ပန်းတပွင့်ရဲ့ အံတုမှု
မိန်းမတယောက်မှာရှိတဲ့ လက်နှစ်ဖက်
ဘ၀ရဲ့ အဓိက အနှစ်သာရကို
မြဲမြံတင်းကြပ်စွာ
ဆုပ်ကိုင်ထားဖို့ဖြစ်တယ်။
သူမရဲ့ ခေါက်တုံ့ခေါက်ပြန်ပြေးနေတဲ့
အကြောအချဉ်တွေဟာ
ခန္ဓာကိုယ်ရဲ့ အဓိကတာဝန်ကို ယူတယ်။
နှစ်ဖက်လှ ပိုးထည်စတွေကိုပဲ
အာသာငမ်းငမ်း မက်မောနေဖို့ မဟုတ်ဘူး။
မိန်းမတယောက်မှာရှိတဲ့ ခြေထောက်နှစ်ချောင်း
ရည်မှန်းချက်ရှိရာ
လှေကားထစ်တွေပေါ် တက်လှမ်းဖို့ဖြစ်တယ်။
အခိုင်အမာ ခြေစုံမတ်မတ် ရပ်ဖို့ဖြစ်တယ်။
တခြားသူကို မှီထားဖို့မဟုတ်ဘူး။
မိန်းမတယောက်မှာရှိတဲ့ မျက်လုံးများ
ဘ၀သစ်ကို ရှာဖွေဖို့ဖြစ်တယ်။
ကမ္ဘာကြီးထဲ
ဝေးဝေးနဲ့ ကျယ်ကျယ်ကြည့်ဖို့ဖြစ်တယ်။
ယောက်ျားတွေကို
ဖြားယောာင်းဖို့၊ မြူဆွယ်ဖို့ မဟုတ်ဘူး။
မိန်းမတယောက်မှာရှိတဲ့ နှလုံးသား
မပြောင်းမလဲ အမြဲတောက်ပ၀ံ့ကြွား
ခွန်အားဟူသမျှ သိုမှီးထား
ပြီးပြည့်စုံတဲ့လူသား။
မိန်းမတယောက်ရဲ့ဘဝ
အမှားအယွင်းတွေကို
အကြောင်းအကျိုးနဲ့ ချေဖျက်
လွတ်လပ်တဲ့ လူပုဂ္ဂိုလ်ရဲ့ တန်ဖိုးဆိုတာ
တခြားသူတွေကို တဏှာရာဂ တိုက်ကျွေးဖို့မဟုတ်ဘူး။
ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေရှိတယ်။
ပန်းပွင့်ရုံသက်သက်နဲ့
ချစ်ကြိုက်ပိုးပန်းမယ့်သူကို
စောင့်မျှော်ရုံသက်သက်မဟုတ်ဘူး။
ဒါပေမယ့်
ကမ္ဘာမြေဖွံ့ဖြိုးရေး
ပန်းတွေပွင့်စေရေး
ရင်းနှီးမှုဟူသမျှ
ကြိုဆိုကြရမှာပဲ ဖြစ်ပေတယ်......
(ချီရာန် ပစ်ပရီချား)
ထိုင်းကဗျာဆရာမ ချီရာနန် ပစ်ပရီချား
ထိုင်းအမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူဖြစ်ပါတယ်။ အမျိုးသမီးရေးဆိုင်ရာ ရှေ့ နေတဦးလည်း ဖြစ်ပါတယ်။ ၁၉၅၅-ခု၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရွန်ပြည်နယ်မျာ မွေးဖွားခဲ့ပြီး အသက် (၁၃) နှစ်မှာ ကဗျာတွေ စတင်ရေးခဲ့ပါတယ်၊
ကြီးပြင်းတဲ့အခါ ဘန်ကောက်မြို့ ၊ `ချူလာလောင်ကွန်းတက္ကသိုလ်´မှာ သိပ္ပံကျောင်းသူတဦးအဖြစ် ကျောင်းတက်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၇၃-ခု၊ အောက်တိုဘာ (၁၄) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းမှာ တက်ကြွတဲ့ ကျောင်းသူတဦးအဖြစ်၊ ကျောင်းသားထုရဲ့ အရေးပါတဲ့ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၇၆-ခု၊ အောက်တိုဘာလ၊ နိုင်ငံရေး ဗရုတ်ဗရက်ကာလအတွင်း တောတွင်းတနေရာကို ရှောင်တိမ်းခဲ့ရပါတယ်။ ၁၉၇၈-၁၉၇၉-ခု၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးမှ ၁၉၈၁-ခု၊ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်နိုင်ငံ `ကော်နဲတက္ကသိုလ်´မှာ သမိုင်းဘာသာဘွဲ့ ရဖို့ ကျောင်းဆက်တက်ပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာပြီးတဲ့နောက်ပိုင်း ကဗျာတွေရေးရင်း ဒေါက်တာဘွဲ့ ရဖို့ ကျမ်းပြုစုခဲ့ပါတယ်။
၁၉၈၉-ခုနှစ်မှာ `ပျောက်ဆုံးနေတဲ့သစ်ရွက်´ ကဗျာစာအုပ်နဲ့ အရှေ့ တောင်အာရှ စာပေဆုရခဲ့ပါတယ်။ ထိုင်းကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ `ဆက်စန် ပရာဆပ်ကူ´နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။
အခု ချီရာနန် ပစ်ပရီချားရဲ့ (The Defiance of A Flower) ကဗျာကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။
ကဗျာဆရာမ `ချီရာနန် ပစ်ပရီချား´ ဟာ `ပန်းတပွင့်ရဲ့ အံတုမှု´ ကဗျာကို ထိုင်းဘာသာနဲ့ပဲ ရေးခဲ့တာပါ။ ဒါကို `ဆူချစ်ဘင်ယိုယင်း´ က အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး ဒီအင်္ဂလိပ်ဘာသာပြန်ကိုမှ ထပ်ဆင့်ပြီး မြန်မာဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။ ဒီကဗျာဟာ `ထိုင်းက္ကုတ္တိဝါဒ ကြေညာစာတမ်း´တခုအဖြစ် တင်စားပြောဆိုခြင်း ခံခဲ့ရတဲ့ ကဗျာလည်းဖြစ်ပါတယ်။
ငြိမ်းဝေ
ကိုးကား။ ။ Thai Short Stories and Poems
(၂၀၀၇ စက်တင်ဘာလထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ)