Monday, October 20, 2008

ကေအန်ယူ (KNU) လည်း ရှေ့ ခြေတလှမ်းတိုးလာပြီ


ကေအန်ယူရဲ့ ပထမဆုံး အမျိုးသမီးအထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်

နှစ်ပေါင်း ၆၀ နီးပါးကြာသည့်တိုင် ကရင့်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ပြုလုပ်ခဲ့သော အောက်တိုဘာလ ၁၈ ရက်နေ့ ၁၄ ကြိမ်မြောက် ညီလာခံကြီးမှနေ၍ ပထမဆုံး အမျိုးသမီးအထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွေးချယ်ခဲ့သည်။

ထိုရွေးချယ်မှုသည် သာမန်အားဖြင့် မထူးခြားသည့်အသွင်ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဖခင်ကြီးစိုးသည့် ဓလေ့ထုံးတမ်းများအောက်တွင် ရောက်နေသော နိုင်ငံအတွက်တော့ ထူးခြားသည့် အလားအလာကောင်းသည့် အခြေအနေတရပ်ပင်ဖြစ်သည်။ အထူးသဖြင့် နှစ် ၆၀ တိုင် ရှည်ကြာလှသော ကေအန်ယူ၏ တော်လှန်းရေး သက်တမ်းတလျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦး အထွေထွေအတွင်းရေးမှူးဖြစ်လာခြင်းသည် အနာဂါတ် ငြိမ်းချမ်း၍ တန်းတူညီမျှသော လူ့ အဖွဲ့ အစည်းတရပ် တည်ဆောက်ရန်အတွက် မင်္ဂလာရှိသော ခြေလှမ်းတရပ်ပင်ဖြစ်သည်။


အမှန်တကယ်အားဖြင့် အခြေခံကျကျ ပြောမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံကို နမူနာကြည့်ခြင်းအားဖြင့် ခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီးပါတိုင်း အမျိုးသမီးအခွင့် အရေးကို အာမခံချက်ပေးနိုင်ရန်၊ အမျိုးသမီးအသံကို ကိုယ်စားပြုရန်နှင့် ကျားမတန်းတူရေးကို ရှေ့ ရှုရန် ဦးဆောင်နိုင်ခြင်း မရှိကြောင်းတွေ့ နိုင်ပေသည်။ ဦးဆောင်မှုပိုင်းတွင်ပါဝင်သော အမျိုးသမီးသည် အမျိုးသမီးရေးနိုးကြားသူဖြစ်မှသာ အမျိုးသမီးထုကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။

ယခု ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည့် နော်စီဖိုးရာစိန်မှာ နိုင်ငံရေးတက်ကြွသော အမျိုးသမီးခေါင်းဆောင်တဦးလည်းဖြစ်သည်မှာ သူမ၏ လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် အထင်အရှား တွေ့ မြင်နိုင်သည်။

နော်စီဖိုးရာစိန်သည် ယခုလက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဖြစ်သည့် ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်သည်။ သူမသည် ယခင်က ကရင်တော်လှန်ရေးနယ်မြေတွင် ကျောင်းဆရာမတဦးဖြစ်ပြီး ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံးကို ဖွဲ့ စည်းရာတွင် ပါဝင်ခဲ့ပြီး ထိုအဖွဲ့ တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် ကရင်အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ တွင်လည်း ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

ထို့ပြင် နယ်စပ်အမျိုးသမီးအဖွဲ့  ၁၂ ဖွဲ့ ဖြင့် ပါဝင်ဖွဲ့ စည်းထားသော အမျိုးသမီးများအဖွဲ့ ချုပ် (မြန်မာနိုင်ငံ) ၏ လုပ်ငန်းများတွင်လည်း ကရင်အမျိုးသမီးအစည်းအရုံးကိုယ်စားလှယ်အဖြစ်တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူလည်း ဖြစ်သည်။

သူမ၏ အမျိုးသမီးရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အမေရိကန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းတခုဖြစ်သည့် The United Nations Association of the National Capital Area (UNANCA) အဖွဲ့မှ အမျိုးသမီးအခွင့်အရေး လှုပ်ရှားခဲ့သူ အမေရိကန်စာရေးဆရာမ ပါဒီတာဟူစ်တန်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် UNANCA အဖွဲ့မှ ၂၀၀၂ ခုနှစ်မှစ၍ ပေးအပ်လာခဲ့သည့် ပါဒီတာဟူစ်တန် လူ့အခွင့်အရေးဆုကို ၂၀၀၇ ခုနှစ်တွင် သူမအား ချီးမြှင့်ခဲ့သည်။

ထို့ကြောင့် သူမကဲ့သို့ အမျိုးသမီးရေးကို ရှေ့ တန်းမှ စွမ်းစွမ်းတမံ လှုပ်ရှားနေသည့် အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတဦးမှ ကရင်တမျိုးသားလုံး၏ လွတ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားအစည်းအရုံးတွင် အဓိကတာဝန်ဖြစ်သည့် အထွေထွေအတွင်းရေးမှူးနေရာကို ရွေးချယ်ခံရခြင်းသည် လူ့ အဖွဲ့ အစည်းအတွက် အရေးကြီးလှသည့် အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူရေး အခြေခံသဘောတရားများကို ကရင့်တော်လှန်ရေးကြီးအတွင်းသို့ သူမအနေဖြင့် သယ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

သူမ ကေအန်ယူ၏ အထွေအထွေအတွင်းရေးမှူးဖြစ်လာခြင်းမှာ ကေအန်ယူ၏ မင်္ဂလာရှိသော အနာဂါတ်ခြေလှမ်းသစ်တရပ်ဖြစ်သလို အမျိုးသမီးလှုပ်ရှားမှုတိုက်ပွဲ၏ အောင်မြင်မှုတရပ်လည်း ဖြစ်ပါသည်။

စာမူဖိတ်ခေါ်ခြင်း

ချိုးလင်းပြာ အမျိုးသမီးစာစောင်အတွက် အမျိုးသမီးရေးနှင့် သက်ဆိုင်သော ဆောင်းပါး၊ ၀တ္တုတို၊ ကဗျာ၊ သတင်းတို့ကို ချိုးလင်းပြာသို့ ပေးပို့နိုင်ပါသည်။ အမျိုးသမီးရေးနှင့် သက် ဆိုင်သည့် အပြုသဘောဆောင်သော မည်သည့်ဝေဖန် ချက်၊ သုံးသပ်ချက်၊ အကြံပြုချက်ကိုမဆို ကြိုဆိုပါသည်။

တောင်းပန်ခြင်း

ဤစာမျက်နှာ (သို့) စာစောင်သည် အခမဲ့ဖြန့်ဝေသော စာစောင်ဖြစ်သည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အချို့အသုံးပြုထားသော ဆောင်းပါး၊ သတင်းနှင့် ဓာတ် ပုံများကို ကြိုတင်ခွင့်ပြုချက်မတောင်းနိုင်ပဲ အသုံးပြု ခြင်းအပေါ် မူရင်းဖန်တီးရှင်များနှင့် စာဖတ်ပရိသတ်များ အနေဖြင့် နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP