင် ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ဝါဒါမတွေက ယူသွားပါတယ်။ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်တာမျိုး ရှိမယ်မထင်ပါဘူး။ ဘယ်ယူပြီး ဘာလုပ်သလဲ မသိရဘူး။ ကျီးစားစား လဒ ထိုးထိုးဆိုပြီး အမှိုက်ပုံမှာပဲ ပစ်ခဲ့ကြလေသလား။

အမေတွေထောင်ကျတဲ့အခါ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ထောင်အပြင်မှာ အုပ်ထိန်းစောင့်ရှောက်မယ့်သူမရှိတဲ့ ကလေးတွေဟာ ထောင်ထဲကို အတူပါလာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးနဲ့ ပညာရေး စတာတွေကို အကျဉ်းထောင်အာဏာပိုင်တွေက ဘာမှ တာဝန်ယူတာမဟုတ်ဘူး။ မိခင်နဲ့အတူ နေထိုင်ခွင့်ဟာ ကလေးတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ။ ကလေးတွေဟာ သူတို့မိခင်တွေနဲ့အတူ အရွယ်နဲ့ မလိုက်အောင် လောကငရဲကို ရင်ဆိုင်နေရပါတယ်။ ရေဆိုရင် လူကြီးဆို ငါးခွက်ချိုးခွင့်ပေးပေမဲ့ ကလေးတွေကိုတော့ နှစ်ခွက်ပဲ ချိုးခွင့်ပေးပါတယ်။ ကလေးလူကြီးအားလုံး ရေ ဝဝလင်လင် မချိုးရလို့ ဝဲတွေ၊ ယားနာတွေ စွဲကပ်နေပါတော့တယ်။ ကလေးတွေဟာ ကွန်ကရစ်ကြမ်းပြင်မှာ အိပ်ရပါတယ်။ အဲဒီလို အပူအအေးမမျှတလို့ ကလေးတွေဟာ ဖျားနာပြီး သေဆုံးရပါတယ်။ TB လိုကူးစက်ရောဂါတွေဟာ ကိုယ်ခံအားမကောင်းသေးတဲ့၊ နုနယ်တဲ့ ကလေးတွေကို အများဆုံး ကူးစက်ပါတယ်။ ဝါဒါနဲ့ တန်းစီးတွေရဲ့ ရိုက်နှက်မှုကိုလည်း အချိန်နှင့်အမျှ ခံနေရတာပါ။

ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ အိပ်ရတဲ့အတွက် အောက်ပိုင်းချိတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာတွေဟာ သက်ကြီးရွယ်အို အကျဉ်းသူကြီးတွေကို သတ်နေတဲ့ ရောဂါတွေပါပဲ ။

ထောင်တွင်း လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း အင်မတန် ဆိုးဝါးစွာ တွေ့ရှိရပါ တယ်။ ထောင်ဥပဒေအရ ထောင်ထဲမှာ ငွေမသုံးရပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ ထောင်ထဲမှာ ငွေရှိရင်၊ ငွေပါသွားရင် တော်တော်လေး အဆင်ပြေပါတယ်။ ဝါဒါတွေ၊ တန်းစီးတွေကို ငွေပေး နိုင်ရင် သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်ခွင့်ရတယ်။ ရေ ဝဝချိုးခွင့်ရတယ်။ အရိုက်အနှက်မခံရဘူး။ အလုပ်ကြမ်း မလုပ်ရဘူး အစရှိတဲ့ အခွင့်အရေးများကို ရပါတယ်။ စားချင်တဲ့ အစားအစာ ဝယ်စားလို့ ရပါတယ်။ ငွေမပေးနိုင်တဲ့ အကျဉ်းသူတွေဟာ ရေချိုးလည်း အရိုက်ခံရ၊ ထမင်းယူတဲ့ အခါလဲ အရိုက်ခံရ၊ အလုပ်ကြမ်းလုပ်တဲ့အခါလည်း အရိုက်ခံရနဲ့ ဘယ်တော့မှမလွတ်ပါဘူး။ ဒီလိုမျိုးတွေမခံရအောင် အကျဉ်းသူတွေဟာ ထောင်အာဏာပိုင်များကို ငွေပေးရပါတယ်။ (၂)နည်း ရှိပါတယ်။ ပထမနည်းကတော့ အိမ်က ထောင်ဝင်စာလာတဲ့အခါ မိသားစုကို ထောင် အာဏာပိုင်တွေရဲ့ အိမ်သွားပြီး ငွေပေးခိုင်းတာပါ။ ထောင်အခေါ်ရဆိုရင် လိုင်းဝင်တာပေါ့။ ဒုတိယနည်းကတော့ ထောင်ထဲကို နည်းပေါင်းစုံနဲ့ ငွေသွင်းယူလာတာပါ။

တချို့ဆိုရင် ငွေကို ပလတ်စတစ်နဲ့ ကျစ်ကျစ်ပါအောင်ထုတ်၊ သေးသေးလေးဖြစ် အောင် မီးနှင့်ပိတ်ပြီးတော့ မိန်းမလိင်အင်္ဂါထဲကို ထည့်ဝှက်ပြီး ယူလာတာပါ။ ဒီလို ယူလာတတ် တာကို သတင်းပေါက်ကြားသွားတဲ့အခါ တရားရုံးထွက် အမှုရင်ဆိုင်ပြီး ထောင်ကို ပြန်ဝင်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲကို လက်နဲ့နှိုက်ပြီး ရှာပါတယ်။ အရှာခံဖို့ ငြင်းတယ်ဆိုရင် အသေ အကြေ ရိုက်တော့တာပါပဲ။ အပျိုအအိုမရွေး ဒီလိုပါပဲ။ ဒီလိုနှိုက်တဲ့အခါ ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် နှစ်ကြီးအကျဉ်းသူတွေဟာ လက်အိတ် အသေအချာသုံးတာမဟုတ်ပါဘူး။ တွေ့ကရာ ပလတ်စတစ်အိတ်စွပ်ပြီး ရှာဖွေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ နာကျင်တာ၊ သားအိမ်တွေ ထိခိုက်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီအပြုအမူဟာ ကျမတို့မြန်မာအမျိုးသမီးတွေရဲ့ အရှက်အကြောက်၊ ဂုဏ်သိက္ခာတွေ အားလုံးကို ရိုက်ချိုးစော်ကားတာဖြစ်ပါတယ်။

ဧည့်စာရင်းမတိုင်လို့ ထောင်ကျရရှာတဲ့ မိန်းမပျိုလေးတစ်ယောက်ဆိုရင် သူ့လိင်အင်္ဂါ ထဲကို နှိုက်ရှာမယ်ဆိုတော့ အကြောက်အကန် ငြင်းရှာပါတယ်။ ငိုယိုပြီး တောင်းပန်ပါတယ်။ အတင်းအဓမ္မရိုက်နှက်ပြီး အရှာခံရတယ်။ ငွေလည်းမတွေ့ပါဘူး။ သူဟာဆိုရင် ရှက်လွန်းလို့ ငိုလိုက်တာ နာကျင်မှုလည်း ခံစားရနဲ့။ ကျမတို့ မြန်မာအမျိုးသမီးတွေဟာ အပျိုစင်ဆိုတာကို ဂုဏ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို အကျဉ်းထောင်ထဲမှာ လက်နှင့် အဓမ္မအကျင့်ခံရသလို အလုပ်ခံရတာဟာ အင်မတန်မှ ဆိုးရွားပါတယ်။

စစ်အုပ်စုရဲ့ စိတ်ထင်ရာစိုင်း ပေါ်လစီတွေကြောင့် ဗမာပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျ လာပါတယ်။ တဦးချင်း ၀င်ငွေနည်းပြီး ကုန်ဈေးနှုန်းက ကြီးမြင့်လာပါတယ်။ ၀င်ငွေထွက်ငွေ မမျှတတဲ့ဒဏ်ကို ခံကြရပါတယ်။ ယောင်္ကျားတွေရဲ့ ၀င်ငွေဟာ မိသားစုကို ၀လင်အောင် မကျွေး နိုင်တော့တဲ့ အခြေအနေပါ။ ဒီတော့ မိသားစုဝင် မိန်းမသားတွေဟာ ၀င်ငွေရအောင် ရှာရပါ တော့တယ်။ ဒီလိုနဲ့ လမ်းမှားရောက်သွားရတဲ့သူတွေ ပိုမိုများပြားလာပါတယ်။ ထောင်ထဲမှာ ပြည့်တန်ဆာမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးဦးရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပါတယ်။ ပြည့်တန်ဆာမှုနဲ့ ထောင်ကျလာတဲ့ အသက်မပြည့်သူ မိန်းကလေးတွေလဲ အများကြီးပါ။

သူတို့ကို ရဲတွေက အများအားဖြင့် လမ်းမပေါ်တွေ၊ ဇိမ်ခံခန်းတွေကနေ ဖမ်းဆီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ရဲစခန်းနှင့် အချုပ်ခန်းတွေမှာလည်း ရေမချိုးရပါဘူး။ ရေချိုးရင် ငွေပေးရတယ်။ ရဲက တရားစွဲ၊ တရားရုံးက ထောင်ချလိုက်တဲ့အခါ သူတို့ ညစ်ပတ်နေကြပြီ။ ထောင်ထဲမှာလည်း ရေ၀အောင်မချိုးရပါဘူး။ ရေချိုးပြီးရင် လဲစရာအ၀တ်မရှိကြပါဘူး။ ဒါကြောင့် ခါးဝတ်ထမီကိုပဲ ရင်ရှားပြီး ရေချိုးရပါတယ်။ ပြည့်တန်ဆာပင်ဖြစ်သော်လည်း မြန်မာမိန်းကလေး တွေဖြစ်တဲ့အတွက် အရှက်တရားရှိပါတယ်။ ဒါကြောင့် ထမီရင်ရှားပြီး ရေချိုး၊ ပြီးရင် လဲစရာ ထမီမရှိလို့ နေပူထဲမှာ မတ်တတ်ရပ် ထမီအခြောက်ခံရပါတယ်။ မိုးရွာရင်တော့ ရေစိုနဲ့ပဲ နေရပါ တယ်။ ထောင်ကပေးတဲ့ ဆပ်ပြာက အညံ့စား၊ ရေနဲ့ထိရင် ပျော်သွားရော၊ တပတ်မှာ တစ်တုံးပဲ ရတာ။

အ၀တ်တွေလျှော်ဖို့လည်း ရေမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ကိုယ်အနံ့ဟာ ဆိုးဆိုးရွားရွား ထွက်ပေါ်နေပါတယ်။ မိန်းမဆောင်တစ်ခုလုံး အနံ့ဆိုးကြီးတွေ လွှမ်းမိုးနေပါတယ်။ သူတို့ကိုယ်ပေါ်မှာ ၀ဲတွေ၊ ယားနာတွေနဲ့ မိန်းမသဘာဝ ဓမ္မတာ လာချိန်မှာသုံးတဲ့ အသုံး အဆောင်တွေ မထောက်ပံ့တဲ့အတွက် မိန်းမဆောင်ရဲ့ အနံ့ဆိုးတွေ၊ ညစ်ပတ်မှုတွေဟာ အော်ဂလီဆန်ချင်စရာပါပဲ။

ပြည့်တန်ဆာအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ရောဂါတွေ အများဆုံး ကူးစက်ခံရပါတယ်။ အထူးသဖြင့် ပေါ်လွင်လှတဲ့ ဆစ်ပလစ်၊ ဂနိုနဲ့ ရှန်ကာ ရောဂါအနာတွေဟာ မိန်းမအင်္ဂါမှာ ဖြစ်ပွားနေပါတယ်။ ဆေးကုသမှု လုံလောက်စွာမရလို့ ပိုဆိုးလာပြီး ဆိုးဝါးတဲ့ အနံ့တွေနဲ့ နေရပါတယ်။ ထောင်ထဲက လိင်အင်္ဂါမှာဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် ဆေးမြီးတို ကတော့ ပရုပ်လုံးပါပဲ။ ပရုပ်လုံးကိုကြိတ်ပြီး လိင်အင်္ဂါထဲကို ထည့်လိုက်ရင် လတ်တလောတော့ အနာပျောက်သွားတာပေါ့။ ရောဂါတော့မပျောက်ဘူး။

ရယ်စရာကောင်းတာက တပတ်တခါ အကျဉ်းထောင်တခုလုံးကို ထောင်ပိုင်တွေ၊ ညွှန်မှူးတွေ လိုက်လံ စစ်ဆေးကြည့်ရှုရတယ်။ ဒီလိုကြည့်ရှုစစ်ဆေးတဲ့အခါ ကျမတို့ မိန်းမ ဆောင်ဟာ အနံ့ဆိုးကြီးတွေပြင်းထန်လွန်းလို့ အဆောင်တွေထဲကို မ၀င်ပဲ အဆောင်ဝကနေ ကြည့်ပြီး လှည့်ပြန်သွားလေ့ရှိုပါတယ်။

ထောင်ထဲမှာ နှိပ်စက်တာကတော့ တီဘီရောဂါပါပဲ။ HIV/AIDS တို့တောင် သွေးစစ် မကြည့်လို့ ဘယ်လောက်တောင်ရှိမယ်ဆိုတာ မသိရပါဘူး။ ၁၉၉၄ ခုနှစ်ကစပြီးတော့ HIV ရောဂါ ပိုးရှိနေတဲ့ ပြည့်တန်ဆာတွေကို ရဲဘက်စခန်းတွေပို့ပြီး အလုပ်ကြမ်းတွေ ခိုင်းစေပါတယ်။ ငွေ မပေးနိုင်သူတွေကိုလည်း ရဲဘက်စခန်းပို့တာတွေရှိပါတယ်။ အကျဉ်းထောင်ဥပဒေအရ ရောဂါရှိ သူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ရဲဘက်စခန်းပို့ အလုပ်ကြမ်းခိုင်းတာ မရှိရပါဘူး။ ဒါပေမဲ့ ဥပဒေမဲ့စွာ ထောင်အာဏာတွေက ကျူးလွန်နေကြတာပါ။ ရဲဘက်စခန်းတွေမှာ ထောင် အာဏာပိုင်တွေက လုပ်သင့်တာထက် ပိုခိုင်းပြီး သူတို့အတွက် အပိုဝင်ငွေရှာပါတယ်။ အကျဉ်း သူတွေကို ကျွေးရမဲ့ ရိက္ခာတွေကို ခိုးထုတ်ပြီး အကျဉ်းသူတွေကို မ၀ရေစာပဲ ကျွေးပါတယ်။ ပူပြင်းတဲ့ရာသီမှာ ကျောက်ထုခိုင်း၊ အလုပ်ကြမ်းလုပ်ခိုင်းပြီး ရေနှစ်ခွက်ပဲ ချိုးရတာကြောင့် အကျဉ်းသူတွေဟာ အရေပြားမှာ ၀ဲတွေ၊ ယားနာတွေ စွဲကပ်ပြီး လူလုံးမလှတဲ့ဘ၀နဲ့ ခွေးသေ၊ ဝက်သေ သေရတဲ့ဘ၀တွေပါ။

ကျမတို့အကျဉ်းသူအားလုံးဟာ နိုင်ငံရေးအမှုနှင့်ဖြစ်စေ၊ အခြားရာဇ၀တ်မှုနှင့်ဖြစ်စေ၊ အပြစ်ရှိလို့ ထောင်ချတာဖြစ်စေ၊ အပြစ်မဲ့ မတရားဖမ်းဆီးခံရတာဖြစ်စေ ကျမတို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။ လူပီသစွာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဘ၀လုံခြုံမှုတွေကို တောင့်တ လိုချင်ကြတာချည်းဖြစ်ပါတယ်။

“လူတစ်ယောက်ထောင်ကျတယ်ဆိုတာ လူအဖြစ်ရပ်တည်ခွင့် အခွင့်အရေးနှင့် ဘ၀တွေ အကြွင်းမဲ့ ပျက်သုဉ်းစေဖို့မှမဟုတ်ပဲ။ သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အတွက် သူ့ရဲ့ လွတ်လပ်မှုတချို့ကို ခေတ္တ ထိန်းသိမ်းပေးလိုက်တာပါ။ သူ့ရဲ့ မွေးရာပါအခွင့်အရေးကို ဖျက်ဆီးစော်ကားခံရဖို့ မဟုတ်ပါဘူး”

ဆက်ရန်...

လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်


30 October 2008
VOA။

နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့
မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ
ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေ
တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါ
တယ်။ လိုအပ်တဲ့အကူအညီကို ဆက်ပြီးမပေးနိုင်ရင် ဘေးဒုက္ခရောက်ရသူတွေ အိုးမဲ့
အိမ်မဲ့ဘ၀ ထပ်ပြီးရောက်မှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ ပြီးခဲ့တဲ့ ၆ လ၊
မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းမှာ လူ ၂၀၀,၀၀၀ လောက်ကို ကူညီ
စောင့်ရှောက်ပေးနိုင်ခဲ့တဲ့အကြောင်း UNHCR က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ခြင်ထောင်တွေ၊ ပလတ်စတစ် အမိုးအကာတွေနဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို
ထောက်ပံ့နိုင်ခဲ့ပေမယ့် ၆ လအတွင်း လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူ
တွေရဲ့ လိုအပ်ချက် ၉၃% ကို UNHCR က ဖြည့်ဆီးပေးနိုင်ခဲ့ပြီး ဘိုကလေးဘက်က
မိသားစု ၈၇% ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့လည်း
ဆိုပါတယ်။

ဒါပေမယ့်လည်း အကူအညီလိုအပ်နေတဲ့သူတွေ အများအပြား ရှိနေဆဲပဲလို့ UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
(Kitty McKinsey) က အခုလို ပြောပါတယ်။

"ဧရာဝတီတိုင်းအတွင်းမှာ အမျိုးသားတွေ အသက်ဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့ မှီခိုမဲ့ အမျိုး
သမီးတွေ၊ မိဘမဲ့ကလေးတွေ အများအပြား ရှိနေဆဲပါ။ သူတို့ကို ဆက်ပြီး ကူညီ
ထောက်ပံ့ပေးဖို့အတွက် အခြေအနေ စိုးရိမ်နေရပါတယ်။ အရေအတွက်အားဖြင့်
ဘယ်လောက်ရှိမယ်လို့ တိတိကျကျ စစ်တမ်းကောက်လို့ မရသေးပေမယ့် ဒီလို ကျန်ခဲ့
တဲ့ ဒုက္ခရာက်နေတဲ့သူတွေအတွက် ရေရှည်ကူနိုင်ဖို့ အရေးကြီးပါတယ်" ဆိုပြီး UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
က ပြောသွားတာပါ။

မိသားစုဖူလုံရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင်
ဒီအမျိုးသမီးနဲ့ ကလေးငယ်တွေ အိုးမဲ့အိမ်မဲ့ဘ၀ ထပ်ပြီး ရောက်သွားနိုင်ပါတယ်။
မတရားသဖြင့် အလုပ်ခံရတာတွေ၊ အဓမ္မအလုပ်ကြမ်း ခိုင်းစေခံရတာတွေနဲ့
ပြည့်တန်ဆာအဖြစ် အသက်မွေးရတဲ့ ဘ၀မျိုးတွေ ရောက်သွားနိုင်တယ်ဆိုပြီး ကစ်တီ
မက်ကင်းဆေးက ပြောပါတယ်။ မုန်တိုင်းဘေးကယ်ဆယ်ရေး အခက်အခဲနဲ့ ပတ်သက်
လို့လည်း …

"ဒီလို အကူအညီပေးရေးမှာ အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ အမေရိကန်
ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီတွေ မရတဲ့ ပြဿနာပါ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
၆ လအကြာမှာ လူတွေက ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဘေးကယ်ဆယ်ရေး လုပ်ငန်း
တွေကို သိပ်ဂရုမစိုက်တော့တာ စိတ်မကောင်းစရာပါပဲ။ ဒေါ်လာ ၁,၂၀၀,၀၀၀ ဆိုတာ
ဒီနေ့ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့ ငွေတွေ ဒေါ်လာ
ထရီလီယံနဲ့ချီ သုံးနေတဲ့အချိန်မှာ မပြောပါလောက်ပါဘူး" လို့လည်း UNHCR ထိုင်းနိုင်ငံ
ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေးက ပြောပါ
တယ်။

မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးရေး ကိစ္စ
တွေကို သိပ်ပြီး အာရုံမစိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြတဲ့တချိန်
တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ
ကလည်း ပြည်တွင်းအလှူရှင်တွေ လျော့နည်းသွားတဲ့အကြောင်းကို မကြာခဏ ပြောဆို
ကြပါတယ်။ အဓိကတော့ လေဘေးကယ်ဆယ်ရေးမှာ ရေရှည်ပေးမယ့် အကူအညီ
မရှိတာလို့ မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ပြောပါ
တယ်။

"အလှူပေးတဲ့အဖွဲ့တွေက ဆက်ပေးတာ မရှိပါဘူး။ ဒီ ကျနော်တို့ မြို့ထဲ ရွာထဲတွေမှာ
ကျနော်တို့ သာမန်ဘုရားပွဲလို၊ ဒီဘက်တွေမှာဆိုရင် ဘာရှိမလဲဆိုတော့ တန်ဆောင်တိုင်
ပွဲမှာ စတုဒီသာ ကြွေးတာမျိုးတွေ ဒါလောက်ပဲရှိတော့တယ်။ အခုနပြောသလို ကျောင်း
အတွက် ပျက်ဆီးသွားတာကို ပြန်ပြီးကူညီဖို့ ရေရှည်ပေးတာတွေတော့ မရှိတော့ဘူး။
တခုတော့ရှိတာပေါ့၊ နီးစပ်တဲ့ အလှူရှင်ရှိရင် ဒီက ရွာသားတယောက် အခြားနေရာမှာ
သွားပြီး ကြီးပွားနေတယ်ဆိုရင် သူက ပြန်လာမယ်၊ အကူအညီပေးမယ်၊ ဒီလိုပေးတာ
မျိုးလောက်ပဲ ရှိတယ်။ သေချာ အစီအစဉ်ချ ကူညီတာ မရှိတော့ဘူး။"

မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက် ပြောပြသွားတာပါ။

မုန်တိုင်းသင့်ပြီး ၆ လအကြာ လူတွေ အသက်ရှင်ရပ်တည်ဖို့၊ ပြန်လည်တည်ဆောက်ဖို့
ကြိုးစားကြတဲ့ အခြေအနေကိုလည်း ဧရာဝတီတိုင်းအတွင်း လေးဘေးကယ်ဆယ်ရေး
လုပ်ကိုင်နေသူက အခုလို ပြောပါတယ်။

"ဒီဘက်မှာ မိုးရွာတယ်၊ လေတိုက်တယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို အမိုးအကာတွေ
ပြန်တပ်ပြီးသွားတယ်ပေါ့နော်။ အိမ်တွေ တဲတွေ ပြန်ပြီး ဆောက်ပြီးသွားတယ်ပေါ့။
စိုက်ပျိုးရေးကိစ္စတွေမှာတော့ လယ်တွေတော်တော်များများ ပြန်မစိုက်နိုင်တာတွေ
ရှိတယ်။ ဥပမာ မျိုးစပါးတွေ ပျက်ဆီးသွားတာမျိုး၊ ကျွဲနွားလည်း ထိခိုက်သွားတာတွေ
ရှိတာပေါ့။ တချို့ ကျနော်သိသလောက် လယ်တွေရဲ့ ၂၅% လောက် မစိုက်နိုင်ကြဘူး။
မိုးတွင်းပိုင်းမှာပေါ့။

"အခု ဒီဘက်မှာတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ တောင်သူတွေ ပြန်ကြိုးစားနေကြ
တယ်။ ကျောင်းတွေ ပျက်ဆီးသွားတဲ့အခါ ကျောင်းတွေ၊ ဇရပ်တွေမှာ ကပ်ပြီး စာသင်
ကြတဲ့ အခြေအနေတော့ ရှိတာပေါ့။ ကလေးတွေ အခြေအနေကလည်း အကူအညီ
တော့ လိုနေတာပဲ။ လူတော်တော်များများ လိုအပ်နေတာက ကလေးတွေရဲ့ ပညာရေး
တင်မကဘူး၊ စားဝတ်နေရေး အတွက်ပါ။ ဒါတွေကို အကူအညီပေးနိုင်ဖို့တော့ လိုအပ်
နေမှာပဲ။"
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လပွတ္တာနဲ့
ဘိုကလေးဘက်မှာ လူ ၁၅,၀၀၀ ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ အကူအညီလိုအပ်
နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းဟာ UNHCR ရဲ့ ပင်မ
တာဝန် မဟုတ်ပေမယ့်လည်း မုန်တိုင်းဘေးကျပြီးပြီးချင်း လေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့လည်း UNHCR က ပြောပါတယ်။

ဆက်ရန်...

Tuesday, October 28, 2008

ကျေးဇူးရှင်


အဖေဖြစ်သူ မီးဖိုချောင်တွင်ထိုင်ပြီး အရက်သောက်နေရာ သမီးဖြစ်သူ ၀င်လာသည်။


`အဖေ.... ပုလင်းအလွတ်တွေ ယူသွားမယ်နော်။ ဒါတွေရောင်းပြီး ဒီညနေအတွက် ဆန်ဝယ်ချင်လို့´
`အေး.. ယူသွား.. ယူသွား... ဟင်း... ငါမရှိရင် မင်းတို့ဘာနဲ့စားကြမလဲ...´

(မောင်ကောင်းထိုက်ဟာသစာအုပ်မှ)

ဆက်ရန်...

နေမင်းလိုလူ



`ကျမယောက်ျားဟာ နေမင်းလိုပဲရှင့်´


`အမယ်.... ရှင်တင်စားတာ ကဗျာဆန်လှချည်လား.. ရှင့်ဘ၀ကို နေမင်းလို ထွန်းလင်းတောက်ပစေတယ်လို့ ဆိုလိုတာပေါ့လေ´
`သြော်.... ည ညကျရင် ပျောက်သွားပြီး မိုးလင်းမှ ပေါ်ပေါ်လာလို့ပါ´

(မောင်ကောင်းထိုက် ဟာသစာအုပ်မှ)

ဆက်ရန်...

တက်စ်လီမာ နက်စ်ရင်းနဲ့ သူမကဗျာ


တက်စ်လီမာ နက်စ်ရင်း(Taslima Nasreen) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးရေးလှုပ်ရှားသူ ကဗျာဆရာမပါ။ သူမဟာ ဆေးပညာကို လေ့လာပြီး ဒက္ကာဆေးရုံက သားဖွားမီးယပ်ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆေးပညာကို လေ့လာသင်ယူနေစဉ်မှာ သူမဟာ အမျိုးသမီးရေးဝါဒရေးရာ ဆောင်းပါးတွေ ရေးသားခဲ့သလို ကဗျာနဲ့ ၀တ္တုတွေကိုလည်း ရေးသားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ အရှက်တရား (Shame) ဆိုတဲ့ စာအုပ်ပါ စကားရပ်တွေက မွတ်စလင်နဲ့ ဟိန္ဒူတွေကြားမှာ တင်းမာမှုတွေ ဖြစ်စေခဲ့တာကြောင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဥရောပပါလီမန်က လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ ဆခါရော့ဗ်ဆုကို အပ်နှင်းခဲ့ပါတယ်။


သူမရဲ့ စကားလုံးတွေကြောင့် ရှေးရိုးစွဲဝါဒီတွေက သေဒဏ်ပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။ နက်စ်ရင်းဟာ ဘင်္ဂလားဒေ့ရှ်ကနေ တိတ်တဆိတ်ထွက်ခွာပြီး ဆွီဒင်နိုင်ငံမှာ ခိုလှုံနေရပါတယ်။ ၂၀၀၄ ခုနှစ်မှ ယူနက်စ်ကိုက အပ်နှင်းတဲ့ သည်းခံစိတ်ရှည်မှုနဲ့ အကြမ်းမဖက်မှုအတွက် အပ်နှင်းတဲ့ မန်ဒါဂျစ်ဆင်း ပညာသင်ဆုကို ရရှိပြီး အမေရိကန်နိုင်ငံမှာ သုတေသနလုပ်နေပါတယ်။

အခု သူမရဲ့ `ဒေါင်ရီ´ဆိုတဲ့ ကဗျာလေးကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ ဒေါင်ရီဆိုတာက တောင်အာရှနိုင်ငံတွေမှာ လက်ထပ်မင်္ဂလာပွဲကျင်းပရင် သတို့သမီးဖက်က သတို့သားကို တင်တောင်းရတဲ့ ငွေကြေးဖြစ်ပါတယ်။ ဒီကဗျာဟာ အမျိုးသမီးရေးဝါဒ၊ အမျိုးသမီးအခွင့်အရေး၊ ဘာသာရေးအယူသည်းမှုတွေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖော်ပြထားတဲ့ အမျိုးသမီးတို့ရဲ့အကြောင်း (All about Women) ဆိုတဲ့ ကဗျာစာအုပ်ထဲက ဖြစ်ပါတယ်။

ဒေါင်ရီ


သမီးငယ်ရဲ့ လက်ထပ်မင်္ဂလာကြေးရရှိဖို့
ဆာမီရမ် မန်ဒဲလ်ဟာ သူရဲ့ လယ်ယာသီးနှံတွေကို ရောင်းချခဲ့တယ်။
ဒါပေမယ့် မလောက်ငပါဘူး။
နောက် အိမ်ကို ရောင်းလိုက်တယ်။
မလောက်သေးပါဘူး။
`ကျန်တဲ့ငွေတွေကို နောက်တော့ပေးပါမယ်´ဆိုတဲ့ ကတိနဲ့
သူဟာ သူ့သမီးကို ယောက်ျားပေးစားလိုက်တယ်။

သတို့သမီးငယ်ဟာ နေ့စဉ် ကျိန်ဆဲခံရတယ်။
ပါးကိုရိုက်တယ်၊ ကန်ကျောက်ခံရတယ်။
နောက် ကြိမ်နဲ့လည်း ရိုက်ခံရတယ်။
သူမ ဥယျာဉ်ထဲက ပန်းပွင်းလေးတွေဟာ ညှိုးနွမ်းကြွေကျခဲ့ပြီး
ဆူးတွေပဲ ပွင့်လာခဲ့ရတယ်။

ဒီလိုနဲ့ တနှစ်ကျော်လာခဲ့တယ်။
`ကျန်တဲ့ ဒေါင်ရီငွေကို ဘာကြောင့် မပေးသေးတာလဲ ဆာမီရမ်´။
`စုထားတဲ့ ငွေပြည့်ခါနီးပါပြီ။ ခဏလေးစောင့်ပါ။ ကျနော့်ကို အချိန်နည်းနည်းပေးပါ´။

ဒါပေမယ့် အချိန်က နှောင်းသွားပြီ။
ဒေါင်ရီငွေနောက်ကျတာကြောင့်
သတို့သားက သတို့သမီးကို ဓားနဲ့ ခုတ်သတ်လိုက်တယ်။
ဆာမီရမ်ဟာ စကားတခွန်းမှ မဟနိုင်ဘူး။
ရှက်ရွံ့ စိတ်နဲ့ ခေါင်းငုံ့နေရတယ်......။

တက်စ်လီမာ နက်စ်ရင်း


(ချိုးလင်းပြာအမျီုးသမီးစာစောင်မှ)

ဆက်ရန်...

အမေ့သားလေး အရှင်ဂမ္ဘီရသို့


သားရှိနေတဲ့ အင်းစိန်ထောင်ကို
အမေတို့ ရောက်လာခဲ့တယ် သားရေ....။
သားကို အမေ သိပ်တွေ့ချင်ပါတယ်။
တွေ့ခွင့်မရခဲ့ဘူးကွယ်။
အမေ ထောင်အုတ်တံတိုင်းကြီးတွေကို ကြည့်ပြီး
သားတို့နဲ့ အမေ့ကို ဒီထောင်အုတ်တ့တိုင်းကြီးတွေက
ခြားထားတာပဲ ဆိုပြီး
အုတ်တံတိုင်းကြီးတွေနဲ့ အမေစကားပြောခဲ့တယ်။


`အမေ့ကို ဘာဖြစ်လို့ အမေ့သားလေးတွေနဲ့ ခြားထားတာလဲ။
သားတွေနဲ့ တွေ့ပါရစေ။ အဝေးကြီးကနေ လာရတာမို့ပါ။
ခဏလေးဖြစ်ဖြစ် တွေ့ပါစေ´ဆိုတော့
သူတို့က ဘာမှ ပြန်မပြောဘူးသားရယ်။

သားရယ်၊ သားအဖေရယ်၊ သားအစ်ကိုကြီးရယ်
အမေနဲ့ နီးနီးလေးမှာ ရှိနေရက်နဲ့
အမေ သားတို့ကို မတွေ့ခဲ့ရဘူး။

အမေလေ အဲဒီအချိန်လေးမှာ
ဒေးဗစ်ကော်ပါဖီး ဖြစ်ချင်တယ်။
သူက မီးရထားကြီးတွေ၊ ကားကြီးတွေတောင်
ဖျောက်နိုင်တယ်ဆိုတော့
ထောင်အုတ်တံတိုင်းကြီးတွေကိုလည်း
ဖျောက်နိုင်မှာပဲနော်။

အမေလေ အဲဒီအချိန်မှာ
စူပါမင်းလည်း ဖြစ်ချင်တယ်။
အမေသာ စူပါမင်းရဲ့ စွမ်းအားတွေ ရမယ်ဆိုရင်ဖြင့်
ထောင်အုတ်တံတိုင်းကြီးတွေကို ကျော်ပြီး
တိတ်တိတ်လေး သားတို့ကို လာပြီးတော့ တွေ့နိုင်မှာ။

အမေလေ သိကြားမင်းကြီးလည်း ဖြစ်ချင်တယ်။
အမေသာ သိကြားမင်းကြီးဖြစ်ခဲ့ရင်
သိကြားမင်းရဲ့ တန်ခိုးက္ကုဒ္ဓိပါဒ်တွေနဲ့
သားတို့ကို လာပြီးတွေ့မယ်။
ပြီးတော့ ကယ်ထုတ်မယ်လေ။

အခုတော့ အမေဟာ
ဒေးဗစ်ကော်ပါဖီးလည်း မဟုတ်..
စူပါမင်းလည်း မဟုတ်...
သိကြားမင်းကြီးလည်း မဟုတ်တဲ့အတွက်
အမေ သားတို့ကို တွေ့ချင်ရက်နဲ့ မတွေ့နိုင်ခဲ့ဘူး။
ထောင်အုတ်တံတိုင်းကြီးတွေကို ကြည့်ပြီး
အမေ ငိုခဲ့ရပါတယ်။

သားရယ်၊ သားအစ်ကိုကြီးရယ်၊ သားအဖေရယ်ကို
အမေ တွေ့ချင်လွန်းလို့ လာခဲ့ရပေမယ့်
သားတို့မျက်နှာလေးတွေကို အမေ မမြင်ခဲ့ရဘဲ
ပြန်ခဲ့ရပါတယ် သားရယ်။
ထောင်အုတ်တံတိုင်းကြီးတွေကို ပြောခဲ့သေးတယ်။
`နောက်တခါ ကျမလာရင်တော့
ကျမသားလေးတွေကို ကျမ တွေ့ပါရစေနော်၊
အခုတော့ ကျမ ပြန်လိုက်ပါဦးမယ်´......။

စက်တင်ဘာရွှေဝါရောင်တွေလှန်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသော အရှင်ဂမ္ဘီရအတွက် မိခင် ဒေါ်ရေးမှ ရေးဖွဲ့ထားသော ကဗျာဖြစ်ပါသည်။ ကဗျာကို ဒီဗွီဘီ အင်တာနက်စာမျက်နှာမှ ပြန်လည်ဖော်ပြထားပါသည်။

ဆက်ရန်...

အာဏာရှင်မှောင်ရိပ်၌ မြန်မာအမျိုးသမီးများ ကျားမခွဲခြားဆက်ဆံမှုဆိုးရွားစွာခံနေရ



ပီတာအောင်/ ၂၈ အောက်တိုဘာ ၂၀၀၈

အာဏာရှင်စနစ်ကြီးစိုးသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် ကျားမခွဲခြားဆက်ဆံမှုကို အစီစဉ်တကျ ကျူးလွန်ဖောက်ဖျက်ခံနေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က အစီရင်ခံစာ ယမန်နေ့က ထုတ်ပြန်ကာ ထုတ်ဖော်ပြောကြားသည်။


‘အာဏာရှင်ကြီးစိုးမှုမှောင်ရိပ်’ ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာ၌ အမျိုးသမီးနှင့် မိန်းခလေးငယ်များ လူကုန်ကူးခံနေရမှု၊ ပညာရေးတွင် သမီးမိန်းခလေး၏ ပညာရေးကို သားယောက်ကျားလေး၏ ပညာရေး လောက်ဦးစားပေးမခံရမှု ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုးဝါးသဖြင့် အမျိုးသမီး(၁၂)ဦးတွင် (၁) ဦး ကိုယ်ဝန် ဆောင်နေစဉ် သေဆုံးနေရမှုနှင့် ကျေးလက်နှင့်တိုင်းရင်းသားဒေသများ၌ နအဖ စစ်တပ်၏ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းချက်များနှင့် တကွ တင်ပြ ထားသည်။


ထို့ပြင် အာဏာရှင်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေမှုကြောင့် မြန်မာ့လူမှုအသိုင်းအ၀န်း၌ အမျိုးသား များလွှမ်းမိုးနေပြီး စစ်တပ်သည် မြို့တိုင်း၊ ရွာတိုင်း၊ အုပ်ချုပ်ရေးအဆင့်တိုင်း၊ အသင်းအဖွဲ့တိုင်းကိုပါ ထိန်းချုပ်ထားကြောင်း လတ်တလော ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေသည်လည်း ကျား၊မတန်း တူရေးကိုအာမခံချက် မပေးရုံသာမက အမျိုးသားများကြီးစိုးသည့် စစ်တပ်ကို လွှတ်တော်အရပ်ရပ်တွင် လေးပုံတပုံချုပ်ကိုင်ရန် သတ်မှတ်ထားသည်ဟုလည်း ဝေဖန်ထောက်ပြထားသည်။

မြန်မာနိုင်ငံ၌ရှိနေသည့် ရှေးရိုးစွဲ ပုံစံခွက်ဓလေ့ထုံးတမ်းများကြောင့် မြန်မာအမျိုးသမီးများမှာ နဂိုကတည်းက နှိပ်ချခွဲခြားဆက်ဆံခံနေကြရရာမှ စစ်အာဏာရှင်စနစ်ကြောင့် ပို၍ ခွဲခြားနှိပ်ချဆက်ဆံခံနေရသည်ဟု WLB အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကပြောသည်။

၎င်းက “ အမျိုးသမီးတွေ ကိုခွဲခြားဆက်ဆံမှုကရှေးရိုးစွဲကမ္ဘာကြီးမှာရှိခဲ့တယ်။ အဲဒါတွေကိုပယ်ဖျက်ဖို့ နိုင်ငံ တကာသဘောတူစာချုပ်တွေမှာ ပြောထားတယ်။ ဒါပေမယ့် လက်တွေ့စစ်အာဏာရှင်ရဲ့အောက်မှာ ဒီဟာ ပယ် ဖျက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် ကြီးစိုးနေသရွေ့တော့ ကျား၊ မတန်းတူရေး ဆိုတာ ကိုဘယ်လိုမှမျှော်လင့်လို့မရနိုင်ပါဘူး။ စစ်တပ်အာဏာပိုင်တွေကနေချိုးဖောက်တဲ့ အမျိုးသမီးတွေပေါ်အကြမ်း ဖက်မှုတွေကို အရေးယူလို့မရဘူးပါဘူး။ မရတဲ့အခါ ခွဲခြားဆက်ဆံခံရမှုတွေပိုပြီးတော့ ဖြစ်လာပါတယ် ”ဟု ပြောသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးနိုင်ငံတကာသဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထား၍ စာချုပ်ပါကတိများအတိုင်း မြန်မာစစ်အစိုးရက ဆောင်ရွက်ခြင်း မရှိ ကြောင်း သုံးသပ်တင်ပြချက်များကို လာမည့် နိုဝင်ဘာ (၃)ရက် ဂျနီဗာ၌ ကျင်းပမည့် (၄၂)ကြိမ်မြောက် စီဒေါ ကော်မတီ အစည်းအဝေးသို့ တင်ပြသွားမည်ဟု WLB ကဆက်လက်ပြောကြားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ကရင်၊ကရင်နီ၊ရှမ်း၊ကချင်၊ရခိုင်၊ဗမာ၊ထားဝယ်၊ပအိုဝ့်၊ပလောင်၊ လားဟူ၊ ကူကီး စသည့် တိုင်းရင်းသား အမျိုး သမီးအဖွဲ့ (၁၂)ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံတွင်အခြေစိုက်သည်။

(ခေတ်ပြိုင်)

ဆက်ရန်...

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP